ရင်ထဲမှာ အပူလှိုင်းတွေ တ၀ုန်းဝုန်းနဲ့ ရိုက်ခတ်ခံနေရသလိုပါပဲရှင်…
မစသင့်တဲ့အရာတစ်ခုကို အစပျိုးခဲ့မိလို့ ဒီလိုအပူမိနေရတယ်လို့ပဲ သတ်မှတ်ရမှာပါ… တားဆီးနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုကို ထိန်းချုပ်နိုင်ဖို့ကြိုးစားရင်း အားလုံးကိုလည်း ခြေစုံကန်ပစ်လိုက်ချင်မိပါတယ်…. တကယ်ပါ… ဘာလို့ အရာအားလုံးဟာ ကျွန်မအတွက် ခက်ခဲလာနေရတာလည်းဆိုတာကို မပြောတတ်တော့ပါဘူး… မျက်စိမှိတ်ပြီး ကျောခိုင်းလိုက်ချင်ပေမယ့်… တွန့်ဆုတ်နေတယ်ဆိုတာ ချန်ထားခဲ့ရမှာက ထမင်းကျန် ဟင်းကျန်တွေလိုမှ မဟုတ်တာပဲ… ဘယ်နှစ်ကြိမ်မှန်း မမှတ်မိတော့တဲ့ သက်ပြင်းတွေလည်း အခါခါခုန်ထွက်လာနေပါတယ်… ဝေခွဲရခက်နေတယ်ဆိုပေမယ့် သက်ရောက်သင့်တဲ့ အဖြေက ရှိနေပြီးသားပါ… အဲ့ဒါအတွက် လက်ခံနိုင်ဖို့ တွေဝေနေရတာပါရှင်… ခံရခက်တဲ့ ဝေဒနာတစ်ခုက ကျွန်မရင်မှာ တငွေ့ငွေ့နဲ့ အမြစ်တွယ်လာနေမိပါပြီ… ဆွဲနှုတ်လိုက်ဖို့လည်းခက်တယ်… ရေလောင်းပေါင်းသင် ပြုစုပေးသင့်တာလည်းမှ မဟုတ်တာပဲ… ခေါင်းကိုပဲ အတွင်တွင်အခါခါရမ်း………….
“မိနီ နင်သေချာစဉ်းစားကြည့်စမ်း… ငါပြောတာဖြစ်သင့်လား မဖြစ်သင့်ဘူးလားဆိုတာကို…”
ဦးလေးအောင်နက်ရဲ့စကားက ကျွန်မရင်ကို ပြင်းထန်စွာ စူးရှဝင်ခဲ့ပါတယ်… အခါတိုင်းတွေမှာတော့ ဦးလေးရဲ့ ပြောစကားကို မငြင်းဆန်တတ်ခဲ့ပါဘူး… မိဘဆိုတာ ဘာမှန်းတောင် မသိခဲ့တဲ့ ကျွန်မရဲ့ဘ၀ကြီးကို စောင့်ရှောက်ပေးထားတဲ့ ကျေးဇူးရှင်တစ်ယောက်… သူဘာပဲ ပြောလိုက်ပါစေ… ကျွန်မအမြဲတမ်း ခြွင်းချက်မရှိ နာခံပြီးသားပါ… အခုတော့ ကျွန်မ ဆုံးဖြတ်ရခက်နေပါပြီရှင်… အော်... တကယ်တော့ သူပြောထားတဲ့အတိုင်း နားမထောင်ခဲ့မိလို့ အခုလို ဝေခွဲမရတဲ့ အခြေအနေမျိုးကို ရောက်လာခဲ့ရတာပေါ့...
