သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော်နဲ့ ကျနော့သူငယ်ချင်းတွေ အဆက်အသွယ် ပြတ်တောက်နေတာလည်း တော်တော်လေး ကြာနေပြီနော်၊ ကိုယ်တိုင်ထူမှ ထနိုင်တဲ့ ကျနော်တို့ဘ၀မှာ ရှေ့ဆက်ရမယ့် ခရီးလမ်း ဖြောင့်ဖြူး ညီညာအောင် စီးပွားရေးအတွက် ကြိုးစားနေရတာမို့ နားလည်ပေးကြပါနော်....
ဒီတစ်ခေါက်တော့.... ခရီးတွေသွားရင်း မြင်တွေ့ခဲ့ရတဲ့ အတွေ့တွေ၊ စာတွေဖတ်ရင်း ရရှိခဲ့တဲ့ အသိတွေနဲ့ ဒီစာလေးကို ရေးလိုက်မယ်နော်၊ ကျနော့စာလေးအပေါ်မှာ ထောက်ခံသူတွေ များပါစေလို့လည်း ဆုတောင်းလိုက်မယ်ဗျာ.....
သူငယ်ချင်းတို့ရေ.... နိုင်ငံအသီးသီး၊ လူမျိုးအစုံစုံမှာ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ၊ ကိုယ်ပိုင်အလှတရားတွေ ရှိကြတယ်နော်၊ အဲ့ဒီ နိုင်ငံတွေ၊ လူမျိုးတွေက သူတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှုတွေကို အဓွန့်ရှည်အောင် ထိန်းသိမ်းမှုတွေလည်း ရှိနေကြတာ ဓမ္မတာပါ၊ စာပေနဲ့ ယဉ်ကျေးမှုဆိုတာ ကျနော့အတွေ့အကြုံအရ ပြောရရင် နိုင်ငံနဲ့ လူမျိုးတို့ရဲ့ အသက်ပဲဖြစ်ပါတယ်ဗျာ၊ ဘာကြောင့်လည်း ဆိုတော့ စာပေပျောက်ရင် ယဉ်ကျေးမှုပျောက်မယ်၊ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပျောက်မယ်၊ လူမျိုးပျောက်ရင် နိုင်ငံပျောက်မယ် ဆိုတာကိုလည်း သတိထားမိပါတယ်၊ ဒီနေ့ ဒီအချိန်မှာတော့ တိုးတက်မှုမျိုးစုံဟာ လျင်မြင်လွန်းတာကို တွေ့ရပြီး ယဉ်ကျေးမှုတွေလည်း ရောထွေးလို့ ဘယ် အနောက်နိုင်ငံက ရောက်လာမှန်းမသိတဲ့ ၀တ်စားဆင်ယင်မှုနဲ့ စာပေအသုံးအနှုန်းတွေကြောင့် ကျနော်တို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် အလှတရားတွေ ပျောက်ကွယ်မှာကိုတောင် စိုးရိမ်နေရပါပြီဗျာ၊ အနောက်နိုင်ငံနဲ့ ကျနော်တို့နဲ့က တစ်ချို့ယဉ်ကျေးမှုတွေမှာ တော်တော်ကွာခြားပါတယ်၊ ဥပမာ.... နားနဲ့မနာ ဖ၀ါးနဲ့နာပေါ့၊ ကျနော်တို့နိုင်ငံဟာ အရှက်တရား ကြီးမားသလောက်၊ တစ်ချို့နိုင်ငံတွေက Sexy Videos များကို နည်းလမ်းမျိုးစုံနဲ့ ပြောင်ပြောင်တင်းတင်း ရိုက်ကူးဖြန့်ချီ နေကြတာကို ကြည့်ရင် ထင်ရှားပါလိမ့်မယ်နော်။
ဒီနေ့ခေတ်မှာ ကျနော်တို့ လူငယ်အချို့က Style ရှိမှ Star ဖြစ်တယ် ဆိုတဲ့စကားကို စွဲကိုင်ပြီး ခေတ်မီလိုစိတ်တွေနဲ့ ထူးကဲလှတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ၀တ်စားဆင်ယင်မှုတွေ ပြုနေတာကို မြင်တွေ့ကြမှာပါဗျာ၊ တစ်ချို့သော မိန်းခလေးတွေဟာ ဟီရိသြတ္တပ္ပတရား ကင်းမဲ့စွာ ၀တ်စားဆင်ယင် ထားမှုတွေဟာ ယိုသူမရှက်၊ မြင်သူရှက် ဆိုသလို မိမိတို့ နိုင်ငံနဲ့ လူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ထက်၊ မိမိရဲ့ အရှက်တရားကိုပင် မထိန်းသိမ်းနိုင်တဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်၊ ကိုယ်ပိုင်ကားလည်း မစီးနိုင်၊ ခေတ်ကလည်း ဆန်ချင်လေတော့ (၁၂)လက္မ စကတ်ကိုဝတ်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်၊ လည်ရင်းလည်ရင်း အချိန်တွေကုန်တော့ အိမ်ကို အချိန်မီ ပြန်ချင်ဇောနဲ့ လိုင်းကားစီး၊ လိုင်းကားမှာ နေရာရပေမယ့်လည်း ထိုင်ရဲတဲ့သတ္တိကမရှိ၊ မဖြစ်မနေ ထိုင်လိုက်ရပြန်တော့ မျက်နှာချင်းဆိုင်က လူတွေကို စေ့စေ့မျှမကြည့်ရဲ မျက်နှာလွှဲနေရတဲ့ဘ၀မျိုးတွေနဲ့ အဲ့ဒီမိန်းခလေးတွေ ကြုံရပေါင်းလည်း တော်တော် များနေလောက်ပါပြီ၊ အဲ့ဒီလို ၀တ်စားဆင်ယင်မှုတွေကတော့ ခေတ်မီခြင်းမဟုတ် ခေတ်လွန်ခြင်းသာ ဖြစ်တယ်ဆိုတာကို သူတို့တွေ သိစေချင်လိုက်တာဗျာ။
သူငယ်ချင်းတို့ရေ.... နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုမှာ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးက အဓိက ကျလိမ့်မယ် ထင်ပါတယ်၊ အနောက်တိုင်း ယဉ်ကျေးမှုမျိုး အတုမခိုးလို့ ကျနော်တို့နိုင်ငံ ဆင်းရဲနေတာတော့ မဟုတ်လောက်ပါဘူးနော်၊ ကျနော်တို့ နိုင်ငံကို ဆင်းရဲတွင်းထဲက ကယ်ထုတ်ချင်ရင်... ကျနော်တို့ တတ်သလောက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေ ဖွံ့ဖြိုးအောင် လုပ်ကြရအောင်၊ ကျနော်တို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စာပေတွေကို မပျောက်ပျက်ရေး ထိန်းသိမ်းကြရအောင်၊ ကျနော်တို့တွေရဲ့ မိသားစုလေး စည်းကမ်းရှိရှိ နေနိုင်ရေး ကြိုးစားကြရအောင်..... လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။