အလွမ်းဓာတ်တွေ တသင်းသင်းပျံ့နှံ့နေတဲ့ ဆောင်းဥတုရဲ့ နှင်းထုအမှောင်ထဲကို ရူးရူးမူးမူးနဲ့ ခြေတစ်လှမ်းအချမှာ ကုဋေတစ်သန်းမက ထိုက်တန်လှတဲ့ မင်းရဲ့အပြုံးပန်းတစ်ပွင့်ဟာ ငါနဲ့ အဝေးဆုံးကမ္ဘာမှာကျန်ရစ်ခဲ့ကြောင်း နှလုံးသားရဲ့ အလိုအရ စိတ်အလိုမကျစွာ ငါလက်ခံလိုက်ရတယ်...အဖြေကိုကြိုတင်သိနှင့်နေခဲ့ပေမဲ့ တစ်ကယ်တမ်း ခွဲကြရမဲ့ အချိန်မှာ နှလုံးသားတစ်စုံရဲ့ ဆွဲအားကြောင့် စိတ်တွေထိုင်းမှိုင်းပြီး ခြေထောက်တွေ လေးလံနေခဲ့တာ မင်းတစ်ယောက်မရိပ်မိအောင် ငါဟန်ဆောင်နေပြခဲ့ပါတယ်..အားနည်းချက်နဲ့ချို့ယွင်းချက်တွေ၊စိတ်ခံစားမှုအထွေထွေနဲ့ ငါ့ဒဏ်ရာကို ငါ့ဘာသာ လျှာနဲ့သပ်ပြီး အသာလေးငြိမ်နေခဲ့ရတာဟာ မင်းတစ်ယောက် ဘ၀လမ်းမှာ လှပစွာ လျှောက်လှမ်းနိုင်စေဖို့အတွက် တစ်ခုတည်းရယ်ပါ..အချိန်တွေ ကြာလာတော့ ငါ့ကိုယ်ငါတောင် အံ့သြလာတယ်...ငါဟာခံစားချက်ကိုမ ပေါ်လွင်အောင် ပိပိရိရိနဲ့ လိမ်ညာနေခဲ့တာ တော်တော်သရုပ်ဆောင်ကောင်းတတ်လာပါလားလို့...
တစ်ကယ်တော့ မင်းနဲ့ငါဟာ အဖြူရောင်သူငယ်ချင်းလေးပါ
မင်းအမြင်မှာပေါ့ တိတ်တဆိတ်နဲ့ ကြိတ်ချစ်ခဲ့မိတဲ့ငါ စိတ်ချပါ မင်းယုံကြည်မှုကိုတော့ ဘယ်တော့မှ ငါ အလွဲသုံးစားမလုပ်ဘူး...
ဝေးတစ်နေရာမှာ လေလွင့်နေတဲ့
တေလေ ဗေဒါ
ရင်နှင့်ရင်းပြီး
ကဗျာတစ်ပုဒ်
ထုတ်လုပ်လိုက်တာ
မျက်ရည်တွေကြွေ
လှိုင်းတွေဝေကာ
အလွမ်းသောင်များ
ထွန်းခဲ့၏..