“ကျွန်မ ဘာမှမမြင်နိုင်တော့ဘူးဖြစ်နေပြီ ဦးလေးရယ်…”
“အင်း…. အဲ့ဒါပဲပေါ့… ဒီမယ်ငါ့တူမကြီး ဦးလေးပြောပြမယ်… ငါ့တူမကြီးတို့ပြောပြောနေတဲ့ အချစ်မှာမျက်စိမပါဘူးဆိုတာ… အဲ့ဒါဟုတ်ချင်လည်း ဟုတ်မယ်…. ဒါပေမယ့် တစ်ခုတော့ရှိတယ်… အချစ်မှာ မျက်စိမပါလို့ရတယ်… မျက်စိမမြင်ခဲ့လို့ရတယ် ဒါပေမယ့် အဲ့ဒီအချစ်ဆိုတာမှာ ဦးနှောက်နဲ့ စဉ်းစားဉာဏ် နောက်ကနေကပ်ပါလာနိုင်စေရမယ်… အဲ့ဒါမှမဖြစ်သင့်တာတွေ မဖြစ်နိုင်အောင် ထိန်းသိမ်းနိုင်မယ် လေကွယ်…”
ဟုတ်ပါတယ်ရှင်… ဦးလေးပြောတာ မှန်ပါတယ်… ကျွန်မ လက်ခံပါတယ်… ဒါပေမယ့် အခုဟာက… မစဉ်းစားနိုင်တော့ဘူး…
အင်းပေါ့လေ… စဉ်းစားနိုင်ခဲ့ရင်လည်း ချစ်မိမှာ မဟုတ်တော့ပါဘူး….
ဒါပေမယ့် အခုပြသနာက ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ မပြောတတ်တော့ဘူးရှင်… တကယ်တော့ ဖြေရှင်းရမယ့် တစ်ခုတည်းသောပုံစံက ရှိနေပြီးသားပါ… ကျွန်မ လက်ခံနိုင်ဖို့ မကြိုးစားချင်တာ… လက်မခံချင်ဘူး…
“ဦးလေး ပြောတဲ့အတိုင်း သေချာစဉ်းစားကြည့်ပါဦးကွယ်… ငါ့တူမကြီးတို့ နှစ်ယောက်စလုံး ကောင်းဖို့အတွက်ပါပဲ…”
စဉ်းစားရမယ်… စဉ်းစားစရာမလိုပါဘူးရှင်… ကျွန်မ မှားခဲ့တာပါ….
အို…. မိုက်ကယ်ပါလား….
လမ်းထိပ်မှာ ရပ်နေသော သူ့ပုံရိပ်… ဟုတ်ပါတယ်… သူမှ သူအစစ်ပါ.. မမှားပါဘူး…သူ့ကို ကျွန်မဘယ်လိုမှ မမေ့ဘူး… မေ့လို့လည်း မရနိုင်ခဲ့ဘူး… ကျွန်မရဲ့ စိတ်ကူးတွေ အိမ်မက်တွေထဲအထိ တွယ်ငြိထားတဲ့ အဲ့ဒီမျက်နှာလေး… အမြဲတမ်းရွှင်လန်းနေတတ်ပေမယ့် အခုတော့ ငြှိုးငယ်သော မျက်နှာလေးနဲ့ မိုက်ကယ် ကျွန်မ အနားရောက်လို့လာပါတယ်… သူဘယ်လိုထွက်လာပါလိမ့်… သူ့အိမ်က လူတွေသိရင်… ဆူကုန်ရိုက်ကုန်တော့မှာပဲ… ခက်တော့နေပါပြီ…
“မိုက်ကယ် ရှင်ဘယ်လိုထွက်လာတာလဲဟင်…”
“မင်းနဲ့ တွေ့ချင်လွန်းလို့ အိမ်ကလူတွေလစ်တုံး တိတ်တိတ်လေး ထွက်လာခဲ့တာပဲ…”
“ခက်တော့နေပါပြီရှင်…”
“မခက်ပါဘူးကွာ… အခုငါမင်းဆီက အဖြေစကားရချင်လို့ လာခဲ့တာပဲ… ဘယ်လိုလဲဟင်… မင်းစဉ်းစားပြီးပြီမဟုတ်လား… ”
