မောင်သစ်မင်း နှင့် ညီညီသွင်
သူ ရုတ်တရက် ထွက်ခွာသွားတော့မှ သူ့အကြောင်းကို ကျွန်တော်တို့ ပိုပြောဖြစ်ကြသလိုပဲ။ စိတ်ထိခိုက်စွာ ပြောဖြစ်တယ်။ နှမြောတသစွာ ပြောဖြစ်တယ်။ လွမ်းမောကြေကွဲစွာ ပြောဖြစ်တယ်။ “ဝေးသွားတဲ့အခါ” ဒီလိုဖြစ်ရတာ သဘာဝပဲလား။ ထွက်ခွာသွားသူ ကတော့ငြိမ်းအေးစွာ ထွက်ခွာသွားပေမယ့် ကျန်ရစ်ခဲ့ကြသူ တွေကတော့ ခံစား၍ကျန်ရစ်ခဲ့ကြရပြီ။ ညီညီသွင်က စိတ်မထိန်းနိုင်လို့ သူ့ဈာပနကို လိုက်မပို့ဖြစ်။ သူတို့နှစ်ယောက်က အတော့်ကို ရင်းရင်းနှီးနှီး နေခဲ့ကြသူတွေ ။ စားအတူ၊ အိပ်အတူ၊ ပေဖော်ပေဖက် တေဖော် တေဖက်တွေ။ ညီညီသွင်ရဲ့  လှုပ်ရှားနေတဲ့စိတ်တွေ ပြေရာပြေကြောင်း ညီညီသွင်ဆီရောက်အောင်သွားပြီး စကားစမြည်ပြောကြတယ်။ အဲဒီလိုပြောကြတော့လည်း သူ့အကြောင်းတွေ ပါလာရပြန်ရော။ ပြည်လည်သတိရစရာတွေ ချည်းပါလား ။
ညီညီသွင်က ထူးအိမ်သင်နဲ့ စတင်တွေ့ ဆုံပုံကို ဒီလိုစပြောပြတယ်။ “ အဲဒီ ၁၉၈၆ ခုနှစ်လောက်ကပါပဲ၊ မေစတူဒီယိုမှာ ကျွန်တော်တို့တီးဝိုင်း အသံသွင်း တဲ့နေ့တစ်နေ့ပေါ့၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့သူက မော်လမြိုင်ကဆိုတော့သူနဲ့ရင်းနှီးတယ်၊ အဲဒီ အဆက်အသွယ်နဲ့ ကျွန်တော့်ကိုတွေ့ဖို့ မေစတူဒီယိုကို ရောက်လာတာပေါ့။ မော်လမြိုင်က သီချင်းတွေရေးတဲ့ ကျော်မြင့်လွင်အဖြစ် ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ သူရေးထားတဲ့ သီချင်းတွေပြချင်တယ်လို့ပြောတော့ ရတယ် ပြပေါ့။ ဒီလိုပဲသီချင်းတွေလာလာပြကြတဲ့သူ ဘူး။ ခဏတော့စောင့်နိုင်ရင် စောင့်ပေးပါ။ အသံသွင်းနေတဲ့သီချင်းက တီးလက်စဖြစ်နေ လို့ကိစ္စပြတ်အောင် ဆက်လုပ်လိုက်ပါရစေဦးဆိုပြီး သူ့ကို မေစတူဒီယိုက Canteen မှာ ထားခဲ့ပြီး စတူဒီယိုထဲပြန်ဝင်အလုပ်လုပ်ရင်း အလုပ်ထဲနစ်သွားလိုက်တာ ကျွန်တော် သူ့ကိုမေ့သွားပါလေ ရော။ ဘယ်လောက်ကြာသွားတယ်မသိဘူး။
စတူဒီယိုတံခါးကိုတွန်းဖွင့်ပြီး အပြင်ကိုထွက်လိုက်တော့ ညဖြစ်နေပြီ။ သူ့ကို Canteen ထဲမှာ ထိုင်လျက်သားတွေ့ရတော့ ကျွန်တော် အတော့်ကိုအားနာသွားတယ်။ အဲဒါနဲ့သူ့ကိုတောင်းပန်ပြီးသီချင်းဆိုပြဖို့  ဂစ်တာ ယူပေးတယ်။ သူကတော့ အေးအေးဆေးဆေးပဲ။ ဂစ်တာတီးပြီး သူရေးထားတဲ့ သီချင်း တစ်ပုဒ်ကို စ ဆိုပြတယ်။ အဲဒီသီချင်းက နောင်တစ်ချိန်မှာကျော်ကြားလာမယ့် “နာရီပေါ်ကမျက်ရည်စက်များ” သီချင်းပေါ့။ သူဆိုပြတာကို နားထောင်နေရင်းက သူ့ ကို အထင်ကြီးတဲ့စိတ်၊ လေးစားတဲ့စိတ် တွေ ကျွန်တော့်ရင်ထဲမှာ တမုဟုတ်ချင်းဖြစ်လာနေတယ်။ သူဟာ သူလိုကိုယ်လို သာမာန် သီချင်းရေးဆရာတစ်ယောက်မဟုတ်ဘူးဆိုတာ ချက်ချင်းပဲ သိလိုက်တယ်။
