သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ရွှေဘအတွက် ဟာဒယနေ့ပါဗျာ၊ ပြောချင်လို့ ပြောတာဟုတ်ဝူးနော်.... သူငယ်ချင်းတွေ ပျော်အောင်လို့......
မြန်မာ့ ဗွီဒီယိုဇာတ်ကားများ ဆင်ဆာအကဲဖြတ်ရေး ရုံးတွင်ဖြစ်သည်၊ ထုတ်ဝေသူတစ်ဦးက သူ၏ဇာတ်ကား ဆင်ဆာကျပြီဟု သိရှိသဖြင့် ဆင်ဆာခွင့်ပြုမိန့် ရယူရန် ရောက်လာပါသည်၊ ထိုအချိန်တွင် ဆင်ဆာအကဲဖြတ်ရေးရုံးမှ စာရေးနှင့်တွေ့သည်....
စာရေး။ ဘာများကူညီရလဲခင်ဗျာ၊
ထုတ်ဝေသူ။ သြော်.... ကိုယ်က ဗွီဒီယိုဇာတ်ကား ထုတ်ဝေသူပါ၊ ဟို.... ကိုယ်တို့တင်ထားတဲ့
""ရွှေဘနဲ့ မိန်းမများ"" ဆိုတဲ့ကားလေး ဆင်ဆာခွင့်ပြုမိန့် ကျပြီဆိုလို့ပါကွာ၊
စာရေး။ သြော်.... ဟုတ် ဟုတ်အန်ကယ်၊ ကျပါပြီဗျ၊ ဒီမှာ.... ဆင်ဆာ စိစစ်ခကတော့
၃၁၂၀၀၀ိ/- ကျပါတယ်ခင်ဗျ၊
ထုတ်ဝေသူ။ ဟေ့... ညီလေး မင်း... မင်းမှားနေတယ်ထင်တယ်ကွ၊ ဒီဘောက်ချာမှာတော့
၉၅၀၀၀ိ/- ဆိုပါလား၊
စာရေး။ ဟုတ်တယ်လေဗျာ...
ဆင်ဆာခက တစ်ပေကို ၅ိ/-နှုန်းနဲ့ ပေပေါင်း ၁၃၀၀၀ ဆိုတော့... ၆၅၀၀၀ိ/-
ဝန်ဆောင်ခက ၂၀၀၀၀ိ/-၊ ဆင်ဆာကပ်ခက ၁၀၀၀၀ိ/-၊
ဆင်ဆာပြစက် အလုပ်သမားခက ၁၂၀၀၀ိ/-၊ ဆင်ဆာကြည့်မယ့်နေ့ ဆုံးဖြတ်ချက်ချ
လက်မှတ်ထိုးမယ့်နေ့မှာ လူကြီးတွေ ဧည့်ခံစရိတ်က ၂၀၀၀၀၀ိ/- လေဗျာ၊
ထုတ်ဝေသူ။ ဟာ..... မင်းတို့ လူကြီးတွေ ဧည့်ခံတာကလည်းကွာ.... ဘာကြောင့်များ...
စာရေး။ ဘာကြောင့်... မများနဲ့ဆရာ.... လူကြီးတွေက ရိုးရိုး ဧည့်ခံလို့ရဘူးလေ၊
YKKO ကကြေးအိုး၊ SS ကမလေးရှားခေါက်ဆွဲ၊ ယုဇနက နေကြာစေ့၊
အင်းယားကန်ဘောင်က အကြော်စုံ၊ ပြီးတော့ လက်ဆောင် ပန်းခြင်းတွေနဲ့
ဧည့်ခံရတာခင်ဗျ၊ ဒီလောက်တော့ ရှိမှာပေါ့၊
ထုတ်ဝေသူ။ အဲ.. အဲ့ဒါဆိုရင် မင်းတို့ ဆင်ဆာ လုပ်ငန်းခွင်လေး ကြည့်လို့များ ရမလား ညီရယ်၊
စာရေး။ သြော်.... ရပါတယ်၊ အခု ""ရွှေဘပျောက်လို့ ရင်ကွဲနေသော မိန်းခလေးများ""
ဇာတ်ကားကို ဆင်ဆာလုပ်နေပါတယ်၊ တစ်ခါတည်း ၀င်ကြည့်နိုင်ပါတယ်ခင်ဗျ၊
ဆင်ဆာအကဲဖြတ် စိစစ်ရေးအခန်းတွင် ဆင်ဆာ အကဲဖြတ်သူများ စုံလင်နေကြသည်၊ ဦးဆောင်အကဲဖြတ်သူကို ညွှန်မှူးဟု ခေါ်နေကြပါသည်၊ ထိုစဉ်....
