သာယာတဲ့နှိုးစက်သံနဲ့အတူ မွေးရပ်မြေနှင့်ဝေးကွာလှသော ရေခြားမြေခြားမှ မိမိတာဝန်ကျရာ တနေ့တာ လုပ်ငန်းခွင်ကိုအစပြုဖို့ ပျော်ရွှင်ခြင်းယန္တရားဆီခေါ်ဆောင်လာတဲ့ နေ့သစ်လေးကို အပြုံးတွေနဲ့ ကြိုဆိုလိုက်ပါတယ်။ မျက်လုံးနှစ်ဖက်နဲ့စိတ်အာရုံကို တညတာ အနားပေးပြီးသကာလ အဦးဆုံး နေ့စဉ်အလုပ်တခုလို လုပ်ဖြစ်နေတဲ့အရာ တခုကိုပြောပါဆိုရင် အိမ်ယာထဲကမထွက်ခင် Laptopလေးကိုဖွင့်ပြီး ကျွန်မအကောင့်လေးကို Passwordအမြန် ရိုက်လို့ mailစစ်မိတဲ့ လုပ်ရိုးလုပ်စဉ်အလုပ်တခုလို့ ဆိုရမှာပါ။ အကောင့်ပွင့်သွားပြီဆိုရင်ပဲ တွေ့ပါပြီ။ ဘယ်တော့မှ ရိုးမသွားတော့တဲ့ အကောင့်အမည်လေး အင်္ဂလိပ်အက္ခရာ လေးတွေကြားမှာ 85ဆိုတဲ့ဂဏန်းလေးက သူ့ မွေးသက္ကရာဇ်ကို ကိုယ်စားပြုထားတယ်လို့ တခါပြောခဲ့ဖူးပါတယ်။
သူပို့ထားတဲ့mailလေးမှာ ဘာတွေပါလာမယ်ဆိုတာ အကြမ်းဖျင်းသိနေပေမဲ့ အလျင်စလိုဖွင့်ကြည့်လိုက်မိပါတယ်။ နေ့စဉ်တွေ့နေကြဆိုပေသည့် မောင့်ဦးနှောက်ထဲ၊ နှလုံးသားထဲက ပံ့ပိုးသင်ကြားပေးတဲ့ စကားလုံးလေးတွေမို့ ကျွန်မအတွက် စကားလုံးတိုင်း၊ စာကြောင်းတိုင်း အမြဲဆန်းသစ် ရင်ခုန်စေပြန်ပါတယ်။ နောက်ဆုံးစာကြောင်းလေးမှာ အမြဲသုံးလေ့ရှိတဲ့ မှတ်မှတ်ရရစာလုံးလေးတွေကလည်း ချစ်စရာကောင်းလိုက်ပုံများ။ မောင့်အချစ်တွေနဲ့ပျော်ရွှင်နိုင် ပါစေတဲ့လား မောင်ရယ်။ Download fileလေးကိုအလုပ်ပေးရင်း ခုချိန်ဆို မောင်တယောက်ဘာတွေများ လုပ်နေပါ့မလဲလို့ တွေးပြီး တမြေစီခြားနေတဲ့ ကျွန်မတို့ရဲ့ဘ၀တွေကို တခဏတာ လွမ်းဆွတ်မိပါသေးတယ်။ ထားပါလေ။ အဓိကက ကျွန်မတို့နှစ်ယောက်ချစ်မြဲတမ်း ချစ်နေကြဖို့ပဲမဟုတ်လား။ downloadလုပ်ထားတဲ့ Viedo fileလေးကိုဖွင့်ကြည့်တဲ့အခါ။ Morningပါ ချစ်ရေ… သာယာတဲ့နေ့လေး ဖြစ်ပါစေနော်…. စတဲ့စကားလုံးလေးတွေကို ချစ်ခြင်းတွေအပြည့်အ၀မြင်နေရတဲ့ မျက်ဝန်းအစုံရယ်။ ကျွန်မချစ်တဲ့ နှုတ်ခမ်းသေးသေးလေးတွေမှာ အပြုံးလေးတွေပုံဖော်ရင်း ပြောနေတဲ့စကားသံလေးရယ်က ကျွန်မရဲ့ တနေ့တာအတွက် အင်အားတွေ ဖြစ်လို့။ မောင့်ရုပ်သွင်၊ မောင့်စကားသံတွေကို ဆုံးခန်းတိုင်အောင် မျက်တောင်မခတ်ကြည့်ပြီးတဲ့အခါ ကျွန်မရင်ထဲမှာ ဘယ်တုန်းကမှမရခဲ့ဖူးတဲ့ ပျော်ရွှင်မှုတခုကအတိုင်းသား။
