သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့ကတော့ တကယ့်ကို ကောင်းသောနေ့ခင်ဗျ၊ ဘယ်သူ့အတွက် ကောင်းကောင်း မကောင်းကောင်း ရွှေဘအတွက်ကတော့ အရမ်းကို ကောင်းနေပါတယ်၊ ဘာလို့လဲ... ဆိုတော့ ရွှေဘတို့မြို့က အတင်းတုတ်လွန်းတဲ့ မကြီးဂွက်ထော်ရဲ့တပည့်၊ ဘုမသိ ဘမသိ ဒေါ်ဂွက်ထော်ပြောတိုင်း ထောက်ခံလေ့ရှိသူ မကြီးဂျမ်းပုံပေါ့ဗျာ၊ မကြီးဂျမ်းပုံက ဘယ်အရာကိုမဆို မစဉ်းစာ မခြင်ဆင် ထောက်ခံတတ်၊ သံယောင်လိုက်တတ်ပေမယ့် သူ့ယောက်ျား ကိုချက်ကြီးကတော့ မဟုတ်မခံဗျ၊ ပြောတိုင်းလည်း မယုံတတ်၊ ဆင်ခြင်တုံတရား ရှိတယ်ပဲ ပြောရမယ် ထင်ပါတယ်၊ အင်း.... ဒေါ်ဂွက်ထော်ရဲ့ စကားတိုင်းကို မကြီးဂျမ်းပုံ ထောက်ခံလာခဲ့တာ ဘာပြဿနာမှ မပေါ်ခဲ့ပေမယ့်... မနေ့က သူထောက်ခံလိုက်မိတဲ့ ထောက်ခံချက်ကြောင့်......
သူငယ်ချင်းတို့ရေ.... ကျနော်တို့မြို့မှာ လမ်းတကာ၊ ဈေးတကာ၊ အိမ်တကာလှည့်ပြီး အတင်းတုတ်နေတဲ့ မကြီးဂွက်ထော် ဆိုတာ ရှိတယ်ခင်ဗျ၊ မကြီးဂွက်ထော် ရောက်လာပြီဆိုရင် ပြောလက်စ စကား လုပ်လက်စ အလုပ်တွေကိုတောင် ဆက်မပြောရဲ၊ ဆက်မလုပ်ရဲ ကြလောက်အောင် လူတိုင်းက သူ့ကို ကြောက်ကြတယ်ဗျ၊ ဘာလို့လည်းဆိုတော့... သူက ဟုတ်တာတွေရော မဟုတ်တာတွေရော စုံနေအောင် ပြောလည်းပြောတတ်၊ ဟုတ်တာကနဲနဲ၊ မဟုတ်တာက များများလည်းပြောတတ်၊ တစ်ဆိတ်ကို တစ်အိတ်လည်း လုပ်တတ်လေတော့ လူတိုင်းအော့နှလုံးနာတဲ့ အစ်မကြီးပေါ့ဗျာ။
တစ်ခါတုန်းက မကြီးဂွက်ထော်ဟာ ကိုချက်ကြီးနဲ့ မကြီးဂျမ်းပုံတို့ ဇနီးမောင်နှံဆီကို ရောက်လာတယ်၊ ကိုချက်ကြီးက မဟုတ်မခံ အေးအေးဆေးဆေး နေတတ်ပေမယ့်၊ မကြီးဂျမ်းပုံကတော့ ဖြစ်နိုင် မဖြစ်နိုင်တာ၊ အကြောင်းအကျိုး ဆက်စပ်တာ မဆက်စပ်တာ၊ ယုတ္တိရှိတာ မရှိတာတွေကို မစဉ်းစား၊ သူ့ရဲ့ဆရာ မကြီးဂွက်ထော် ပြောသမျှကို ""ထင်သားပဲ"" ဆိုတဲ့ စကားနဲ့အစချီပြီး ထောက်ခံတတ်တာကို သိနေတဲ့ ဒေါ်ဂွက်ထော်က ထုံးစံအတိုင်း ပြောပါတော့တယ်....
ဒေါ်ဂွက်ထော်။ ဟဲ့.... ဂျမ်းပုံ၊ ညည်း ဟိုသတင်းကြားပြီးပြီလားဟဲ့၊
ဒေါ်ဂျမ်းပုံ။ ဟင်.... ဘယ်သတင်းလဲ မဂွက်၊ ဘာမှမကြားမိပါလားတော်၊ ဘာများပါလိမ့်၊
ဒေါ်ဂွက်ထော်။ ဟိုဒင်း... သတင်းလေဟာ၊ တို့မြို့က အုပ်ချုပ်ရေး အရာရှိကြီးရဲ့သမီး မိချောလေ၊
သူတို့အိမ်က ကားဒရိုင်ဘာ မောင်ပုနဲ့ ကြိုက်နေတယ်တဲ့တော့၊ အံ့ပါဟယ်...
