လောကကြီးမှာ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေချည်းပဲ မရနိုင်ဘူးလေ။ အထူးသဖြင့် အချစ်ဆိုတာကြီးက ပိုဆိုးပေါ့။ ကိုယ်လိုချင်တာကိုလည်းမရ၊ ကိုယ်မသိဘဲလည်း အလိုအလျောက်ပေးမိရက်သားဖြစ်၊ ချုပ်တည်းထားလို့လည်းမရတာ အချစ်ပဲလေ။ ဘယ်လောက်ပဲ ကျယ်ပြောတဲ့ပင်လယ်ဖြစ်ပါစေ။ သူ့မှာ အဆုံးသတ်တစ်ခုတော့ ရှိနေမှာပါ။ အနက်ရှိုင်းဆုံး တစ်နေရာက ပေါက်ဖွားလာတဲ့ အချစ်ကလည်း သူ့မှာ အနားသတ်ရင်ခွင်တစ်ခုတော့ရှိနေပါတယ်။ အဲဒီရင်ခွင်မှာ ခိုလှုံခွင့်ရ မရဆိုတာကတော့ ကံဇာတ်ဆရာရဲ့ အလိုကျပေါ့လေ။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အခါ ဖြစ်သင့်တာကို ဦးစားပေးရင်း ဥပေက္ခာပြုထားခံရတဲ့ အချစ်။ ဒါပေမယ့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြဲတမ်း ရှင်သန်သွားမယ့် အချစ်ပေါ့။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးကို အုပ်စိုးနိုင်တဲ့ ကောင်းကင်ကြီး ဖြစ်သလို နွေးထွေးမှုတွေနဲ့ အေးမြခြင်း အလင်းရောင်ကိုပေးတဲ့ လမင်းလေးတစ်စင်းလဲ ဖြစ်သွားတတ်တယ်။ အချစ်နဲ့ ပတ်သက်ခြင်းခံရတဲ့သူဟာ အမြဲတမ်းခေါင်းညိမ့်နေတတ်တဲ့ ပုတ်သင်ညိုလေးတစ်ကောင်ဖြစ်သွားတတ်သလို သိုးလေးတစ်ကောင် လိုလဲ နူးညံ့သွားတတ်တယ်။ စက္ကူတစ်ရွက်ဟာ ဘာမှမရေးရသေးခင်မှာတော့ စာရွက်ဖြူတရွက်ပါပဲ။ ရွှေရောင်အနားသတ်ပြီး ပုံနှိပ်စာလုံးတွေ စီလိုက်တော့ မင်္ဂလာဖိတ်စာဖြစ်သွားရော။ ဒီလိုပဲ အချစ်မှာ အကြင်နာ၊ မေတ္တာ၊ ဂရုဏာ၊ သစ္စာတရားတွေ ထပ်ပေါင်းထည့် လိုက်မယ်ဆိုရင် ရင်ခုန်ခြင်း၊ ကြည်နူးခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတွေ နှလုံးသားထဲကို လှိုင်းတွေလို တငြိမ့်ငြိမ့်စီးဝင်လို့ အရာရာတိုင်းဟာ လှပစေနေမယ်။ ကံဇာတ်ဆရာရဲ့ ဆုံးဖြတ်ချက်မကောင်းလို့ နှလုံးသားလေး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားမယ်ဆိုရင်တောင် သူ့ရဲ့ အစိတ်အပိုင်းတိုင်းက အသစ်အသစ်သော အချစ်တွေကို ဖန်တီးစေနိုင်မှာပါ။
အချစ်ကို ချစ်တတ်တဲ့သူတိုင်း နားလည်တတ်ကြပါစေ။ ချစ်သူတိုင်းလည်း ဆုံဆည်းနိုင်ကြပါစေနော်။