ညွှန်မှူး။ ဟေ့.... ဆင်ဆာကြည့်ကြတဲ့အခါ အသေးအဖွဲဆိုပြီး အလေးမထားပဲ မနေကြနဲ့နော်၊
ဟိုတလောက ဗွီဒီယိုကားတစ်ကားကို အမှတ်တမဲ့ လွှတ်ပေးလိုက်မိလို့....
ဆရာတော်ကြီးတစ်ပါးကို ကျုပ်ကိုယ်တိုင် သွားတောင်းပန်လို့ရသေးသဗျ၊
သာသနာရေး။ ဗျာ..... ဘုန်းကြီးတွေကလည်း ဗွီဒီယိုကြည့်တယ်.... ဟုတ်လား၊
ညွှန်မှူး။ ဟာ.... ထားစမ်းပါဗျာ.... ကဲကဲ.... ဆင်ဆာကြည့်ကြအောင်နော၊
ဇာတ်ကားတွင် ရွှေဘကို ချစ်သော မိန်းခလေးများက မြို့များတွင်သာမက တောရွာများတွင်လည်း ရှိကြသည်၊ တောအရပ်၏ ဇာတ်ဝင်ခန်း တစ်ခန်းပေါ်လာသည်၊ ထိုစဉ်....
ညွှန်မှူး။ ဖြတ်... ဖြတ် အဲ့ဒီအခန်းကိုဖြတ်၊ ရိုက်ကူးသူတွေကို အမြဲပြောထားတယ်ဗျာ၊
ဒီလို စုတ်ပြတ်သပ်နေတဲ့ အခန်းတွေ မရိုက်ပါနဲ့လို့၊ ဒါဟာ နိုင်ငံတော်ရဲ့ သိက္ခာကို
တမင်သက်သက် ကျဆင်းအောင် လုပ်တာပဲ၊
အမိန့်တွေလည်း အထပ်ထပ် ထုတ်ထားရဲ့သားနဲ့ကွာ.....
သာသနာရေး။ ဟင်.... တကယ့်တောသဘာဝမို့ ရိုက်တာပေါ့ဗျာ၊ အဲ့ဒီထက် ဆင်းရဲတဲ့
နေရာတွေတောင် ရှိသေးတာပဲကို၊ ကျုပ်က တစ်နိုင်ငံလုံးလှည့်ပြီး
သာသနာပြုနေတာပါဗျ၊ ကျုပ်အကုန်သိတယ်၊ အဲ့ဒါတကယ့် ဘ၀သရုပ်ပဲ၊
ညွှန်မှူး။ ကဲ... ဘာသာရေးဆရာ၊ ခင်ဗျားနဲ့ဆိုင်တဲ့ ဘုန်းကြီးတို့၊ သီလရှင်တို့
ဇာတ်ကားထဲမှာ ပါလာရင်ပြော၊ အပိုတွေမပြောနဲ့၊
ဇာတ်ကားတွင် ရွှေဘကို မျှော်နေသော ချစ်စရာ မိန်းမပျိုလေးမှာ ရွှေရောင်ကဲ့သို့ ၀င်းဝါသော အသားအရေ၊ သမင်မျက်လုံး၊ ဇင်ယော်တောင် မျက်ခုံး၊ လေးကိုင်းသဏ္ဍန် နှုတ်ခမ်းပိုင်ရှင်.... ၀တ်စားဆင်ယင်မှုမှာလည်း ကိုရီးယားမင်းသမီး ရှုံးရလောက်အောင် ခေတ်ဆန်ပြီး မြင်သူတိုင်း ငေးလောက်သည့် အလှပိုင်ရှင်၊ ထိုစဉ်.....