ကျွန်မ ဘယ်လိုပြန်ဖြေရမှာလဲဟင်… သူ့အတွက် အဖြေစကားက ဦးနှောက်က ဆုံးဖြတ်ပေးထားတာက တစ်ခု နှလုံးသားအလိုကျ ဆုံးဖြတ်ထားတာက တစ်ခု…
နှစ်ခုလွန်ဆွဲအားပြိုင်နေကြပြီကော…
“အမျိုးအနွယ်ဆိုတာ စောင့်ရှောက်ထိန်းသိမ်းရတယ်…”
ဦးလေးရဲ့စကားကလည်း ကျွန်မ နားထဲ ပဲ့တင်ထပ်နေပြန်ပါပြီ… နောက်ဆုံးတော့…. နောက်ဆုံးတော့…
“မိုက်ကယ်…”
ခေါ်သံကြောင့် သူခေါင်းမော့လာပါတယ်… သူ့မျက်နှာမြင်လိုက်ရပြန်တော့ ဆုံးဖြတ်ချက်တွေတောင် ယိမ်းယိုင်ချင်သွားပါတယ်… ဒါပေမယ့် အဖြစ်သင့်ဆုံးမို့ ဒီလမ်းကလွဲပြီး ရှောင်လွှဲလို့ မဖြစ်နိုင်ပါဘူး….
“မိုက်ကယ်… ကျွန်မပြောတာကို သေချာဆုံးအောင် နားထောင်ပါနော်… အခုပြောမှာတွေက ကျွန်မတို့နှစ်ယောက်လုံးအတွက်… အဖြစ်သင့်ဆုံးတွေပါပဲ… ”
သူက ခေါင်းငြိမ့်ပြပါတယ်….
“ဘာကိုမှ ထည့်မတွက်တော့ဘဲ… အမှန်အတိုင်းဖွင့်ပြောရမယ်ဆိုရင်တော့…. ရှင်ကျွန်မကို ချစ်သလို ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်… ဒါပေမယ့်… ဒါပေမယ့်…”
“ဒါပေမယ့်…. ဘာဖြစ်လဲကွာ… မင်းကိုယ့်ကိုချစ်တယ်ဆိုပြီးပြီပေါ့… ကျန်တာတွေကို ပြီးမှ ရင်ဆိုင်ကြတာပေါ့ကွာ…”
စောစောက မိုက်ကယ်ရောက်လာစဉ် နှစ်ယောက်သား လွတ်လွတ်လပ်ပြောနိုင်အောင် ခပ်လှမ်းလှမ်းမှာ သွားရှောင်ပေးနေတဲ့ ဦးလေးကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်… ဦးလေးက နှုတ်ခမ်းလေးတွန့်ရုံမျှလေး ပြန်ပြုံးပြပါတယ်… သူ့အပြုံးက ကျွန်မကို တွန်းအားတစ်ခု ပေးလိုက်သလိုပါပဲ…
“ဟင့်အင်း… မဟုတ်သေးဘူးလေ… မိုက်ကယ် ကျွန်မပြောထားသားပဲ ကျွန်မစကားကို ဆုံးအောင် နားထောင်ပါဦးလို့… ”
“အင်းလေ… ဟုတ်ပါပြီ… ပြောပါ…”
“သေသေချာချာ နားထောင်ပါနော်… ကျွန်မ တို့နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူးရှင်…”
“ဘာလို့ မဖြစ်နိုင်ရမှာလဲကွာ… ”
“ဟုတ်ပါတယ်… မဖြစ်နိုင်ပါဘူး… မဖြစ်နိုင်စရာ အကြောင်းတွေက အများကြီးပါရှင်… ရှင်နဲ့ကျွန်မက အခြေအနေတွေ အရမ်းကွာခြားလွန်းပါတယ်… ”
“ကိုယ် အဲ့ဒါတွေကို ဂရုမစိုက်ဘူးကွာ….”