အရာရာကိုအလိုက်တသိ လူကြီးတယောက်လိုဆုံးမသွန်သင်ခြင်းတွေနဲ့ ကျွန်မကိုကလေးတယောက်လိုပူပန်တတ်တဲ့ မောင့်ကိုတနေ့အခြားအချစ်တွေပိုလာခဲ့မိတဲ့အချက်က အပြစ်ဖြစ်ခဲ့ရင်လည်း ကျေကျေနပ်နပ်သာခံယူလိုက် ချင်ပါတယ် မောင်ရယ်။ မောင်ခဏခဏပြောဖူးတဲ့ပုံပြင်တပုဒ်လို ရှေးရှေးတုန်းကလူတယောက်မှာ ခေါင်းနှစ်လုံး၊ လက်လေးချောင်း၊ ခြေလေးချောင်း ပါလာကြတယ်ဆိုတာ ကျွန်မတော့ ယုံသွားပြီမောင်ရေ။ ကမ္ဘာတဖက်စီကို လူတယောက်ရဲ့ခန္ဓာကိုယ်ကို ခွဲချလိုက်တဲ့အတွက် ကျွန်မရဲ့မှန်ကန်တဲ့ ခန္ဓာကိုယ်တခြမ်းက မောင်ဆိုတာလည်း တကယ်ကိုဟုတ်နေပြီထင်တယ်နော်။
ကျွန်မတို့နှစ်ယောက်ရဲ့ စိတ်တွေကအံ့သြစရာ ကောင်းလောက်အောင်ထပ်တူကျသလို ကျွန်မမျက်နှာကိုVZOမှာ နေ့စဉ်တွေ့ရရုံနဲ့ ရင်ထဲက ခံစားချက်တွေကို အတိအကျဖတ်နိုင်တဲ့မောင့်ကို ချီးကျူးမိပြန်ပါတယ်။ ကျွန်မရဲ့ လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်း ပေးတဲ့အပြင် အသေးအဖွဲလေးကအစ အစစအရာရာစိုးရိမ်ပူပန်ပြီး လအနည်းငယ်သာငယ်တဲ့ကျွန်မကို ကလေးတယောက်လို အလျော့ပေးတတ်တဲ့၊ ကျွန်မလျှောက်နေတဲ့ လမ်းခရီးမှာလည်း လိုအပ်သလို အကြံဥာဏ်တွေအမြဲပေးတတ်တဲ့ ကျွန်မရဲ့အတိုင်ပင်ခံ မောင့်ကို ဘ၀တလျှောက်လုံးအတွက် ယုံကြည်မိပြန်တယ်။ တယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်း ကိုယ့်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ကျေကျေနပ်နပ် ဖွင့်ချထားပြီးသားတွေ ဆိုပေမဲ့တခါတခါတော့ ကျွန်မနဲ့မောင်မတန်ဘူးလို့တောင် ထင်မိပြီးမောင့်ကို သနားလာမိတယ်။ ပြစ်ချက်တွေ၊ နာကျင်မှုတွေ၊ နောက်ဆက်တွဲသံယောဇဉ်တွေရှိတဲ့ ကျွန်မလိုကလေးတယောက် အမေကိုမှ မောင့်ဖူးစာရေးနတ်က ဘာလို့မြင်ခွင့်ပေးလိုက်ပါလိမ့်နော်။
မိဘတွေရဲ့ အရိပ်အာဝါသအောက်မှာ နေနေ ရတဲ့ ကျွန်မကိုအသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုပေးခဲ့တုန်းက အချစ်ဆိုတာကို ဘုမသိဘမသိတဲ့အချိန် လူကြီးမိဘစကားမို့ မလွန်ဆန်နိုင်စွာ စီစဉ်ပေးတဲ့ ဇာတ်ညွှန်းအတိုင်း ခေါင်းညိမ့်လက်ခံခဲ့ပြီးမှ သိပ်ကြောက်စရာကောင်းတဲ့ ကံကြမ္မာက ကျွန်မခင်ပွန်းဆိုသူကို လူ့ပြည်လူ့လောက ကနေဆွဲခေါ်သွားတယ်လေ။ ခုလည်းကြည့်ပါအုံး အပြင်မှာမမြင်ဖူး၊ မတွေ့ဖူးပေမဲ့ နေ့စဉ်VZOထဲကနေ စကားတွေပြောရင်း သံယောဇဉ်တွေအထပ်ထပ်တိုးလို့ ဒီခရီးအထိရောက်ခဲ့ ကြတာမဟုတ်လား။ ကျွန်မဘက်က မဖြစ်နိုင်ဘူးအတန်တန်ငြင်းပေမဲ့ မောင့်ရဲ့ကြင်နာမှုနဲ့ နွေးထွေးတဲ့မေတ္တာတွေက အကောင်းဆုံးသက်သေပြချက်တွေ အဖြစ် ရင်ထဲကအချစ်စစ်ကို တဖြည်းဖြည်းရုပ်လုံးပေါ်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပြီမောင်။ ကျွန်မရဲ့ဘ၀အပြင် ပတ်သက်လာတဲ့ ကလေးငယ်အတွက်ပါ ခေါင်းစားလို့ တာဝန်အပြည့်အ၀ယူချင်တဲ့ စိတ်ဓါတ်ကို လေးစားမြတ်နိုး တန်ဖိုးထားမိရပြန်တယ်။
တနေ့ထက်တနေ့တိုးလာတဲ့ ချစ်ခြင်းမေတ္တာတွေမှာ စိတ်ကောက်ခြင်း၊ ငြူစူခြင်းတွေမရှိပဲ ကျွန်မတို့နှစ်ယောက် ရဲ့ နှစ်ပတ်လည်တွေဆီ အရောက်သွားနေတဲ့ နေ့ရက်တိုင်းပျော်ရွှင်ခြင်းတွေ အတိနဲ့ ပြည့်စုံသာယာခဲ့တယ်ဆိုတာ မောင်နဲ့ကျွန်မပဲသိတဲ့ မှတ်ကျောက်တခုလိုပါပဲ။ တနေ့မတွေ့ရမနေနိုင် ဖုန်းလည်းမနားရ၊ ကွန်ပြူတာလည်းမနားရပဲ တွေ့ခွင့်၊ ပြောဆိုခွင့်တွေရှိနေသည့်တိုင် ဆုံခွင့်ကိုတော့ရချင်သေးတယ်မောင်။ မောင်အခါခါပြောခဲ့သလို မဝေးတော့ တဲ့တနေ့မှာ မောင်တို့မိသားစုလေးပြန်လည်ဆုံဆည်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ် ချစ်ရေ… မောင့်တို့အတူနေ နိုင်ကြဖို့ (၄)နှစ်ဆိုတဲ့အချိန်ကာလအတိုင်းအတာက တဖြေးဖြေးနီးလာပြီနော်…လို့ ဆိုတတ်တဲ့၊ ကျွန်မနဲ့ ပတ်သက်ရင် အမြဲအမှတ်တရနေ့ရက်တွေကိုမမေ့လျော့တတ်တဲ့၊ ကျွန်မနဲ့ ကျွန်မသွေးသားလေးအတွက်ဆို အမြဲ ပူပန်ပေးတတ်တဲ့၊ ရယ်စရာဟာသတွေပြောတတ်တဲ့၊ အိပ်ရာဝင်ပုံပြင်တွေနဲ့ချော့သိပ်တတ်တဲ့ မောင့်ကိုလေ အဦးဆုံးနေရာမဟုတ်ပေမဲ့ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အဦးဆုံးသော ရင်တွင်းအချစ်စစ်စစ်တွေနဲ့အတူ မပြောင်းလဲသော သစ္စာများဖြင့် ချစ်နေပါရစေမောင်။ မဝေးတော့တဲ့ ကျွန်မတို့နီးစပ်မဲ့နေ့ တနေ့ကိုမှန်းမျှော်ရင်း ပျော်ရွှင်သောနေ့ရက် လေးတွေဖြတ်သန်းဖို့ ခုတော့ခဏတာအဝေးကနေချစ်နေကြစို့နော်။ ကောင်းကင်ပြာနဲ့ တိမ်မျှင်တန်းလေး တွေတောင် တွေ့ဆုံခွင့်ရှိနေကြသေးတာပဲ။ သိပ်ချစ်ကြတဲ့ ကျွန်မနဲ့မောင်ဆိုတာကလည်း တနေ့နေ့တော့……..
(ကျွန်မချစ်တဲ့ ကျွန်မကိုချစ်တဲ့သူငယ်ချင်းတယောက်ပေးလာတဲ့ ဖြစ်ရပ်မှန်လေးတခုကို ပုံဖော်ရေးသားခဲ့ခြင်းပါ….
ဘယ်သူဘယ်ဝါဆိုတာ မသိပေမဲ့ ကိုယ့်ဘ၀အဖြစ်မှန်ကို ၀န်ခံတတ်တဲ့ ကောင်မလေးနဲ့၊ အချစ်စစ်နဲ့ အကောင်းဆုံး ချစ်ခြင်းတွေအပြည့်အ၀ရှိနေတဲ့ကောင်လေး၊ ဒီနှစ်ယောက်ကိုအမြန်ဆုံးနီးစပ်စေဖို့ ဆုတောင်းပေးနေမိပါတယ်ရှင်)