စာပေလောကတွင် ရသစာပေနှင့်  သုတစာပေဟူ၍ နှစ်မျိုးခွဲခြား ဖော်ပြထားသည်။
ရသစာပေဆိုသည်မှာ စာရေးသူသည် စာဖတ်ပရိသတ်တို့အား သူသိရှိပြီးသော အကြောင်းအရာ၊
ခံစားချက်တို့ကို စေတနာအရင်းခံ၍ စိတ်ကူးညဏ်ကွန့်မြူးကာ ရေးဖွဲ့ပါသည်။
ထိုအခါ စာဖတ်သူတို့သည် စာရေးဆရာ၏ ကလောင်အစွမ်းထက်သန်မှုကြောင့် ချစ်ခြင်း၊
မုန်းခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း၊ ရဲရင့်ခြင်း၊ အံ့သြ ခြင်း၊ ချီးကျူးခြင်း၊ ရှုံချခြင်း၊ ကဲ့ရဲ့ခြင်း၊
ပျော်ရွှင်ခြင်း၊ ဟူသော ရသမြောက်သော ခံစားမှုတို့ကို ရရှိစေပါသည်။ ၀တ္ထု ၊ကဗျာ၊ ပြဇာတ် ၊ ပုံပြင် စသည်တို့သည်လည်း ရသစာပေတွင် အကျုံးဝင်သည်။
ရသစာပေတွေကို ဘာလို့ဖတ်ပေးသင့်ပါသလဲ
အမှန်တကယ်တော့ ရသစာပေဟူသည်မှာ လူသားတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပီပီပြင်ပြင်
ဖြစ်လာအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ် ။ လူသားစင်စစ်မှန်ရင် ခံစားချက်ဆိုတာ
ရှိရပါမယ်၊ ပျော်ရွှင်စရာတွေရင် ရယ်မောတတ်ရပါလိမ့်မယ် ။ ၀မ်းနည်းစရာကြုံလာခဲ့ရင်လည်း
မျက်ရည်ကျတတ်ရပါမယ်။ အဲဒီခံစားချက်တွေဟာဆိုရင် ရသခံစားမှုနဲ့ တိုက်ရိုက်ပတ်သတ်တဲ့
အရာတွေပါ။
ယခု ၂၁ရာစု စာပေခေတ်ရေစီးကြောင်းကို ကြည့်မယ်ဆိုရင် စာပေဖတ်ရှုမှုသည်
တော်တော်အားနည်းသွားသည်ကို တွေ့ရတယ်။ စာပေခေတ်ရေစီးကြောင်း မကောင်းပါက
မြန်မာ့စာပေသည် တစ်ဖြည်းဖြည်းနှင့် မှေးမိန် ကျဆင်းသွားနိုင်ပါတယ်။ ရသစာပေ၊ ဗဟုသုတ၊
ဘာသာရေး ၊ ယဉ်ကျေးမှုစသည့် စာပေများထက် အပျော်ဖတ်ဝတ္ထုများကသာ စာဖတ်ပရိသတ်
တို့၏ စိတ်ခံစားမှုကို လွမ်းမိုးသွားပါက တိုင်းပြည်၏ အနာဂတ်စာပေလမ်းကြောင်းမှာ
ပျောက်ကွယ်သွားနိုင်ပါသည်။ လူ့အတွေးအခေါ်၊ယဉ်ကျေးမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေး စိတ်ဓာတ်တက်ကြွလာမှု၊ တိုင်းပြည်နှင့်မိမိလူမျိုးအပေါ် သစ္စာတရားစောင့်ထိန်း
မှု၊ လွတ်လပ်စွာတွေးခေါ်နိုင်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်း၊ စသည်တို့ကို ရသစာပေနှင့်
သုတစာပေများမှသာ ရရှိနိုင်သည်။
မှတ်ချက်။ ။တော်လွန်း တတ်လွန်း သိလွန်း၍ ရေးထားခြင်း မဟုတ်ပါ။ ကိုယ်သိထားတာလေး၊
ဖတ်ထားတာလေးတွေကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသဖြင့် အမှားများပါခဲ့ပါက ခွင့်လွှတ်သည်းခံ
ပြီးဖတ်ပေးကြပါရှင်။အမှန်တော့ ကျွန်မက စာရေးသူတစ်ယောက်ဆိုတာထက် သိထားတာလေးတွေကို မျှဝေပေးသူပါ။