……..ချစ်သူ့အားငိုကြွေးစေသောပေးစာ……..
ချစ်သူ……………………..
နုံချာစွာ မွေးဖွားလာတဲ့ ငါ့နှလုံးသားကို နင်က အကြည့်တစ်ချက်နဲ့ သိမ်းပိုက်သွားပေမယ့် နင်နဲ့မလိုက်ဖက်တာမို့ နင်သွားမယ့်လမ်းမှာပဲ ချထားလိုက်ပါတယ်။ တက်နင်းသွားပါလား ချစ်သူရယ်။ ငါအပြစ်မဆိုပါဘူး။ ငါ့နှလုံးသားသွေးထွက်မှ နှမြောရမှန်းသိလာမယ်ထင်လို့ပါ။ ခက်တာက နင်က ခပ်ပြုံးပြုံးနဲ့ ခွကျော်သွားတော့ ငါ……. နင့်နောက်ကိုလိုက်ရင်း ဘယ်အချိန်မှ နောက်ဆုတ်ခွင့်ရမလဲဆိုပြီး စောင့်စားရတာ ဒီလိုနဲ့ တက္ကသိုလ်ပထမနှစ်တောင် ရောက်လာပြီပေါ့။ ဟုတ်ပါတယ်ဟာ။ နင်နဲ့ငါ ငယ်သူငယ်ချင်းတွေပါ။ နင့်ကို လိုက်ကြိုက်တဲ့ကောင်တွေနဲ့တွေ့တိုင်း ငါ့လက်ကိုတွဲရင်း ငြင်းထုတ်ပစ်တဲ့အချိန်တွေကိုလေ ငါက တစ်ခေါက် ပြန်လွမ်းနေတာပါ။ ကျောင်းတုန်းက နင်ကငါ့ကိုအခင်ဆုံးတဲ့။ ငါလည်းနင့်ကိုအခင်ဆုံးပါ။ ဒီထက်ပြောရရင်တော့ လျှိုထားတဲ့စကားက……..အချစ်ဆုံးပေါ့။ ဒါပေမယ့် သူငယ်ချင်းဆိုတဲ့စိတ်နဲ့ ငါ့ပါးစပ်ကမဟ၀ံ့။ ရိုးအီနေတဲ့ ငါ့ရွေ့ကွက်တွေမှာ နင်ကလည်း အလိုက်သင့်မျောပါနေတာလား ချစ်သူ။ ငါချစ်နေတာ ဒီလောက်ဆို နင်သိသင့် ပါတယ်။ ငါ့နှလုံးသားလည်း နင့်ဖိနပ်ရှေ့မှာပဲလေ…။ လုပ်ပါဟာ..။ ငါက သူများတွေလို ငါ့နှလုံးသားကို နင့်အချစ်နဲ့ ထွေးပွေ့ယုယထားဖို့ မတောင်းဆိုပါဘူး။ တက်ပဲနင်းသွားစေချင်တာပါ။ နင့်ကိုတခြားတစ်ယောက်နဲ့ မချစ်ပဲ ငါ့ရှေ့မှာတွဲပြခိုင်းတာတော့ လုံးဝ…………… မဟုတ်ပါဘူး။ နင်………. နင်ကျွမ်းကျင်တဲ့အလုပ်ပါဟာ။ နင်စိတ်ကောက်ပြီဆို ဘာမဟုတ်တဲ့အကြောင်းပြချက်ကိုတောင် မိုးပြိုသလို ပြောပြီး ကောက်တတ်သေးတာ။ ငါ့ကိုလည်း အပြစ်ရှာပြီး နင့်သူငယ်ချင်းအဆင့်ကနေ ကန်ချလိုက်စမ်းပါ။ ငါရဲရဲကြီးကိုဆင်းသွားမှာ။ အခွင့်အရေးဆိုတာ နင်နဲ့လိုက်ဖက်တဲ့သူကိုပဲ ပေးစမ်းပါဟာ။ ငါ့ကို မကမ်းပါနဲ့။ နင်နဲ့တန်းတူနေဖို့ဆိုတာ လှေကားထစ်တွေအများကြီး ခြားတယ်ချစ်သူ။ ငါ့ကိုလက်မလှမ်းလိုက်ပါနဲ့။ နင်ငါ့ကို လက်ခံပေးနေတယ်ဆိုတာ ငါသိတယ် ချစ်သူ။ ဒါပေမယ့် ငါငြင်းပါရစေ။ ဘာမှမရှိသူတစ်ယောက်ရဲ့ဘ၀က နင့်လက်ထဲမှာ ရွှေဖြစ်လာမယ် ထင်သလား။ ငါပိုင်တာ ငါ့ပညာ၊ ငါ့စာရိတ္တ၊ ငါ့ကိုယ်ကျင့်တရား နဲ့ ငါ့အချစ်တွေပါ။ ဒါတွေအားလုံး ဖြူစင်တယ် ဆိုပေမယ့် ဒီခေတ်မှာ လိုအပ်တဲ့ နောက်ခံအင်အားဆိုတာ ငါ့မှာမရှိဘူး။ ငွေကြေးတွေဆိုတာ နင့်မိဘတွေ ခေါင်းညိမ့်လာအောင် ပြဖို့အလုံအလောက်မရှိ။ ဆွေမျိုးလို့ပြောရမလား ရွှေမျိုးလို့ပြောရမလား။ ဒါတွေမှာလည်း ငါက ဂုဏ်သိမ်ငယ်သူပါ။ နင့်မိဘတွေက သဘောတူရင်တောင် နင့်အသိုင်းအ၀ိုင်းက နင့်ကိုနှိမ့်ချမှာ ငါ……. ငါမလိုလားဆုံးပဲချစ်သူ။ နင်ချစ်တာ ငါသိပါတယ်။ ငါချစ်တာလည်း နင်ရိပ်မိမှာပါ။ ဘာကြောင့်ဆို ကျောင်းသား ဘ၀ကတည်းက သံယောဇဉ်တွေ၊ နင့်နောက်ကို တကောက်ကောက်လိုက်ရင်း နင့်ရည်းစားအဖြစ် ငါအမြဲ ဟန်ဆောင်ပေးခဲ့တာတွေ၊ နင်အကူအညီလိုတိုင်း ငါက နင့်အနားရှိနေတတ်တာတွေ၊ ……………………….တွေ၊ ………………………………………..တွေ၊…………………………တွေ၊ ငါစာမပြီးတိုင်း နင်ကဆူပူပြီး စာကူးပေးခဲ့တာ၊ ငါ့ကို နင့်ရည်းစားလို့ထင်ပြီး လမ်းမှာ ချောင်းရိုက်ခံရတော့ နင် ငိုရင်း ပြုစုပေးခဲ့တာ၊ ငါ့အတွက်ဆို နင်က စိတ်အရမ်းဆတ်လွယ်တာ၊……………တာ၊…………………………တာ၊………………….တာ။ ဒါတွေပြန်ပြောနေရင် နင် ငါ့ကို ပိုတောင် နှောင်ကြိုးတွယ်နေဦးမယ် ချစ်သူ။ ငါ့နှလုံးသားကိုလည်း ငါမထိန်းနိုင်တော့ဘူး။ နင့်အချစ်ကို ရယူဖို့ဆိုတာလည်း နင့်ဘ၀အတွက် အရှုံးကြီးပဲဆိုတော့ ငါမမျှော်ရဲတော့ဘူး။ နှစ်ယောက်စလုံး ပျော်ရမယ့် အဖြစ် မရှိရင်တောင်မှ နှစ်ယောက်စလုံးတော့ မငိုပါရစေနဲ့။ နင်ပဲပျော်ပါ။ ငါငိုပေးပါ့မယ်။ ငါ နင့်အတွက်ဆို ပျော်ပျော်ကြီးကို ငိုပေးမှာ။ နင် မတွန့်ဆုတ်နေပါနဲ့။ ဖိနပ်ဦးနဲ့နင်းမလား၊ ဒေါက်ချွန်ချွန်နဲ့နင်းမလား။ ဒါမှမဟုတ် အမုန်း မျက်စောင်းတစ်ချက်နဲ့ ငါ့နှလုံးသားကို ဟက်တက်ကွဲအောင် မိုးကြိုးပစ်ချမလား။ လုပ်လိုရာလုပ်။ နင်က တွန့်ဆုတ်နေသမျှတော့ ငါ ပေးဆပ်နေရဦးမှာ၊ ငါ့နှလုံးသား အဆိပ်တက်နေဦးမှာပေါ့။ ဒါပေမယ့် သေချာတာကတော့ ဒီအတောအတွင်း ငါ နင့်ကိုချစ်နေဆဲဆိုတာ ငါ့မျက်ရည်တွေက သက်သေဖြစ်မှာပါဟာ။
ချစ်သူ……….
ငါချစ်တာ ငါ့ဘ၀အတွက်
ဘာမှမပါ
ဗလာသုည ငါ့အချစ်က
နင့်အတွက်တော့ အားရစရာလို့
ဘယ်နည်းနဲ့မှ မတွက်လိုက်ပါနဲ့
ရှေ့ရေးကိုတွေး
နင်နဲ့ငါပြေလည်ရင်တောင် အနာဂတ်ကို
ဘယ်ဆေးနဲ့ရေးမလဲ
ဒီမျှော်လင့်ချက်လေးနဲ့ နင် မျှော်တွေးရင်းမမေးနဲ့
ငါတို့တွေက ရော်ရင့်တဲ့ သစ်ရွက်
တစ်ယောက်ကျောကို တစ်ယောက်ငေးလျက်ပေါ့
လမ်းခွဲခွာ
ငါ့နှလုံးသားကို နင်တက်နင်းတဲ့အခါ
ပျော်ရွှင်သောမျက်ရည်နဲ့တွေကျဆင်း
နင့်ဘ၀ပန်းခင်းအတွက်
ငါ ရေလောင်းပေါင်းသင်ပေးခဲ့တယ်ပဲ မှတ်ယူလိုက်ပါတော့
နှစ်ယောက်စလုံးရဲ့ ရင်မှာ
အတိတ်က ဖွင့်မပြောပဲချစ်ခဲ့ကြတာတွေ
ဘောင်ခတ်လို့ သံရိုက်သွင်းရင်း
သံယောဇဉ်တို့မှေးစက်ရာ
ကျောင်းသားဘ၀ရဲ့ မှတ်တိုင်တစ်ခုမှာ
ချိတ်ဆွဲထားခဲ့ပါတော့ဟာ…………………………..။ ။
တစ်ချိန်က ငါ……………….