ရွှေပြည်တံခွန်ကုမ္ပဏီက ငါးထောင်တန်ဖုန်းစီမံကိန်းကို နိုင်ငံတော်သို့တင်ပြထားရာ အဆိုပါစီမံကိန်းဆောင်ရွက်ပါက တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင်ခန့် တည်ဆောက်ရန် စီမံထားကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကပြောသည်။
“အဓိကကတော့ နယ်စပ်ဒေသတွေအပါအ၀င် မြန်မာတစ်ပြည်လုံးအနှံ့သုံးစွဲနိုင်ဖို့ပါ။ Station ပေါင်း ၂၈၀၀ ၀န်းကျင်လောက် တည်ဆောက်ဖို့ စီစဉ်ထားပါတယ်” ဟု၎င်းကပြောသည်။ လက်ရှိကာလတွင် ဖုန်းခေါ်ဆိုခအားမြို့တွင်း ၂၅ကျပ် သတ်မှတ်ထားသည့်နည်းတူ စာတိုပို့စနစ်တစ်စောင်အတွက် အကြမ်းဖျဉ်းသတ်မှတ်နှုန်းထား ၂၅ ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၎င်းငါးထောင်ကျပ်တန်ဖုန်းအတွက် ကြိုတင်ငွေပေးကတ်တန်ဖိုးနှုန်းထား သတ်မှတ်ချက်မှာ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်းဟု အကြမ်းဖျဉ်းသတ်မှတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံသားမှန်ပါက မည်သူမဆိုဝယ်ယူနိုင်မည်ဖြစ်ပြီး အစုရှယ်ယာအတွက် လတ်တလောကာလတစ်စုလျှင် တစ်သိန်းခန့်လျာထားကြောင်း သိရသည်။ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသောလုပ်ငန်းများ မြန်မာနိုင်ငံသို့ဝင်ရောက်သည့်အခါ GSM ဆက်သွယ်ကွန်ရက်ကို ဈေးနှုန်းချိုသာစွာ တည်ဆောက်ပြီးဖြစ်သဖြင့် ၎င်းတို့ကို ဆက်သွယ်ရေးကဏ္ဍတိုးတက်မှုဖြင့် စွမ်းဆောင်နိုင်မည်ဟုဆိုသည်။ အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲမတိုင်မီ ဆက်သွယ်ရေးကဏ္ဍကိုဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
http://www.myanmarinternetjournal.com/ij/local-news/3168-2012-01-18-03-29-35
ရေးသားသူ - ထွန်းထွန်း