(၁)
“ဒီလောကထဲ ၀င်ပြီးသွားရင် အသေထွက်ပဲရှိတာ မင်းသိသားနဲ့ကွာ၊ ဆရာကြီး စကားကို ယုံမနေစမ်းနဲ့ ဇင်မင်း”
အစီအစဉ်မရှိ သူ့သူငယ်ချင်း လှအောင်ရဲ့ စကားက နားထဲဝင်လာတယ်။ လက်ထဲမှာလည်း ချွေးစေးတွေ ပြန်လာပြီ။ ဒီကို သူတစ်ယောက်လာရလို့ ထင်ပါရဲ့။ သူ့ကိုယ်သူ ပြန်အားတင်းကြည့်တယ်။ မရဘူး။
သူ့စိတ်ကို ငြိမ်အောင် အသက်၀၀ရှူပစ်တယ်။ ဒီတစ်ခါလုပ်ဆောင်ခြင်းဟာ သူ့အတွက် နောက်ဆုံးပဲ။ ဆရာကြီးလည်း ဒီလို ကတိပေးထားတာပဲ။ ဆရာကြီးကို သူယုံတယ်။
“မင်း ငါတို့အဖွဲ့က ထွက်ချင်တယ်ဆိုရင် ဒီပစ္စည်းကိုတော့ နောက်ဆုံးအဖြစ်ပို့ပေးပေါ့ကွာ၊ ဒါပြီးရင် မင်းထွက်ချင်လည်း ထွက်”
ဒီလို ဆရာကြီး ပြောခဲ့တယ်။ သူ့ကို အဖော်တော့ ထည့်မပေးလိုက်ပါဘူး။ ဒီတစ်ခါ ပစ္စည်းက အရေးကြီးတာမို့ သိုသိုသိပ်သိပ် လုပ်ရမယ်လို့ ဆရာကြီးကတော့ သတိပေးထားတာပဲ။ အဲ့ဒါကြောင့်ပဲ သူ့ကို တစ်ကိုယ်တည်း လှုပ်ရှားခိုင်းတာ နေမယ်။
လက်ထဲက နာရီကို ကြည့်လိုက်တော့ ည(၈)နာရီကို ညွှန်ပြနေတယ်။ ရောက်နေတဲ့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်တော့ ခြံပျက်ကြီးတစ်ခုဆိုတာ သတိထားမိရဲ့။ သူက အဖွဲ့တစ်ဖွဲ့လာရင် ဓာတ်မီးနဲ့ (၃)ချက် ဖွင့်လိုက်ပိတ်လိုက် လုပ်ရမယ်ဆိုတာ သိထားတယ်။ သူ မှောင်ရိပ်ထဲမှာ ငြိမ်နေလိုက်တယ်။
သိပ်မကြာပါဘူး။ ရှေ့တစ်ပြလောက်က ခြေသံတွေ သူ ကြားရတယ်။ ဒါနဲ့ လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်ပိတ်လိုက် (၃)ကြိမ်တိတိ လှမ်းပြလိုက်တယ်။
သူလည်း လှမ်းပြရော သူ့ဆီကို ရှေ့ကခြေသံတွေ ပုံမှန်ထက် ပိုမြန်လာတယ်။ သူလည်း အခြေအနေ မဟန်ဘူးဆိုတာ သိလိုက်ရဲ့။ ဒါ အန္တရာယ်တစ်ခုခုလို့ သူ့အသိစိတ်က အချက်ပေးနေပြီ။ သူ လည်း ဓာတ်မီးကို အမှောင်ချပြီး ပြေးတော့တာပဲ။
သူလည်း ပြေးရော နောက်က ဓာတ်မီးအလင်းရောင်တွေက သူ့ဆီကို ၀ိုင်းချိန်ကြတယ်။ နောက်က သေနတ်နဲ့ လှမ်းပစ်သံတွေ ထွက်လာတယ်။ သူ ၀ပ်ချလိုက်တယ်။
ဒီအတိုင်း ရမ်းပြေးလို့ မရတော့ဘူးဆိုတာ သူတွေးလိုက်မိတယ်။ ဒါနဲ့ တတ်နိုင်သမျှ အကာအကွယ်ယူပြီ ပြေးတယ်။ အဓိကကတော့ နရံဘက်ကို ကပ်ပြေးဖြစ်တာပဲ။ ကျည်ဆံတွေကတော့ သူ့ဘေးနားကနေ ပလူပျံနေကြတယ်။ သူပြေးတယ်။ နောက်ကလည်း မနားတမ်း လိုက်လာကြတယ်။
