တိုင်တွဲလည်းမစားရတော့ဘူး
အညာဒေသတစ်နေရာက ဖြစ်ရပ်မှန်တစ်ခုပါ။
စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် အတွင်းက ရွာလေးတစ်ရွာက အကြောင်းပါ။
ဒီရွာလေးက အရာတော်မြို့ရဲ့ အမြောက်ဘက်ဆယ်မိုင်ကျော်ကျော်လောက်မှာ တည်ရှိပါသတဲ့။ မ.ဆ.လ.ပါတီခေတ်ကပေါ့ဗျာ။
အဲဒီနယ်က အလေ့အထလေးတစ်ခုကို အရင်ဆုံးတင်ပြပေးမယ်နော်၊
ရပ်ရွာမှာ သူကြီးဖြစ်လျှင် သူကြီးအိမ်မှာ ရွာဘုံ မောင်းကြီးတစ်လုံး ထားပေးရတယ်။ ဘာအတွက်လည်းဆိုတော့ အရေးကြီးသည့်လူများ ဆင့်ခေါ်ဖို့ တဲ့။
ဥပမာ အိမ်မှာ သူကြီးမရှိလို့ သူကြီးကို ခေါ်ချင်ရင် မောင်းတစ်ချက် ထုရတယ်။ ဒူ ဟူ……………. ပေါ့။
အတွင်းရေးမှူးကို ခေါ်ချင်ရင် နှစ်ချက်၊
ရွာဆော်ကို ခေါ်ချင်ရင် သုံးချက်၊
စာရေးကိုခေါ်ချင်ရင် လေးချက်၊
တစ်ရွာလုံး တစ်အိမ်တစ်ယောက်ခေါ်ချင်ရင် ငါးချက် စသည်ဖြင့်ပေါ့၊ ။ အခုခေတ်လို အသံချဲ့စက်တွေ မိုက်တွေ မပေါ်သေးဘူးလေ။ အခုတော့ အဲဒီ ဒေသမှာ ခေတ်မှီ လာပြီ၊ ခေါ်ချင်သူကို မိုက်နဲ့ ခေါ်ကြတော့တယ်၊
ရပ်ရွာမှာ ဟင်းစားဖို့ အမဲဖော် ၀က်ဖော်ရင် သူကြီးကို အခွင့်တောင်း တိုင်တမ်းသည့်အနေဖြင့် ဟင်းတစ်တွဲ (တစ်ပိဿာချိန်ပြီး နှီးနဲ့တွဲထား) ကို ပေးရပါတယ်။ ထိုဟင်းတွဲကို တိုင်တွဲ လို့ ခေါ်ကြပါတယ်။ နွားတစ်ကောင်ဖော်ရင် တစ်တွဲ ၀က်တစ်ကောင်ဖော်ရင် တစ်တွဲ စသဖြင့် ပေါ့လေ သူကြီးကိုပေးရတာ။။ ဒီလိုနဲ့ သူကြီးလုပ်သူအိမ်မှာ အမဲသား ၀က်သား မပြတ်တော့ဘူးပေါ့။
ဒါနဲ့ လေးနှစ်ပြည့်လို့ သူကြီးသက်တမ်းကုန်လို့ ဆက်မလုပ်ဖြစ်တော့ရင် ရပ်ရွာက မကြိုက်တော့လို့ အခြားသူတစ်ယောက်ကို
ထောက်ခံမဲပေးလိုက်ရင် ပြုတ်ပြီပေါ့ နားတော့ပေါ့၊ ရာထူးပြုတ်တာနဲ့ တပြိုင်နက်ထဲ အိမ်မှာ ထားတဲ့ မောင်းကို သူကြီးသစ်ထံ လွှဲပေးလိုက်ရတော့တယ်။ တိုင်တွဲလည်း မရတော့ဘူးပေါ့။ ရာထူးပြုတ်တဲ့နေ့က စပြီး သူကြီးဟောင်းအိမ်က ထမင်းစားဝိုင်းမှာ အသားဟင်း မတွေ့ရတော့ပါ။ ထို အဖြစ်အပျက်ကို သူကြီးဟောင်းကြီး၏ (၇)နှစ်အရွယ် သားကလေးက စိတ်ပျက်ပျက်နဲ့ ညည်းလိုက်ပုံက………
မောင်းကြီးလဲ ချိတော့ဘူး......
တိုင်တွဲလဲ ချားရတော့ဘူး………. ဟူသည်တည်း။
ကြိုးစားပါဦးမည်
ဧပရယ်စံ