မောင်ပုက မိန်းမကြီး ရှိနေတာ ညည်းလည်း အသိမို့လား၊
ဒေါ်ဂျမ်းပုံ။ အင်း..... ထင်သားပဲ..... ဒီကောင်မ တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာ၊
မျက်နှာကိုက ကြာပစ်တတ်တဲ့မျက်နှာ၊ အဲ့ဒီ ဒရိုင်ဘာနဲ့လည်း တပူးတွဲတွဲပဲလေ၊
အင်း.... ဒီလိုနဲ့ ဒေါ်ဂွက်ထော်က သူပြောချင်တာ ပြောဆိုပြီး ပြန်သွားပေမယ့်၊ အရာရာကို ခြင့်ချိန် စဉ်းးစားတတ်တဲ့ ကိုချက်ကြီးကတော့ မကျေမနပ်နဲ့ ပေါ့ဗျာ၊ ပြောတဲ့သူက အခြေအမြစ်မရှိပြော၊ ထောက်ခံသူ သူ့မိန်းမကလည်း မှန်းဆပြီး ထောက်ခံတာတွေကို လုံးဝမကြိုက်၊ ဒါပေမယ့်... သူ့မိန်းမနဲ့ မကြီးဂွက်ထော်တို့ လူမှုရေး အခင်အမင် ပျက်မှာကို စိုးတာကြောင့် ပြောချင်ပေမယ့် မိန်းမမျက်နှာကြောင့် ရေငုံနှုတ်ဆိတ် နေခဲ့ရတယ် ဆိုပါတော့ဗျာ၊ ဒီလိုနဲ့.... သိပ်မကြာပါဘူး၊ ဒေါ်ဂွက်ထော်ကြီး သူတို့အိမ်ကို ရောက်လာပြန်တာပဲလေ......
ဒေါ်ဂွက်ထော်။ ဟဲ့... ဟဲ့..... မိဂျမ်း၊ ဒို့မြို့ဦးကျောင်းက ဖိုးသူတော်ကြီးအကြောင်း ကြားပြီးပြီလား၊
ဒေါ်ဂျမ်းပုံ။ ဟင်.... မကြားမိပါလား မကြီးဂွက်ရယ်... ဖိုးသူတော်ကြီး ဘာဖြစ်လို့တုန်းတော့၊
ဒေါ်ဂွက်ထော်။ အင်း.... ညည်းကလည်းတော်.... ဒီလေးတောင် မကြားမိဘူးလားအေ....
ဒီလောက်ပွက်လောရိုက်နေတဲ့ကစ္စကို.... ဖိုးသူတော်ကြီးနဲ့ ဒို့ရပ်ကွက်ထဲက
သင်္ဘောသား ကိုမြမောင်ရဲ့ မိန်းမ မသိန်းတင်တို့ ကြိုက်နေကြတယ်တဲ့တော့...
ဒေါ်ဂျမ်းပုံ။ ဟင်...... ထင်သားပဲ..... ဖိုးသူတော်ကြီးက ဆွမ်းဂျိုင့်ပို့သလိုလို ဘာလိုလိုနဲ့
အဲ့ဒီ မသိန်းတင်တို့အိမ်ကိုရောက်ရင် တော်တော်နဲ့ ပြန်ထွက်တယ်ကို မရှိဘူးလေ၊
သူငယ်ချင်းတို့ရေ... ထုံးစံအတိုင်းပါပဲ၊ မကြီးဂွက်ထော်ကတော့ သူပြောချင်တာ ပြောပြီး ပြန်သွားပြန်ပါတယ်၊ ဒါပေမယ့်... မဟုတ်မခံတတ်သူ၊ အရာရာကို စဉ်းစား ဆင်ခြင်ပြီးမှ ယုံကြည်တတ်သူ ကိုချက်ကြီးကတော့ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ မဟုတ်မမှန် အတင်းတုတ်နေတဲ့ မကြီးဂွက်ထော်ရဲ့ စကားတွေကို ထောက်ခံမြဲ ထောက်ခံနေသူ သူ့မိန်းမ မကြီးဂျမ်းပုံကို ပညာပေးမှ ဖြစ်တော့မယ်.... ဆိုတဲ့ အတွေးတွေ ၀င်လာပြီး စဉ်းစားခဲ့တယ်ဆိုပဲဗျ၊ သိပ်မကြာပါဘူး၊ မနေ့ကပေါ့၊ ကိုချက်ကြီးနဲ့ မကြီးဂျမ်းပုံတို့ လင်မယားနှစ်ယောက် လမ်းထိပ်က ကော်ဖီဆိုင်မှာ ကော်ဖီသောက် မုန့်စားကြရင်း စကားတွေပြောကြသတဲ့.....
