“ရာစုသစ်ကို ဂ ငယ်ကွေ့ ကွေ့ကြည့်ခြင်း”
မြို့ပြ နဲ့ သားရဲတွင်း လည်း ပုဝါပါးတောင် မခြားတော့ဘူး…
တောမပြောင်းတဲ့ ခြေရာခပ်ကြီးကြီး ကျားတွေများပြီး
စားချင်တာတွေ စားကုန်ကြပြီ ….
ပြောတော့ “တစ်ဂူထဲ ခြင်္သေ့ နှစ်ကောင် မအောင်းဘူး” တဲ့ …
ဒါဆိုရင် ….
ခြင်္သေ့တွေပဲ လက်ဝါးချင်းရိုက်ပြီး စည်းလုံးသွားတာလား …
ဂူကြီးကပဲ အပေးအကမ်းရက်ရောနေတာလား ….
တောင်ပို့လို့ အထင်မှားအောင် ဖွတ် တစ်ကောင်ပဲ လွှတ်ပေးလိုက်ရတော့မှာလား …
ဟော … တံခါးတွေ ဖွင့်လိုက်ပြီတဲ့ …
ပုတ်သင်ဥ ဖော်ဖို့ ညောင်မြစ်လှန်မယ့် သူတွေချည်းပဲ လာပြီး လက်ဆွဲနှုတ်ဆက်ကြတယ် ….
ကြည့်ပါလား …
ရာသီဥတု ကိုက အစစ်ဆေးခံ ရတဲ့ ဂုဏ်ပြုတပ်ဖွဲ့ ရဲ့ သိမ်ငယ်ခြင်းမျိုးနဲ့ …
အရေးအကြောင်း ဆို …
ဖယောင်းတိုင်ပဲ မီးညှိထား ရတော့မှာလိုလို …
ဂါထာတွေရွတ်ပြီး လွန်ပဲဆွဲ ရတော့မှာလိုလို …
ဝမ်းတစ်ထွာကို တစ်ခါပဲ လျော့ဖြည့်ရတော့မှာလိုလို ….
ဟိုလိုလို … ဒီလိုလို …
ဘာပဲ လိုနေ လိုနေ … သူတို့ နေလိုသလောက် မျက်နှာလွှဲကောင်းတုံး ….
မီးခိုးငွေ့တွေ လိမ်းပြီး ခဲတွေပစ်ကောင်းတုံး ….
အမှီကောင်း ထားပြီး ကျီ အကြီးကြီး တွေနဲ့ ၀ါးနေကြတုံး …..
လွတ်လပ်ခြင်း အရိပ်တွေ ခြုံပြီ .. လွှမ်းမိုးမှုသီအိုရီတွေ ရေးနေကြတုံး ….
အခုက …
“ရေလာမြောင်းပေး” မဟုတ်တော့ဘူး ….
ရေရှိရာ ဆည်ထားမယ့် ခေတ် …
ပိုတာ မပိုတာ အသာထား … အလျှံစာရင်းပြမယ့် ခေတ် ….
ဒွေးတော်ကို ခေါ်ပြီး အမေတော်မယ့် ခေတ် ……
ခေတ် … ခေတ် … ခေတ် ….
ဒီလိုဆိုတော့ …
ခေတ်ရဲ့လက်တံဆိုတာ ရင်ထဲက လှိုင်းသံကို ပုတ်ခတ်ချဖို့လား …
ခေတ်ရဲ့လက်တံဆိုတာ ဆင့်ကဲဖြစ်စဉ်တွေ ရဲ့ တန်ပြန်မှုကို တားဆီးဖို့လား …
ခေတ်ရဲ့လက်တံဆိုတာ ရေနှောက်ပြီး အစာထွက်ရှာတဲ့ ငါးကြီးတွေရဲ့ လျှာဖျားအောက်မှာပဲလား …
ခေတ်ရဲ့လက်တံဆိုတာ အပယ်ခံ နိုင်ငံသားတစ်ဦးရဲ့ အပ်တစ်ထောက်စာ လား …..
ခေတ်ရဲ့ လက်တံဆိုတာ အတိတ်မှာ နစ်မြုပ်သွားတဲ့ အနာဂတ်ဇာတ်ကွက် အချို့ပေပဲလား ….
ကဲ အဲ့ဒါ …
ဂေါ်တယ် ပြောရမှာလား .. ဂွမ်းတယ်လို့ သုံးရမှာလား ….
ဂရုမစိုက်တာတွေ များလာတော့ ဂဃနဏ ပြောရဖို့တောင် ဂယောက်ဂယက် …
ဂလိုင် ခေါက်ဖို့ကလည်း အဆံ တွေ ပျောက်ခဲ့ပြီးပြီ …
ဘက်ပြန်မလာမှာ သိလျှက်နဲ့ တစ်ခုလောက်တော့ ထပ် မေးပါရစေ …
မဏ္ဍိုင်တွေ ခိုင်မြဲဖို့ …. ဘာတွေ ထပ်ပြီး ယိုင်လဲ ပေးနေရဦးမှာလဲ ……..
မောင်ကောင်း
၅ . ၃ . ၂၀၁၃
မနက် ၁ နာရီ တိတိ