ဒီရက်ပိုင်းအတွင်း မြန်မာလူမျိုးတွေရဲ့ ကြားမှာ ရေပန်းစားနေတဲ့ သတင်းတစ်ခု၊ ငြိမ်းချမ်းစွာ အသွင်
ကူးပြောင်းနိုင်ရေးနဲ့  စပ်တဲ့ သတင်းတွေပါ။ ဟိုနေရာမှာလည်း ဒီသတင်း၊ ဒီနေရာမှာလည်း ဒီသတင်း၊ သတင်းကို
အနှစ်ချုပ်ပြောရရင်တော့ " ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ " သို့  အသွင်ကူးပြောင်းရေးနဲ့ စပ်တဲ့ သတင်းစကားတွေပါ။
လူပြောသူပြောများလာတဲ့ သတင်းဆိုတော့ (ဟို အရင်အခါများက ဒီမိုကရေစီစကားပြောရင် ဆန့် ကျင်ရေး
စကားလို့ အထင်ရောက်နေကြပြီး ကြောက်ရှောင် ရှောင်နေကြတဲ့) အမျိုးသမီးတွေလည်း စိတ်ဝင်စား
လာကြဟန်တူတယ်။
ဒီမိုကရေစီစကား စတင်ပြောကြားလာကြတယ်။ စိတ်ဝင်စားစရာပါ။ လူအများစုဟာ ဒီမိုကရေစီစကား ပြောနေ
ကြပေမဲ့ဒီမိုကရေစီရဲ့ အနှစ်သာရက ဘာလဲဆိုတာ မသိသူကများနေသေးတယ်လို့ ထင်မိတယ်။ တစ်ချို့ ကလည်း ဗုဒ္ဓ
ဘာသာပီပီ ဒီမိုကရေစီကို ဘုရားဟောခဲ့သလားလို့  မေးသူများပင်ရှိလာတယ်။
ဒီတော့" ဒီမိုကရေစီကို ဘုရားဟောခဲ့သလား " ဆိုတာ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်မိတယ်။
ဟုတ်ပါရဲ့။ ဘုရားဟော စကားတော်တွေထဲမှာ " ဒီမိုကရေစီ " ဆိုတဲ့ စကားပါ၊ မပါပေါ့။ စဉ်းစားနိုင်ဖို့ ပါ
ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်ကို ဂရိ(Greek) နိုင်ငံက စင်ကျူရီ ငါးရာစုနဲ့  လေးရာစု အလယ်ပိုင်းလောက်မှာ
နိုင်ငံရေးပေါ်လစီတစ်ခုအနေနဲ့  စတင်ခဲ့တာလို့  ပေါ့ပေါ့ပါးပါးသိထားဖို့ ပါ။
ပြည်သူတွေကလည်း ပြည်သူတွေအတွက် အုပ်ချုပ်သူအစိုးရအဖွဲ့ ကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်
ပေးရတဲ့ နိုင်ငံရေးတစ်ခုပါ။ ပြည်သူပြညားးတွေက တင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့  နိုင်ငံတွင်းမှာနေကြတဲ့ ပြည်သူ
ပြည်သားတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့  လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တို့ ကိုရရှိကြတယ်။
ပြည်သူ ပြည်သားတွေက ရွေးကောက် တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတတို့ ၊ ပြည်ထောင်စုဝန်ကြီးတို့  ၊ ပြည်သူ့
လွှတ်တော်အမတ်တို့ က နိုင်ငံတော်နှင့် ပြည်သူပြည်သားများ အတွက် လူနေမှုစနစ်များ၊ စီးပွါးရေးစနစ်များ၊ ပညာ
ရေးစနစ်များ၊ ကျန်းမာရေးစတဲ့စနစ်များ မြင့်မားတိုးတက်နိုင်စေရန်သင့်လျော်လျောက်ပတ်တဲ့ ဥပဒေများကို ပြဋ္ဌာန်း
သတ်မှတ်ပေးကြရတယ်။
အတိုချုပ်ပြောတော့ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူတွေကို မျှမျှတတ အုပ်ချုပ်နိုင်ရေးအတွက် ပြည်သူ
တွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမျိုးကိုခေါ်တာ။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်တစ်ခုဖြစ်ပြီး၊ ပြည်သူ နဲ့ 
အစိုးရကြားမှာ နိုင်ငံရေးပါဝါကို အညီအမျှ မျှဝေပြီး နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးတစ်ခုပါ။ ဒီမိုကရေစီစနစ်
မှာ ပြောဆိုလေ့ ပြောဆိုထရှိတဲ့ စကားသုံးလုံးမှာ -
(၁)လွတ်လပ်စွာ ပြောဆိုခွင့် =(Freedom of speech)
(၂)လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် =(Freedom of press) နဲ့ 