နောက်တစ်ပုဒ် ထပ်ဆိုပြလိုက်တဲ့အခါမှာတော့ ကျွန်တော် တော့်ကို ဖျားသွားရတယ်။ အဲဒီသီချင်းက “ဝေးသွားတဲ့အခါ” လေ။ Swing Jass ပုံစံသီချင်းပေါ့။ Counter Point တွေနဲ့ရေးထားတာ။ အဲဒီသီချင်းပုံစံမျိုး ကျွန်တော်တို့စတီဒီယိုသီချင်းတွေထဲမှာ ဒါပထမဆုံး ကြားဖူးတာပဲ။ ညီညီသွင်က မမောတမ်းတောက်လျှောက်ပြောပြတယ်။ သူ့မျက်လုံးတွေကရီဝေေ၀ နဲ့ အတိတ်ဆီစိတ်ရောက်နေမှန်း ကျွန်တော်နားလည်လိုက်ပါတယ်။ အဲဒီတုန်းက သူ့အပြု အမူအတွက် ထူးအိမ်သင်ကို အခုထိအားနာနေတာ သူ့မျက်နှာပေါ်မှာတွေ့ရတယ်။
“အဲဒီထူးအိမ်သင်ဖြစ်လာမယ့်ကျော် မြင့်လွင်ဟာ သူ့အတွက် ပညာဝမ်းစာတွေပြည့် အောင်ဖြည့်ပြီးမှ ဒီလောကထဲ တိုးဝင်လာတာပဲ” လို့ ကျွန်တော်က ပြောလိုက်တော့ ညီညီသွင်က အဲဒီအဆိုကိုထောက်ခံတယ်။ “စာသားတွေ၊ စာသားထဲမှာပါတဲ့ အတွေးအခေါ်တွေ ကလည်း အဆင့်မြင့်တယ်။ တေးသွားဖွဲ့စည်းပုံတွေ၊ ကော့ဒ်အယူအဆတွေကလည်း အဲဒီတုန်းကကြားနေကျပုံစံမျိုးမဟုတ်ဘဲ နောက်ထပ်ဟန်အသစ်တစ်ခုပါလာတယ် ကိုသစ်ရဲ့ ”
“ဟုတ်တယ်၊ ငါတို့စတီဒီယိုဂီတလမ်းကြောင်းမှာ ကိုယ်ပိုင်သံစဉ်ဂီတရဲ့  နောက်ထပ် အပြောင်းအလဲတစ်ခုဆီကို ရွေ့ လျားတိုးတက်ခဲ့ရတာ ထူးအိမ်သင်သီချင်းတွေရဲ့  သြဇာ သက်ရောက်မှုကြီးမားခဲ့တာကြောင့် ဆိုတာ ငြင်းကွယ်လို့မရနိုင်ပါဘူး။ သူဟာ ကိုယ်ပိုင် သံစဉ်ဖြစ်စဉ်ရဲ့  အရေးပါတဲ့မှတ်တိုင်တစ်တိုင်ကို အသေအချာစိုက်ထူနိုင်ခဲ့သူအဖြစ် ငါတို့မှတ်တမ်းတင်ရမှာပဲ”
“ကိုသစ်ပြောတာအမှန်ပဲ၊ ကျွန်တော်တို့ ဂီတလောကမှာ ကိုယ်တိုင်ရေး ကိုယ်တိုင် ဆိုတွေပေါ်ထွက်ခဲ့တာနည်းခဲ့ပြီးအဲဒီအနည်းအကျဉ်းထဲမှာပဲ သူဟာတကယ်ထူးချွန်ထက်မြက် တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့တယ်”
“ဟုတ်တယ် ညီညီသွင်ရေ၊ အဲဒါကြောင့် သူ့ကိုဆုံးရှုံးရတာ ကြီးကျယ်တဲ့ ဆုံးရှုံးမူ၊ အစားထိုးမရတဲ့ဆုံးရှုံးမှုတစ်ခုလို့ ငါဆိုချင်ပါတယ်” ညီညီသွင်က ငေးငေးမောမောနဲ့ သက်ပြင်းချတယ်။ သူတို့နှစ်ယောက် လက်ပွန်း တတီးနေခဲ့တဲ့အချိန်တွေသူတွေးနေပုံရတယ်။ သူ့မှာအမှတ်ရစရာတွေပိုများနေတော့မယ်။