သူ ခြံရှေ့ကိုရောက်ခါနီးပြီ။ အဲ့ဒီနေရာက ကွင်းပြင်ကြီးထီးထီးဆိုတော့ သူ့အတွက်တော့ မလွယ်ဘူး။ ဒါပေမယ့် သူ့စွန့်စားရမယ်။ အားကို သူ့ကိုယ်ထဲထည့်လိုက်တယ်။
ဒီနောက်တော့ သူ မနားတမ်း ခြံပြင်ရောက်အောင် ပြေးတော့တာပဲ။ ပြေးနေတုန်း သူလက်မောင်းက တစ်ချက် ပူတက်သွားသေးတယ်။ သူ သိတယ်။ တစ်ဘက်က ပစ်လိုက်တဲ့ ကျည်ဆံတစ်ချက်ကတော့ သူ့ကို ထိသွားပြီ။
လက်မောင်းဆိုတော့ တော်သေးတာပေါ့လို့ သူ့စိတ်က ဖြေတွေးလိုက်တယ်။ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ လမ်းမကြီးဘက်ရောက်အောင် ပြေးဖို့တော့ မလွယ်ဘူး။ တော်တော်ဝေးနေသေးတယ်။ ဒါကြောင့်ပဲ သူ အကာအကွယ်တစ်ခုခု ရှာနေပြီး ပုန်းနေမှဖြစ်မယ်လို့ တွက်လိုက်တယ်။
ပြေးရင်း ဟိုရှေ့ဘက် မနီးမဝေးမှာ တောအုပ်လိုမျိုး ရှုပ်ယှက်ခတ်နေတဲ့ အပိုင်းကို မြင်ရတော့ သူ ၀မ်းသာသွားတယ်။ သူ့ နောက်ဘက်က ကျည်ဆံတွေတော့ သိပ်မပစ်ကြတော့ဘူး။ ရမ်းပစ်တာမို့ ကျည်ကုန်တယ်ထင်လို့ ဖြစ်မယ်။ ကြည့်ရတာ သူ့ကို လူအုပ်နဲ့ အပိုင်ဖမ်းပြီး အသေစော်ကြမယ့်ပုံပဲ။
(၂)
သူ လက်မောင်းက ဖိထားရင် ရှေ့ကို သွက်သွက်လှမ်းတယ်။ ဘယ်ဘက်ထိတားတဲ့ လက်မောင်းက တဆစ်ဆစ်နဲ့ မခံမရပ်နိုင်အောင် ကိုက်နေတယ်။ သူ အံကြိတ်ထားလိုက်တယ်။
ရှေ့က လှမ်းမြင်ရတဲ့ တောအုပ်လို ဥယျာဉ်ပိုင်းကို သူရောက်သွားတယ်။ သူပျော်သွားတယ်။ ဒီတစ်ညတော့ နေရာကောင်းကောင်းမှာ ခိုအောင်းနိုင်ပြီလို့ တွက်လိုက်တယ်။
သူရောက်တော့ အဲ့ဒီနေရာက သစ်ပင်တွေ ရှုပ်ယှက်ခတ်နေတယ်။ ဒါကပဲ သူ့အတွက် တစ်ပိုင်းသာသွားတယ် ထင်ရဲ့။ သူက ငယ်ငယ်တည်းက အပင်တက်ကျွမ်းတာ ခုအသုံးဝင်နေပြီ။ ဒါနဲ့ ရှေ့က သစ်ပင်မြင့်မြင့်ပေါ်မှာ တစ်ညတာအတွက် ခိုအောင်းရမယ်လို့ တွေးလိုက်တယ်။ အဓိကကတော့ သူ့ ဒဏ်ရာက သွေးတွေထွက်နေတာပဲ။ ဒါကို အရင် ရှင်းရမယ်။ နောက်မို့ဆို နောက်က လိုက်သူတွေ ခြေရာခံမိသွားနိုင်တယ်။
