သင်းကွဲငှက်ဆိုတာ ငှက်အမျိုးအစားတွေများစွာထဲက
တစ်ခုမှမဖြစ်နိုင်ဘူးလို့ ကျွန်မထင်တယ်
ဒါဟာ တင်စားမှုတစ်ခုပါ ၊ သင်းကွဲငှက်ဆိုတာ အဖော်ကွဲနေတဲ့သူဆိုရင် ပိုမှန်ပါလိမ့်မယ်
ငှက်မှ မဟုတ်ပါဘူး ၊ ဘယ်လိုသတ္တဝါမျိုးပဲဖြစ်ဖြစ် အဖော်ကွဲနေရင် သင်းကွဲတာပါပဲ
ကျွန်မရဲ့ထင်မြင်ချက်တွေကို ပြောရမယ်ဆိုရင် သင်းကွဲတယ်ဆိုတာ
ကိုယ်နဲ့ဆက်နွယ်တဲ့ အသိုင်းအဝန်းရဲ့မတရားတာတွေ သစ္စာမရှိတာတွေကြောင့်
အဲဒီအသိုင်းအဝန်းကို ပစ်ခွါခဲ့သူလို့ ယူဆလို့ ရသလို
နောက်တစ်ခုက ကိုယ့်မှာရှိတဲ့ပင်ကိုယ်အရည်အချင်းနဲ့ ဘဝပေးအခြေအနေတွေက
ကိုယ်ကျင်လည်နေတဲ့ အပေါင်းအသင်းတွေထဲမှာ ဝင်မဆံနိုင်တဲ့အခါမှာလဲ ဖြစ်နိုင်ပါတယ်
နောက်တစ်မျိုး ကျွန်မထင်တာ ရေးပြဦးမယ်
ကိုယ့်စိတ်ထဲမှာ ကိုယ်ကလဲ အထင်မကြီးတဲ့ ကိုယ့်ကိုလဲ အထင်သေးနေတဲ့
အဖွဲ့အစည်းထဲ ရောက်နေတယ်လို့ ထင်လာတဲ့အခါမှာလဲ ဖြစ်နိုင်ပါသေးတယ်
ကိုယ့်ရဲ့ခန္ဓာကိုယ်ကသာ အဖွဲ့အစည်းထဲရှိနေမယ် ကိုယ့်စိတ်က ရှိမနေရင်လဲ
သင်းကွဲတာ အဖော်ကွဲတာပါပဲနော်
ကိုယ့်စိတ်ဓာတ်နဲ့ တူညီမှုရှိတဲ့လူ ကိုယ့်လိုပဲ လေးနက်မှုရှိတဲ့လူ မရှိနိုင်ဘူးလို့တွေးပြီး
ဘယ်သူနဲ့မှ မပေါင်းတော့ပဲ အလိုလိုတစ်ယောက်ထဲ ဖြစ်နေရင် အဲဒီလူဟာ
သင်းကွဲနေတဲ့သူ ဖြစ်လာတာပါပဲ
ကျွန်မကိုယ်တိုင် ခံစားခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုကို ပြောပြချင်တယ်
ရင့်ကျက်မှုမရှိသေးခင်က ဖြစ်ရပ်လေးတစ်ခုပါ ကျွန်မဘဝမှာ ကျွန်မ ယုံကြည်ရဆုံး
လူတစ်ယောက်ရဲ့ သစ္စာမဲ့မှုကို ခံခဲ့ရဖူးတယ် ယုံကြည်မှုတွေနဲ့ သာယာနေခဲ့တော့
ပျက်စီးသွားခဲ့ရင်ဆိုတာကို ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး
တကယ်တမ်းကြုံလာတဲ့အခါ ထိထိခိုက်ခိုက် ခံစားလိုက်ရတာပေါ့
ဒီလို ခါးသီးတဲ့ခံစားမှုကို ဒီတစ်ခါခံစားရတာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေလို့တောင်
ဆုတောင်းခဲ့မိတဲ့အထိပဲ နောက်တစ်ခါ ခံစားရရင် ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူးဆိုတဲ့
အသိနဲ့ တစ်ယောက်ထဲ အဖော်မရှာပဲ နေခဲ့မိတယ် သူများတွေ အဖော်တွေနဲ့
ပျော်နေချိန်မှာ ကျွန်မက တစ်ယောက်ထဲ အဖော်မဲ့နေတာပေါ့
တစ်ယောက်ထဲနေရတဲ့အရသာကို ကြာလာတော့လဲ နှစ်သက်လာမိတယ်
တစ်ယောက်ထဲနေရတဲ့အခါ ကျွန်မရဲ့စိတ်ကို လွတ်လွတ်လပ်လပ်ထားလိုက်တယ်
အတိတ်ကို ပြန်တမ်းတတဲ့အခါရှိသလို တခါတလေ ပျံ့လွင့်နေတဲ့စိတ်တွေကို
ပြန်စုစည်းနိုင်အောင် စာဖတ်တယ် တရားထိုင်တယ် သီချင်းနားထောင်တယ်...
လူတွေဟာ အမျိုးမျိုးရှိသလို ဝါသနာဆိုတာလဲ လူတိုင်းမှာ အနည်းဆုံးတစ်ခုစီတော့
ရှိကြပါတယ် ကိုယ်ဝါသနာပါတဲ့ ကိုယ်ကျွမ်းကျင်တဲ့အလုပ်မှာ စိတ်ကို နစ်မြုပ်ရင်း
အချိန်တွေကို ကုန်လွန်စေပြီး အိပ်မက်ဆိုးတွေကို မေ့စေခြင်းဟာ စိတ်ချမ်းသာစရာ
ပျော်စရာပါပဲ ကိုယ့်စိတ်ကို နားလည်နိုင်မယ့်လူ မတွေ့နိုင်သေးသရွေ့တော့
အဲဒီလူဟာ သင်းကွဲနေတဲ့ ငှက်ပဲဖြစ်မယ်လို့ ကျွန်မယူဆပါတယ် ............။