ဒီနေ့ မိုးတွေ အရမ်းရွာနေပါတယ်။ ဆရာမနှင်းမေ ဆီကို သူ့ရည်းစားမှ စာတွေ အများကြီးပို့လိုက်တယ်ဆိုတဲ့အကြောင်းကိုလည်း ကျောင်းသားများရဲ့ တဆင့်စကား တဆင့်နားနဲ့ ကြားသိခဲ့ရတယ်။ ဆရာမတစ်ယောက် စာတွေဖတ်ပြီး ပျော်နေလို့ ထင်ရဲ့။ ကျွန်တော်တို့ အတန်းစာသင်ချိန်မှာ ရောက်မလာဘူး။ ကျောင်းသားသဘာဝ ဆရာမ မလာရင် ပျော်လို့ပေါ့။ ကျွန်တော်တို့ ကျောင်းသားတွေက ဆရာမနှင်းမေကို ဆရာမြတ်စိုးနဲ့ သဘောတူတာလေ။ ဆရာမြတ်စိုးကို ဘယ်လောက်တွန်းတွန်း မရဘူး။ ဆရာမကိုတော့ ချစ်ကြောက်ရိုသေမို့ သူမကြိုက်လောက်ဘူး ထင်ရင် ဘာမှ မပြောရဲဘူး။ ကျွန်တော်တို့ ဆူညံနေအောင် ဆော့နေလို့ ထင်တယ်။ ဆရာမ သူ့အခန်းထဲမှ ထွက်လာတာ မြင်လိုက်ရတယ်။ “ဆရာမ လာပြီ”ဆိုတဲ့ သတိပေးသံနဲ့အတူ အားလုံးတိတ်သွားတယ်။ အတန်းထဲဝင်လာတဲ့ ဆရာမကို “မင်္ဂလာပါ ဆရာမ”လို့ ကျွန်တော်တို့က နှုတ်ဆက်ပေးမဲ့ ဆရာမက ဘာမှ ပြန်မပြောဘူး။ သူ့စားပွဲမှာပဲ ငုတ်တုတ်လေး ထိုင်နေတယ်။ ဆရာမ ရှိနေတော့ ကြောင်ရှိနေတဲ့ ကြွက်များလိုပေါ့။ အားလုံးက တိတ်ဆိတ်လို့။
(၁၅) မိနစ်လောက် ကြာနေပြီ။ ဆရာမက ဘာမှ မပြောဘူး။ ကျွန်တော်တို့ ကျောင်းသားတွေက တိုးတိုး တိုင်ပင်ပြီး “ လိပ်ဖြစ်ရတာ စိတ်ညစ်တယ်၊ အခွံထူလို့ကွယ်၊ စာဖတ်ရတာ စိတ်ညစ်တယ်၊ ရည်းစား ပစ်လို့ကွယ် ” လို့ ဆရာမကို စကြ နောက်ကြတယ်။ ဒီတော့ ဆရာမက ကျွန်တော်တို့ကို ပညာပေးတော့တာပေါ့။ မီနင်း အလုံး ( ၆၀) ပြန်ရတယ်။ တစ်ခါပြန်ရင် မီနင်း အလုံး (၂၀) ။ နောက်ဆုံး အကြိမ် ပြန်ကြတော့ သူငယ်ချင်း မောင်တင့်က ချီးပန်းပါလေရော။ မောင်တင့်က careful လို့လည်း ဆိုလိုက်ရော ချီးပန်းထွက်လာတယ်။ အဲဒါကြောင့် မောင်တင့် နာမည်တစ်လုံး တိုးသွားတယ် “ကဲယားဖူး ပေါင်လူးသည်” တဲ့။ တင်းမာနေတဲ့ ဆရာမ မျက်နှာက ရှုံ့မဲ့ သွားတယ်။ နှာခေါင်းကိုလည်း ပိတ်ထားတယ်။ သူ့ကိုသူလည်း မယုံကြည့်တဲ့ ပုံစံနဲ့ နောက်ပိုင်း အောက်ပိုင်းတွေကို ကြည့်တယ်။ ပြီးတော့ ဘေးပတ်ပတ်လည်ကို ကြည့်တယ်။ လက်ပိုက် မတ်တပ်ရပ် စာပြန်နေတဲ့ မောင်တင့်ကို ကျွန်တော်တို့ ကြည့်လိုက်မိတယ်။ သူက ရှော့ပင် အတိုဝတ်ထားတာပါ။ ဒီတော့ သူ့ပေါင်မှာ ၀ါဝါ အကြောင်းတွေကို တွေ့လိုက်ရတယ်။ မောင်တင့်ကိုယ်တိုင်တောင် သိလိုက်ပုံ မပေါ်ပါဘူး။