“အဲဒီမှာစတွေ့ပြီးကတည်းက ကျွန်တော်တို့နှစ်ယောက်ဟာ သူငယ်ချင်းတွေလိုဖြစ် သွားကြတယ်။ သူ့ရဲ့  ပထမဆုံးအယ်လ်ဘမ် “နာရီပေါ်ကမျက်ရည်စက်များ” ဖြစ်မြောက် ရေးကို ကျွန်တော်အတတ်နိုင်ဆုံးဝိုင်းကူပေးတယ်။ အဲဒီ အယ်လ်ဘမ်မှာ ကျွန်တော်ဟာမိုနီ ဆိုပေးခဲ့တာပေါ့။ အဲဒီမှာလည်း သူ့ရဲ့ အရည်အချင်းကိုထပ်တွေ့ရတယ်။
“ဘာများလဲ ညီညီသွင်
“ဟာမိုနီဆိုဖို့ တစ်ယောက်ချင်းအတွက် သူ့အပိုင်းနဲ့သူဖြစ်ဖို့သူကိုယ်တိုင်နုတ်စ်တွေ ခွဲပြီး ရေးပေးတယ်။ သပ်သပ်ရပ်ရပ် တိတိကျကျရှိဖို့နဲ့ အသံထွက်ကောင်းဖို့ ဂရုတစိုက် မကောင်းမချင်း သူ့စိတ်ကြိုက်မရမချင်း ပြန်ပြန်ဆိုခိုင်းတယ်။ သူဟာ အသံစီမံခန့်ခွဲမှုပညာ (Vocal Arrangement)ကိုပါ တော်တော်ထဲထဲဝင်ဝင် လေ့လာထားတာတွေ့ရတယ်။ ဥပမာ “ဝေးသွားတဲ့အခါ”သီချင်းအတွက် ဟာမိုနီခွဲပုံတွေဟာ ပညာသားပါလှတာ ကိုသစ်အသိပဲ”
“ဟုတ်တယ်၊ အနုပညာပါရမီ အားကောင်းသူတွေဟာ ဆေးစက်ကျရာ အရုပ်ထင် တတ်တယ်။ သူကပါရမီတင်မကဘူး၊ စူးစိုက်အားထုတ်မှုမှာပါ အားကောင်းခဲ့တယ်။ သီချင်း ကောင်း တစ်ပုဒ်ရလာဖို့ အချိန်ကို တန်ဖိုးရှိရှိအသုံးချပြီး စိတ်ရှည်လက်ရှည် စောင့်ယူတတ် တယ်၊ အဲဒါ အတုယူစရာတစ်ခုပဲ”
“သီချင်းကောင်းတစ်ပုဒ်ရဖို့ စိတ်ရှည်လက်ရှည် စောင့်ရတယ်လို့ ကိုသစ်ပြောလို့ သူနဲ့ပတ်သက်တဲ့ ကျွန်တော့်ကိုယ်တွေ့ တစ်ခု ထပ်ပြောပြဦးမယ်၊ ကျွန်တော်ရယ်၊ သူရယ်၊ ကလိုမှူးရယ်သုံးယောက် အိုအေစစ်စတူဒီယိုမှာ တစ်ယောက်တစ်နေရာစီ နေရာယူပြီးတစ်ည လုံးသီချင်းရေးကြတယ်။ မနက်မိုးလင်းရင် ကိုယ်ရေးတဲ့သီချင်း ကိုယ်ဆိုပြကြေးဆိုပြီးတော့ ၊ ကလိုမှူးက ညဉ့်ဝက်လောက်မှာပဲသူရေးတဲ့သီချင်းပြီးသွားလို့ ဆိုပြပြီးအိပ်သွားရော။ ကျွန်တော် တစ်ညလုံးရေးတာ မိုးစင်စင်လင်းတော့ သီချင်းတစ်ပုဒ် အချောပြီးသွားတယ်။ အဲဒီအချိန်မှာ ထူးအိမ်သင်က စာသားတစ်ကြောင်းတည်းပဲပြီးသေးတယ်။ သံစဉ်ကတော့အချောပြီးသွားတယ်။
သံစဉ်က အရင်ကတည်းကတည်ထားပြီးသားကို အခုညမှအချောရသွားတာလို့ ပြောတယ်။ တစ်ကြောင်းတည်းပြီးတဲ့သူ့စာသားကိုကျွန်တော်ဖတ်ကြည့်လိုက်တယ်၊ “ကွယ်လွန်ပြီးသောအိပ်မက်များ” တဲ့။