ယဉ်ကျေးမှု။ ဖြတ်.... ဖြတ် အဲ့ဒီအခန်းကို ဖြတ်.....
ကျန်းမာရေး။ ဟဲဟဲ... ကောင်မလေးက ချစ်စရာလေးပါဗျ၊ ကြည့်လို့လည်း ကောင်းပါတယ်၊
ကျနော်က ကျန်းမာရေး ရှုထောင့်ကပြောတာနော်...၊
ယဉ်ကျေးမှု။ မရဘူးရှင်၊ ဒါကို ခွင့်ပြုလိုက်ရင် ကျုပ်တို့ မြန်မာမိန်းခလေးတွေ
ထမီတောင် ၀တ်တော့မှာမဟုတ်ဖူး၊ စကတ်အတို၊ အကျီလည်ဟိုက်တွေ
အားလုံး ၀တ်ကုန်ကြလိမ့်မယ်... ဟင်းးးးး၊
ဇာတ်ကားတွင် ရွှေဘက သူ့ကိုတကယ် ရင်ထဲက ချစ်နေသော မိန်းခလေးအား ရွေးချယ်ရန်အလို့ငှာ သူတောင်းစား ဟန်ဆောင်လျှက် မြို့အတွင်း လှည့်လည် တောင်းစားနေသည့်အခန်း၊ ထိုစဉ်....
ညွှန်မှူး။ ဖြတ်.... ဖြတ် အဲ့ဒါကိုဖြတ်၊
ကျန်းမာရေး။ ဟာ... သေချာလည်း ကြည့်ပါဦး ညွှန်မှူးရယ်.. မင်းသားက သူဌေးသားပါဗျ၊
သူ့ကို တကယ်ချစ်တဲ့ မိန်းခလေး ဘယ်သူဆိုတာ သိချင်စိတ်နဲ့ လေ့လာ.....
ညွှန်မှူး။ ဟောဗျာ... ဘယ်လိုလုပ် ခွင့်ပြုလို့ရမှာလဲဗျ၊ ဒါကိုသာ တိုင်းတစ်ပါးက ကြည့်မိရင်
ကျုပ်တို့နိုင်ငံမှာ ဒီလိုပဲ တောင်းစားနေသူတွေ ရှိသလား ဘာလားနဲ့ နိုင်ငံရဲ့
ဂုဏ်သိက္ခာ ကျဆင်းမှာ အမှန်ပဲ၊
ကျန်းမာရေး။ အယ်... ညွှန်မှူးကလည်းဗျာ... အပြင်မှာလည်း ဒါမျိုးတွေ တကယ်ရှိနေတာပဲ၊
ညွှန်မှူး။ အပြင်က အပြင်ဗျာ၊ ဒါက ဗွီဒီယိုကားဗျ၊ နေစမ်းပါ ဆရာဝန်ရယ်......
ဆေးလိပ်သောက်တဲ့ အခန်းပါ မပါသာကြည့်စမ်းပါ၊ မဆိုင်ရင် မပြောစမ်းနဲ့၊
ဇာတ်ကားတွင် မိန်းမချောလေး တစ်ဦးမှ ရွှေဘအား ချစ်ရေးဆိုသည့် အခန်းဖြစ်သည်၊ မိန်းမချောလေးမှာ ရုပ်ဆင်း ရူပကာအရ အလွန် ချစ်မြတ်နိုးဖွယ် ကောင်းလေသည်၊ ထိုစဉ်.....