မောင်တင့် ပေါင်မှာ ၀ါဝါ စီးကြောင်းတွေ မြင်ရလို့ ပြောပြလိုက်ချိန်မှာတော့ ဆရာမက သူ့ဘယ်လက်ဝါးနဲ့ ပါးစပ်ကိုပိတ်ကာ ရယ်ပါတော့တယ်။ တင်းမာနေတဲ့ ဆရာမမျက်နှာလေး မောင်တင့်ကြောင့် ပြုံးရွှင်လာခဲ့ပါတယ်။ ကျွန်တော်ရယ် လှမင်းဦးရယ် မောင်တင့်ကို အိမ်လိုက် ပို့ရတယ်။ မိုးအေးနေသဖြင့် ၀မ်းပျက်တာ ဖြစ်မှာပေါ့နော်။ ကျွန်တော်တို့ ပြန်လာတော့ ဆရာမက “ မင်းတို့ ဆရာမကို မပြောင်လှောင်သင့်ဘူး၊ ဆရာမ တကယ်စိတ်ညစ်နေတာ၊ မင်းတို့ဆီ ပြောင်းခွင့်ကြတော့ ဆရာမချစ်သူနဲ့ အကြီးအကျယ် စကားပြောရတယ်၊ ဒီရောက်ပြီး မကြာခင်မှာလည်း ပြန်ခေါ်တဲ့ စာတွေရောက်လာတယ်၊ ဒါပေမဲ့ မင်းတို့ကို ချစ်တဲ့စိတ်နဲ့ ဆရာမ မပြန်ဘူး၊ ခု သူက နောက်တစ်ယောက်နဲ့ လက်ထပ်တော့မယ်၊ ဆရာမ တကယ် စိတ်ညစ်မိတယ်၊ မင်းတို့က ပြောင်တော့ စိတ်တိုတာပေါ့၊ ဆရာမက မင်းတို့အတွက် ဘ၀တစ်ဝက်ကို ပေးဆပ်ထားသူပါ၊ မင်းတို့ ဆရာမရဲ့ စေတနာကိုတော့ နားလည်ပေးကြပါ၊ ဆရာသမားတွေက တပည့်တွေအတွက် ဘ၀တစ်ဝက်ကို ပေးဆပ်ထားကြသလို မိဘတွေဟာလည်း သားသမီးတွေအတွက် ဘ၀တစ်ဝက်ကို ပေးဆပ်ထားကြတာပါ ” လို့ ၀မ်းနည်းမှု့များစွာနဲ့ ပြောပါတယ်။
စိတ်မကောင်းဖြစ်လိုက်တာနော်။ ကျွန်တော်တို့အားလုံး မပြောင်လှောင်သင့်တဲ့ ပုဂ္ဂိုလ်တွေထဲ ဆရာနဲ့ မိဘ ပါနေတယ်ဆိုတာကို သိကြပါနော်။ ဆရာနဲ့မိဘများဟာ ကျွန်တော်တို့ အတွက် ဘ၀တစ်ဝက်ကို ပေးဆပ်ထားကြတယ်ဆိုတာကို သိပေးကြပါ။ တစ်ခါတစ်လေ ဆရာ မိဘတွေကို ဘယ်သူ့ကိုတော့ ပိုတယ် ဘယ်သူ့ကိုတော့ သာတယ်ဆိုပြီး တစ်ဘက်သတ်အမြင်နဲ့ မကြည်လင်တာတွေ ဖြစ်မိကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဘ၀တစ်ဝက်ကို ပေးဆပ်ထားကြတဲ့ မေတ္တာနဲ့ စေတနာကိုတော့ နားလည်သင့်တာပေါ့နော်။ အဲဒီအချိန်ကို ပြန်လည် သတိရစွာဖြင့် ---
လိုချင်လို့ပဲ ဖြစ်ဖြစ်၊
အပျော်လွန်လို့ပဲ ဖြစ်ဖြစ်၊
တာဝန်အရပဲ ဖြစ်ဖြစ်၊
ဘ၀တစ်ဝက်ကို ပေး၊
ကျွေးမွေး စောင့်ရှောက် သင်ကြားခဲ့တဲ့၊
မေတ္တာနဲ့ စေတနာ အတွက်၊
မိဘနဲ့ ဆရာသမားများကို၊
အမြဲတမ်း ကျွန်တော်
ဦးတင်လျှက်ပါ -- လို့
ကာရံမညီတဲ့ ကဗျာလေး တစ်ပုဒ်ကို စာစီမိခဲ့ပါတယ်။
ကျွန်တော့်လို ဆရာသမားကို ပြောင်လှောင်ခဲ့သူမျိုး ဖြစ်ကြလိမ့်မယ်လို့တော့ သူငယ်ချင်းများကို မထင်မိပါဘူး။ သူငယ်ချင်းတို့က လိမ္မာကြလိမ့်မယ်ဆိုတာကို ယုံကြည်ပါတယ်။ တကယ်လို့များ ကျွန်တော့်လို လုပ်ခဲ့မိကြတယ်ဆိုရင်တော့ ရှိခိုးတောင်းပန်ထားကြဘို့ အသိပေးချင်ပါတယ်နော်။ သူငယ်ချင်းတို့ရေ မိဘနဲ့ ဆရာသမားတွေဟာ တို့အတွက် ဘ၀တစ်ဝက်ကို ပေးဆပ်ထားကြတဲ့ သူတွေပါ။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း