သူ ၀တ်ထားတဲ့ ဖျဉ်အကျီင်္ကို ဖြဲပြီး လက်မောင်းပေါ်က ဒဏ်ရာကို ကျပ်ကျပ်ပတ်လိုက်တယ်။ နာတဲ့ဒဏ်ကို ကြိတ်မှိတ်ခံလိုက်တယ်။ ပြီတော့မှ သစ်ပင်ကို သူမြန်မြန် တက်နေလိုက်တော့တယ်။
တစ်အောင့်ကြာတော့ သူ့နောက်က လိုက်သူတွေ သစ်ပင်အောက်ကို ရောက်လာတယ်။ ပြီးတော့ ထွက်သွားကြတယ်။ နာရီဝက်လောက်ကြာတော့ သူ့တို့ရှာမတွေ့တာ စိတ်လျော့သွားပြီထင်ပါရဲ့။ သစ်ပင်အောက်ကို ပြန်ပြီးရောက်လာကြတယ်။ နောက်တော့ လာလမ်းအတိုင်း သူတို့အဖွဲ့ ပြန်ထွက်သွားကြတယ်။
သူလည်း (၁၅)မိနစ်လောက် စောင့်ကြည့်သေးတယ်။ ဘာသံမှ မကြားတော့မှ ဖြည်းဖြည်းချင်း ဆင်းလာတယ်။ သူလွယ်ထားတဲ့ အိတ်ထဲက ဆရာကြီး လဲခိုင်းတဲ့ပစ္စည်းကို ပျောက်သွားသေးလား စမ်းကြည့်လိုက်တယ်။ တော်သေးတယ်။ ရှိနေသေးလို့။
ဆရာကြီး ဘာတွေ ထည့်ပေးလိုက်လဲဆိုတာ သိချင်စိတ်နဲ့ သူ အိတ်ထဲက ပစ္စည်းတွေကို သွန်ချကြည့်မိတယ်။ စက္ကူနဲ့ အထပ်ထပ်ပတ်ထားတဲ့ အလေးချိန်စီးစီ အရာကို သူမြင်လိုက်ရတယ်။ ဒါနဲ့ သူဖွင့်ကြည့်လိုတယ်။ လားလား သူတော်တော် အံသြသင့်သွားတယ်။
လက်စသတ်တော့ စက္ကူအထပ်ထပ်နဲ့ ပတ်ထားတာက တန်ဖိုးမရှိတဲ့ အုတ်နီခဲကြီးကိုး။ သူ ၀မ်းနည်းသွားတယ်။ ဆရာကြီးကို သူ ပုံပြီး ယုံမိခဲ့တာကိုး။
ဆရာကြီးက သူ့အဖွဲ့က ထွက်မယ်ဆိုလို့ သူ့ကို အသေသတ်ခိုင်းခဲ့တာပဲ။ အရေးကြီးတဲ့ ပစ္စည်းဆိုတာလည်း သူ့ကို ယုံအောင် ညာတာ။ ဆရာကြီး သူ့ကို ထောင်ချောက်ဆင်ပြီး အသေလုပ်ကြံခိုင်းတာဆိုတာ ဘွင်းဘွင်းကြီး ပေါ်လာပါတော့တယ်။
“တောက်... ကြည့်နေ၊ မိုက်ရိုင်းလိုက်တဲ့ ခင်ဗျားကြီးကို ကျုပ် အခု သေအောင် သတ်ပြမယ်”
သူ ကြွေးကြော်လိုက်တယ်။ သူ့စိတ်က မီးတောက်ပြင်းပြင်း ဒေါသတွေနဲ့အတူ ဆရာကြီးရှိရာဆီ ခြေလှမ်းတွေ ဦးတည်နေပါတော့တယ်။
(၃)
“ခင်ဗျားကြီး ကျုပ်ကို မကောင်းကြံတယ်၊ ခု ခင်ဗျားအလှည့်ကျမှ ဘာ..ကြောက်နေတယ် ဟုတ်လား၊ ရယ်ရတယ်၊ ဟားဟား”
ဆရာကြီးက သူ့ကိုဒူးထောက်ပြီး တာင်းပန်နေတယ်။ သူ့ ဒေါသက တောင်းပန်ခြင်းတွေကို လျစ်လျူရှူလိုက်ပြီ။ လက်မောင်းပေါ်က ဝေဒနာက ဆရာကြီးကို အမြန်သတ်ပစ်ဖို့ စကားပြောနေကြတယ်။ ဒါနဲ့ ဆရာကြီးရဲ့ ဗိုက်ထဲကို သူယူလာတဲ့ ဓားနဲ့ လက်စတုံးပစ်လိုက်တယ်။
“အား........”