ယဉ်ကျေးမှု။ ဖြတ်..... ဖြတ် အဲ့ဒီအခန်းကိုဖြတ်၊
သာသနာရေ။ ဟာဗျာ..... ဖြတ်ရပြန်ပြီလား၊ ဒီလောက်ကောင်းတဲ့ ဇာတ်ဝင်ခန်းကိုများနော်...
အင်းပေါ့လေ... ဒါကြောင့်လည်း ဒင်း.... အပျိုကြီးဖြစ်နေတာနေမှာ...၊
ယဉ်ကျေးမှု။ ဘာပြောတယ်ရှင့်... ဒါဟာ ကိုရီးယားကို အတုခိုးပြီး မြန်မာအမျိုးသမီးတွေကို
စော်ကားတဲ့သဘောပဲ၊ လုံးဝကို လက်မခံနိုင်ဘူး၊
ဇာတ်ကားတွင် ရွှေဘသည် သူ့ကို တစ်ဖက်သပ် ချစ်ရေးဆိုနေသော သူဌေးသမီး၏ အကြောင်းစုံကို သိလိုစိတ်ဖြင့် ဆင်းရဲသား ဟန်ဆောင်ကာ ကောင်မလေး ဖခင်၏ ကုမ္ပဏီတွင် အလုပ်လျှောက်လေရာ သူ၏ပညာအရည်အချင်း အမှန်ကို တင်ပြပါက သူဌေးသားဟု ရိပ်မိမည်ကို စိုးရိမ်ပြီး ဘွဲ့မရသော ၀န်ထမ်းအဖြစ် လျှောက်ထားသဖြင့် မန်နေဂျာမှ လက်မခံမှုကို အဆင်ပြေစေရန် မုန့်ပုံးထဲတွင် ငွေများထည့်ပြီး လာဘ်ထိုးကန်တော့သည့်အခန်း၊ ထိုစဉ်......
ညွှန်မှူး။ ဖြတ်.... အဲ့ဒီအခန်းကို ဖြတ်၊ ဒါဟာ ဒို့ဝန်ထမ်းတွေကို သက်သက်မဲ့ စော်ကားတာ၊
ရဲ။ ဟုတ်တယ်ဗျ၊ ဒါဟာ ကျုပ်တို့ဝန်ထမ်းတွေကို သက်သက်မဲ့ ဂုဏ်သိက္ခာကျအောင်၊
အထင်သေးအောင်လုပ်တာ၊ ဂွတ်ဂါးဗားမန့်၊ ကလင်းဂါးဗားမန့် လုပ်နေချိန်မှာ
ဒီအခန်းက လုံးဝမပါသင့်ဘူး။
ဇာတ်ကားတွင် ရွှေဘ၏ မင်္ဂလာဦးည ဖြစ်ပါသည်၊ ရွှေဘနှင့် သူ၏ ချစ်ဇနီးချောလေးတို့ အိပ်စက် အနားယူရန် ပြင်ဆင်နေပါသည်၊ မင်္ဂလာဦးညဖြစ်သဖြင့် မိန်းမချောလေးနှင့် ရွှေဘတို့မှာ ရှက်သွေးဖြာနေကြသည်၊ သူတို့နှစ်ဦး ခုတင်ပေါ် ရောက်ချိန်တွင် မီးပျက်သွားလေတော့သည်၊ ထိုစဉ်......