“ဟုတ်ပါတယ်… အဲ့ဒါတွေကို ဂရုမစိုက်လို့ ရပါတယ်… ဒါပေမယ့် ရှင်မဖြစ်မနေ ဂရုစိုက်သင့်တာ တစ်ခုတော့ရှိတယ်…”
“ဘာလဲဟင်… ပြောစမ်းပါဦး”
“အဲ့ဒါကတော့ ရှင်နဲ့ကျွန်မက မျိုးနွယ် မတူတာပဲ…”
“ဟင်…”
“ဟုတ်တယ်မိုက်ကယ်… ရှင်ကော ကျွန်မပါ အဲ့ဒီအချက်ကို မေ့ထားလို့ မရဘူး… ဂရုမစိုက်လို့ မရဘူး… ရှင်နဲ့ကျွန်မက မျိုးနွယ်ကွာခြားတယ်… အဲ့ဒါကြောင့် ဘယ်လိုမှ ပေါင်းစပ်ဖို့ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလေ… အဲ့ဒါကြောင့်ပဲ ရှင့်ကို ကျွန်မ လက်မခံနိုင်ဘူး… အဲ့ဒီ အမျိုးအနွယ်ဆိုတဲ့ တံတိုင်းအတွက်ကြောင့်ပဲ ရှင့်ကို ကျွန်မ ငြင်းရလိမ့်မယ်… ရှင်ပြန်ပါတော့ရှင်… ကျွန်မကိုလည်း မေ့လိုက်ပါတော့… ရှင်နဲ့ မျိုးနွယ်တူတဲ့ ရှင်နဲ့လိုက်ဖက်မယ့်သူကို ရှင်တွေ့လာရဦးမှာပါ… ကျွန်မကို မေ့လိုက်ပါတော့… မဖြစ်နိုင်တဲ့အိမ်မက်ကို ဆက်မက်ချင်မနေပါနဲ့တော့… နိုးထလိုက်ပါတော့နော်… ကျွန်မပြောတာကို သဘောပေါက်တယ်မဟုတ်လား…”
ရှည်လျားစွာနဲ့ ရှင်းပြပြီးသွားတော့ ကျွန်မလည်း အတော်မောဟိုက်ချင်နေပါပြီ…. စကားလုံးတွေနဲ့အတူ ကျွန်မ နှလုံးသားလည်း ကြေမွသွားကုန်ပြီကိုး…..
အတန်ကြာတော့မှ….. သူ့ဆီက သက်ပြင်းချသံတိုးတိုးလေးကို ကြားလိုက်ရပါတယ်………..
“ဟုတ်ပါပြီကွာ… မင်းဆိုလိုချင်တာကို ကိုယ်သဘောပေါက်ပါပြီ… ကိုယ်လက်ခံပါတယ်… လက်မခံနိုင်စရာလည်း မရှိပါဘူး… မစခင်ကတည်းက အဆုံးသတ်မကောင်းမှာကို သိသိကြီးနဲ့တော့ ဒီဇာတ်လမ်းကို အခုကတည်းက ရပ်လိုက်ကြတာပေါ့ကွာ… မင်းရဲ့ ခံယူချက်တွေကို လေးစားစွာနဲ့ပဲ ကိုယ်တို့ လမ်းခွဲကြတာပေါ့ကွာ… ကိုယ်တို့ရဲ့ ချစ်ခြင်းနဲ့ကောင်းသော နှုတ်ဆက်ခြင်းပေါ့… ကိုယ်သွားတော့မယ်… ”
တောင်းပန်ပါတယ်ချစ်သူရယ်… ချစ်ရလွန်းလို့ မမှားချင်တာပါ… နှုတ်ဆက်ပါတယ်ရှင်… နောက်ဘ၀ နောက်ဘ၀တွေမှာ ဒီလိုအဖြစ်မျိုးနဲ့ ထပ်မကြုံချင်တော့ပါဘူးရှင်…
ဘေးနားကို ဦးလေးရောက်လာတာ သတိမထားမိလောက်အောင် သူ့ကို မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ငေးကြည့်နေမိပါတယ်…
“တူမကြီးရယ်… ငါတူမကြီး အကောင်းဆုံးကို လုပ်ခဲ့ပြီးပြီပဲ… နှစ်ယောက်စလုံးအတွက် ဒါက အသင့်တော်ဆုံး နည်းလမ်းပါပဲကွယ်… အရမ်းကြီးလည်း စိတ်မကောင်း ဖြစ်မနေပါနဲ့နော်… ”
မသိတော့ဘူး… ဘာမှ မသိတော့ဘူး… ခံစားရမှာတွေကိုလည်း မတွေးချင်သေးဘူး… ဖြစ်နိုင်ရင်…..