“တစ်လလုံးလုံး အိုအေစစ်စတူဒီယိုမှာအဲဒီသီချင်းရဲ့ စာသားကိုတကုတ်ကုတ်ဆက် ရေးနေတော့တယ်။ တစ်နေ့ပြီးတစ်နေ့ ရေးလိုက်ပြင်လိုက်၊ ရေးလိုက်ပြင်လိုက်နဲ့ စိတ်ရှည် လက်ရှည်စူးစူးစိုက်စိုက်ပဲ၊ အိုအေစစ်စတူဒီယို Canteen ထဲက ခုံတန်းလေးပေါ်မှာ သီချင်း ရေးတဲ့စာအုပ်ကို ခေါင်းခုပြီးအိပ်မောကျနေတာတွေ့ရတယ်။ သူ့စိတ်ထဲမှာ အဲဒီသီချင်းပဲရှိပုံရတယ်၊ ဒီသီချင်း မပြီးမချင်းမာန်မချတဲ့သဘောပဲ။ သီချင်းပြီးသွားတဲ့နေ့မှာ အဲဒီသီချင်း ကို သူဆိုပြတာကျွန်တော်နားထောင်ရတယ်။ ကြက်သီးတဖျန်းဖျန်းထရပါတယ်။ သီချင်း က “ရာဇ၀င်များရဲ့ သူတို့သမီးပေါ့”
ညီညီသွင်က သီချင်းနာမည်ကိုပြောလိုက်တဲ့အချိန်မှာ ကျွန်တော့်နားထဲ ထိုသီချင်း ကိုကြားယောင်လာပါတော့တယ်။
ကွယ်လွန်ပြီးသော အိပ်မက်များ~~~~
ထာဝစဉ် လဲလျောင်းအိပ်စက်ရာ~~~~
အမြို့ မြို့ အရွာရွာကိုဖြတ်ပြီး မြန်မာပြည်ရဲ့ အလျားလိုက်အတိုင်းစီးဆင်းလာတဲ့ ဧရာ ၀တီမြစ်ကြီးကို ကျွန်တော့်မျက်စိထဲမြင်လာပါတယ်။ ဧရာဝတီမြစ်ကြီး တငြိမ့်ငြိမ့်စီးဆင်းနေတာကို မြင်ရတိုင်းကိုလည်း ကျွန်တော့်စိတ်မှာ နိုင်ငံချစ်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတတ်တယ်။ အမျိုးကို ချစ်တဲ့စိတ်တွေ ရင်ထဲမှာ ဒီရေတတ်သလို တက်လာတတ်တယ်။ ငါတို့ရဲ့ မိခင်ဟာ ဧရာဝတီပါပဲ။ ငါတို့ရဲ့ ဝိညာဉ်ဟာ ဧရာဝတီပါပဲလို့ ဟစ်အော်ချင်လာတယ်။ မျက်စိထဲမှာရုပ်ရှင်ပိတ်ကားတစ်ချပ်ကို ကြည့်နေ ရသလို ပုံရိပ်တွေလှုပ်ရှားပေါ်ပေါက်လာတယ်။
နိုင်ငံချစ်စိတ်နဲ့ ကျူးကျော်သူတွေကို တွန်းလှန်ရတဲ့စစ်ပွဲတွေ၊ ခုခံကာကွယ်ရတဲ့ စစ်ပွဲတွေနဲ့အတူ သမိုင်းရဲ့ တောက်ပခဲ့တဲ့နေ့ရက်များ…။ ကျွန်တော် ရုတ်တရက်သတိဝင်လာတယ်။ သီချင်းထဲ မျောပါသွားတဲ့စိတ်ကို ပြန် စုစည်းလိုက်တယ်။ ထူးအိမ်သင် ဘယ်လောက်ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ ကျွန်တော် နားလည်တယ်။ ဘယ်လောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီသီချင်းရလာဖို့ ဒီသီချင်းရလိုက်ဖို့။
ညီညီသွင်ရော၊ ကျွန်တော်ရော အပြင်ဘက်ကိုငေးကြည့်နေမိကြတယ်။ ထူးအိမ်သင် ကိုမတွေ့နိုင်တော့ဘူးဆိုတာ ကျွန်တော်တို့နှစ်ယောက်စလုံး သိကြပါတယ်။ ဒါဖြင့် ကျွန်တော် တို့ ဘာကိုကြည့်နေကြတာလဲ။ အပြင်မှာ မိုးတွေတဖွဲဖွဲရွာနေတယ်။ အမှောင်ထုဟာ တဖြည်းဖြည်းချင်း သိပ်သည်းလာ နေတယ်။
ဧရာဝတီက အိပ်မက်များကို ထုဆစ်နေဆဲ။
ထူးအိမ်သင်က ဝေးရာသို့ ထွက်ခွာသွားပြီလေ။
ကျွန်တော်တို့ကား ကျန်ရစ်ခဲ့သူတွေပါတကား။
မောင်သစ်မင်း နှင့် ညီညီသွင်
ဗြူတီမဂ္ဂဇင်း ၊ သြဂုတ်လ ၊ ၂၀၀၄