ဆရာကြီးရဲ့ အော်မြည်သံကြီးက ငရဲကို သွားတဲ့အသံနဲ့တူရဲ့။ သူလည်း ပင်ပန်းပြီး စိတ်လျော့လိုက်လို့ ထင်ရဲ့။ ဦးနှောက်က မိုက်ခနဲဖြစ်ပြီး သတိလစ်သွားတယ်။ သူဘာမှ မသိတော့ဘူး။
(၄)
“မောင်... ခင့်မှာ ကိုယ်ဝန်ရှိနေပြီ၊ မောင် အရင်အလုပ်တွေ မလုပ်ဘဲ ခင့်ဘေးနားမှာပဲ ရှိနေချင်တယ်၊ မောင် ဒီတစ်ခါ ထောင်ကျရင် ခင့်မှာ မပေါ့မပါးနဲ့ မလွယ်ဘူး မောင်၊ ခင်တို့ ကောင်းရောင်းကောင်းဝယ် လုပ်စားလည်း တစ်ဝမ်းတစ်ခါးတော့ ပူစရာမရှိပါဘူး မောင်ရယ်”
“အေးပါကွာ၊ မောင်လည်း ဆရာကြီးဆီကနေ ဒီနေ့ပဲ အလုပ်ထွက်ဖို့ ပြောမယ်၊ ခင် ကျေနပ်တော့၊ ဟုတ်ပြီလား”
သူ့မိန်းမ ပြောတာလည်း ဟုတ်ပါတယ်။ သူလည်း ဒီအလုပ်ကို မလုပ်ချင်တော့ဘူး။ ဒီအလုပ်ကြောင့် ထောင် လည်း ခဏခဏ ကျဖူးတယ်။ ဒီကြားထဲ အခု သူ့မိန်းမကလည်း ဘိုက်ကြီးနဲ့။ မွေးလာမယ့် သူ့မျိုးဆက်ကို သူ့အမည်းရောင်တွေနဲ့ အစွန်းအထင် မခံစေချင်ဘူး။ သူ ဒီအရောင် အမှောင်တွေထဲက ရုန်းထွက်ဖို့ ကြိုးစားရမယ်။ သူ စိတ်က ခံယူချက်ပြင်းပြင်းနဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။
“ငါ ဒီအမှောင်တွေထဲက ရုန်းထွက်နိုင်ရမယ်”
“ငါ ဒီအမှောင်တွေထဲက ရုန်းထွက်နိုင်ရမယ်”
“ငါ ဒီအမှောင်တွေထဲက ရုန်းထွက်နိုင်ရမယ်”
မနက်ခင်းတစ်ခုမှာပေါ့။ ဆေးရုံပေါ်ရှိ ထောင်အကျဉ်းသား လူနာတစ်ယောက်ရဲ့ ကယောင်ကတမ်း အော်ဟစ်သံကို ဆရာဝန်ကြီးနဲ့ အကူသူနာပြုနှစ်ယောက်က ဂရုဏာသက်စွာ ကြည့်နေကြတယ်။ သူတို့စိတ်ထဲမှာ တူညီစွာတွေးနေကြတာက....။ ။
ခင်မင်လေးစားစွာဖြင့်
စေပိုင်ထွဋ်(ပုသိမ်)