“ဟာကွာ… ဒီမှာ သူများတွေ မင်္ဂလာယူနေပါတယ်ဆို ဒီခွေးတွေက တမှောက် ရှုပ်ကိုရှုပ်တယ်… ရှူး… ရှူး… သွားစမ်းကွာ…”
အော်… ကျွန်မ ခြေဦးတည့်ရာလျှောက်နေတာ… မင်္ဂဆောင်ခန်းမ တစ်ခုရှေ့ ရောက်နေတာပါ့လား.. ဘေးမှာလည်း ဦးလေးက ပါလာသေးတာပဲ… ကျွန်မ တစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ ထင်ပါတယ်….
မှန်းစမ်း… သတို့သားနဲ့ သတိုးသမီးက ဘယ်လိုလူမျိုးတွေပါလိမ့်…..
အို…. သူတို့… သူတို့….
သူတို့တွေက လူမျိုးပျောက်သွားမှာ… မကြောက်တတ်ကြဘူးလား…..
အမျိုးအနွယ်တွေမှာ သွေးရောကုန်မှာ မကြောက်တတ်ကြတဲ့ သူတွေလား…
အမျိုးဂုဏ်ကို တန်ဖိုး မထားတတ်ကြတော့ဘူးလား….. ဘယ်လိုတွေပါလိမ့်….
“ဟောဗျာ သွားပါဆိုနေမှ…. ဒီလောက်ရှိလှတဲ့ကောင်တွေ … ကဲကွာ… ကဲကွာ….”
“မိနီ… နင့်ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်နေသေးလားဟင်…”
ဦးလေးအောင်နက်က ပစ်ပေါက်လိုက်တဲ့ ခဲလုံးကို ရှောင်ရင်းတိမ်းရင်း ကျွန်မကို လှမ်းမေးနေပါသေးတယ်… သူ့မျက်နှာမှာလည်း ကျေနပ်တဲ့ အပြုံးမျိုးလေး တွေ့လိုက်ရပါတယ်… သူလည်းကျွန်မအတွက် ကျေနပ်နေတယ် ထင်ပါရဲ့…..
ကျွန်မ… ကျွန်မ….. ကျွန်မပြန်ပြုံးပြလိုက်မိသေးလား သတိမထားမိတော့ပါဘူးရှင်……..
* * *
(၀န်ခံချက်။ ။ ကျွန်တော်နှင့် မကင်းရာမကင်းကြောင်း အသိုင်းအ၀ိုင်း၏ မင်္ဂလာဆောင်တစ်ခုအတွက် နှမြောတသ ဖြစ်စွာနဲ့ ဒီစာလေးကို ရေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်…။)
အမျိုး၊ဘာသာ၊သာသနာကို အသက်တည်သမျှ စောင့်ထိန်းနိုင်ပါစေ…..
လေးစားစွာဖြင့်….
ကောင်းသီဟကျော်