ညွှန်မှူး။ ဖြတ်..... အဲ့ဒီအခန်းကို ဖြတ်၊ ဘာလဲဗျာ၊ ဒို့နိုင်ငံမှာ လျှပ်စစ် ဓါတ်အားတွေ
ပိုလျှံနေပါတယ်၊ ပြည်ပကိုတောင် ရောင်းစားနေရပါပြီလို့ လျှပ်စစ်ဌာနက
မီဒီယာတွေကို ပြောနေချိန်မှာ ဇာတ်ကားထဲမှာ ဒီလိုမျိုး မီးပျက်ရတယ်လို့၊
ပညာရေး။ ဟာ... ညွှန်မှူးရယ်... အပြင်မှာလည်း ဒီလိုပဲ မီးက ပျက်နေကျပဲလေဗျာ၊
ညွှန်မှူး။ အေး... အပြင်မှာ ပျက်ချင်ပျက်မယ်၊ ဒီကားက နိုင်ငံတကာကိုပို့မယ့်ကား
မီးပျက်လို့ လုံးဝ မရဘူးဗျာ၊
ဇာတ်ကားတွင် ရွှေဘနှင့် လက်ထပ်လိုက်သော မိန်းမချောလေးကို အသည်းအသန် ကြွေနေသော သူဌေးသားနှင့် တပည့်တစ်သိုက်က ရွှေဘတစ်ဦးတည်း ပန်းခြံထဲတွင် အပန်းဖြေနေခိုက် ၀ိုင်းဝန်း ရိုက်နှက်ကြလေသည်၊ ရွှေဘမှာ... သနားစရာပင်၊ ထိုစဉ်......
ရဲ။ ဖြတ်.... အဲ့ဒီအခန်းကို ဖြတ်၊ ဘာလဲဗျာ.. ဒီလောက် လူမြင်ကွင်းကြီးမှာ
တော်တော်လည်း မင်းမဲစရိုက်ဆန်ပါတယ်၊ ဒါဟာ ဥပဒေ စိုးမိုးမှု မရှိဘူးဆိုပြိး
ကျုပ်တို့ရဲတွေကို စော်ကားသလို ဖြစ်နေပြီလေ၊
ဆရာဝန်။ ကိုရဲကြီးရယ်... ဒါက ဗွီဒီယိုရိုက်တာလေဗျာ၊ နိုင်ငံခြားကားတွေဆို ဘယ်လိုလုပ်မလဲ၊
မင်းသားက ကားနဲ့ရှေ့ကသွား၊ လူဆိုးတွေက နောက်က သေနတ်နဲ့
လိုက်ပစ်ကြတယ်လေ၊
ရဲ။ အဲ့ဒါက နိုင်ငံခြားဗျ၊ ဒါက မြန်မာနိုင်ငံ တရားဥပဒေက စိုးမိုးမှု အပြည့်ပဲ၊
သာသနာရေး။ ဟာ.... ကိုရွှေရဲ ကြည့်လည်းပြောပါဦးဗျာ...
တော်တော် ဥပဒေစိုးမိုးတယ် ဟုတ်လား၊
ဟိုတလောက မြို့လယ်ခေါင်မှာ လူတစ်ယောက်ကို ကားနဲ့ မသေမချင်း
တိုက်သတ်တဲ့အမှု၊ စားသောက်ဆိုင်မှာ လူတစ်ယောက်ကို
လူ(၁၅)ယောက်လောက်က မသေမချင်း ဒါးနဲ့ ၀ိုင်းထိုးတဲ့အမှုတွေ ဖြစ်တုန်းက
ခင်ဗျားတို့ရဲတွေ ဘယ်ရောက်နေလဲ... မာဆတ်ကို ရောက်နေတာမို့လား၊
ထိုကဲသို့... အငြင်းအခုံ ဖြစ်ကြရာက
ဆင်ဆာ အကဲဖြတ်အဖွဲ့များ အချင်းချင်း ခိုက်ရန် ဖြစ်ပွားကြသဖြင့်
ဗွီဒီယို ဇာတ်ကား ထုတ်ဝေသူဟာ ထိုနေရာမှ အမြန်ဆုံး ပြေးထွက်ခဲ့ရပါသတဲ့.... ခင်ဗျာ၊
အောင့်မျက်လေးးးးး လေးးးး မောလိုက်တာ.....