ကိုချက်ကြီး။ ဟေ့... မိန်းမ၊ ဒို့ရပ်ကွက်ထဲက ဟိုကောင်လေးလေဟာ. ဆန်စပါးကုန်သည်လေ၊
ဆိုက်ကနက်ကားနဲ့၊ ရုပ်ဖြောင့်ဖြောင့်လေ၊ လက်ဝှေ့တွေ ဘာတွေလည်းထိုးတယ်၊
ဒေါ်ဂျမ်းပုံ။ အင်း.... သိတယ်လေ၊ မောင်ရွှေဘမို့လား၊ ဘာဖြစ်လို့လဲ၊
ကိုချက်ကြီး။ အေး.... အဲ့ဒီကောင် ရွှေဘပေါ့ဟ၊ ဟိုဖက်ရပ်ကွက်က ဆန်စက်ပိုင်ရှင်
သူဌေးကြီး ဦးပွားရဲ့သမီး၊ ရုပ်ဆိုးဆိုးနဲ့ ဆရာဝန်မ မိချစ်စုနဲ့ ကြိုက်နေတယ်တဲ့ဟ၊
ဒေါ်ဂျမ်းပုံ။ အင်း..... ထင်သားပဲ.... ရွှေဘကလည်း စီးပွားရေးသမား၊
မိချစ်စုကလည်း သူဌေးသမီး၊ ဆရာဝန်ဆိုပေမယ့် ပလပ်တပ်တပ် လျှပ်တပ်တပ်နဲ့
ဆန်စက်ပိုင်ရှင်နဲ့ ဆန်စပါးကုန်သည်၊ ဒီလောက်အနေနီးနေမှတော့.....
အဲ.... သူငယ်ချင်းတို့ရေ... မကြီးဂျမ်းပုံက အဲ့ဒီလို ပြောလိုက်တယ် ဆိုရင်ပဲ၊ ကိုချက်ကြီးဟာ မျက်နှာကြီး နီရဲပြီးတော့ သူတို့ဆောင်းလာတဲ့ ချာလီထီးနဲ့ မကြီးဂျမ်းပုံကို ရိုက်လိုက်တာ အချက်ပေါင်းကို မရေတွက်နိုင်ဘူးတဲ့လေ၊ ကိုချက်ကြီးက အဲ့ဒီလို ရိုက်နေရင်းနဲ့ ပါးစပ်ကလည်း ပြောသေးတယ်ဆိုပဲဗျ၊ ""ဟင်... နင်မစဉ်းစား မဆင်ခြင် ထောက်ခံရသလား၊ မောင်ရွှေဘ ဆိုတဲ့ကောင်လေးက စီးပွားရေးသမား ဆိုပေမယ့်၊ သူ့အား သူကိုးတဲ့ကောင်၊ အချောင်လိုက်တတ်တဲ့ ကြွက်ပျင်း မဟုတ်ဖူး၊ သူ့ကို ရေလာမြောင်းပေး လုပ်နေတဲ့ ဥစ္စာပေါ၊ ရုပ်ချောနဲ့ ခေတ်ပညာတတ် အပျိုချောတွေမှ ဒူးနဲ့ဒေးလေ၊ အဲ့ဒီ မယ်ကုဝဏ်ရုပ်နဲ့ ဆရာဝန်မကိုကော ပညာ ဘယ်လောက်တတ်တ်၊ ငွေဘယ်လောက် ချမ်းသာချမ်းသာ မောင်ရွှေဘက စဉ်းစားမယ်တဲ့လား"" ဆိုတော့..... မကြီးဂျမ်းပုံက မျက်ရည်တစ်ဖက် နှပ်တစ်ဖက်နဲ့ ပြန်ပြောသေးတယ် ဆိုပဲဗျ၊ ဘာတဲ့..... ""အဟင့်... ဟင့်.... ရှင်.... ရှင် ကျွန်မကို ဒီ... ဒီလို ရန်မယ်ရှာ..... ရှာပြီး... ရိုက်.... ရိုက်မယ် ဆို.... ဆိုတာ..... ထင်..... ထင်သားပဲ""
ဟီးးးးးး သူငယ်ချင်းတို့ရေ.... အဲ့ဒီစကားတွေက ကျနော်ကိုယ်တိုင် ကြားတာတော့ ဟုတ်ဝူးနော်.... အဲ့ဒီအချိန်တုန်းက အဲ့ဒီကော်ဖီဆိုင်မှာ ရှိနေတဲ့ ကျနော့ သူငယ်ချင်းတွေ ပြန်ပြောလို့....