(၃)လွတ်လပ်စွာ ကိုးကွယ်ခွင့် =(Freedom of religion)
ဒီလိုအခွင့်အရေးများကို လူတိုင်းရရှိနိုင်အောင် အစိုးရက ခွင့်ပြုပေးရတဲ့ စနစ်မျိုးလို့ ဆိုရမှာပါ။
ဒီမိုကရေစီဆိုတဲ့စကားဟာ မြန်မာစကားမဟုတ်ပါ၊။ ဂရိဘာသာစကာမှ ဆင်းသက်လာတဲ့ ဆင့်ပွါးမျိုးဖြစ်
တဲ့ ဘာသာစကားပါ။ ရှေးအလွန်ကျတဲ့ ဂရိနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်မှာ အစဦးပိုင်းတွင် နေရာခပ်များများမှာ မိုနာခိစ်
(Monarchies) ဘုရင်ဧကရာဇ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့တယ်။ ထိုမှတဆင့် အိုလီဂါခိစ် (Oligarchies) လူ
အနည်းစု အုပ်ချုပ်ရေးစနစ်၊ ထို့ နောက်တိုင်ရန်နိစ် (Tyrannies) အာဏာရှင် (သို့ မဟုတ်) အာဏာရှင်များ အုပ်ချုပ်
ရေးစနစ်၊ ထို့ နောက် ဒီမိုကရေစီ(Democracies) ပြည်သူက လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားတဲ့ ဗဟိုအစိုးရ
အဖွဲ့ က အုပ်ချုပ်တဲ့ အုပ်ချုပ်စနစ်ဆီသို့  အဆင့်ဆင့်ကူးပြောင်းလာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။
ဒီလို ဂရိနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်များကို ပိုင်းခြားသတ်မှတ်ပြီး၊ ဝေဖန်ထောက်ပြသွားသူကတော့ ပလေတို
(Plato) ရဲ့တပည့်ကြီးများထဲမှာ ထင်ရှားလှတဲ့ အရစ်စတိုတယ်လ်(Aristotle)ဖြစ်တယ်။ ဂရိလူမျိုး ဖီလိုဆိုဖာကြီး
ဆိုကရတီးစ်(Socrates)က သူ့ ခေတ် သူ့ အခါမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဗြောင်ကျကျ ဝေဖန်ခဲ့ပြီး၊ ဒီမိုကရေ
စီအုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်အားသာချက်များကိုလည်း ထုတ်ဖော်ဝေဖန်သွားခဲ့တယ်။ Politics စာအုပ်ကြီးကို
ရေးသွားတဲ့ ဆိုကရတီးစ်ရဲ့ ထင်ရှားတဲ့ တပည့်ကြီးလည်းဖြစ်၊ အကယ်ဒမီ (Academy) လို့ ခေါ်တဲ့ တက္ကသိုလ်
(University) ကျောင်းတော်ကြီးတစ်ခုကို တည်ထောင်သွားခဲ့တဲ့ ပလွေတို ကတော့ သူ့ ဆရာကြီး ဆိုကရတီးစ်ရဲ့
နိုင်ငံရေး အယူအဆများအတိုင်းသာ ဆက်လက်ကျင့်သုံးပြောဆိုသွားခဲ့တယ်။ ဘယ်အုပ်ချုပ်ရေးစနစ်မျိုးကိုမဆို
အားနည်းချက် အားသာချက်မျိုးဆိုတာ ရှိတတ်စမြဲမို့ " ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်နေတဲ့ သူများ" သတိများလည်း
ထားနိုင်ကြဖို့ ပါ။
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ စပ်၍ နိုင်ငံရေး စကားများများ မပြောတတ်သူမို့  စိတ်ထဲမှာ မှတ်မိနေတဲ့
ဒီမိုကရေစီနဲ့ စပ်တဲ့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဂျဝါဟလာနေရူး(Jawaharlal Nehru) ပြောသွားတဲ့စကားတစ်ခွန်းကိုပဲ
လက်ဆင့်ကမ်းပြောပရစေ။ ၀န်ကြီးချုပ်နေရူးက " ကျုပ်ကတော့ အုပ်ချုပ်ရေးစနစ်တွေထဲမှာ ဒီမိုကရေစီကို အကြိုက်
ဆုံးပဲ။ ဘာကြောင့်လည်းဆိုရင် အကောင်းများလို့ ပါ" တဲ့ ။ အုပ်ချုပ်ရေးစနစ်များနဲ့ ပတ်သက်၍ ဆင်ခြင်နိုင်ဖို့ နဲ့ 
စဉ်းစားနိုင်ကြဖို့ ပါ။
ဘုရားဟောတရားတော်တွေထဲမှာ " ဒီမိုကရေစီ " ဆိုတဲ့ စကားပါ-မပါ စဉ်းစားပြီးလောက်ရောပေါ့။ ဒီမို
ကရေစီဆိုတဲ့စကားဟာ မြန်မာစကား မဟုတ်သလို ပါဠိစကားလည်းမဟုတ်ပါ။ ဂရိဘာသာစကားမှ ဆင်းသက်လာတဲ့
စကားပါ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးဝေါဟာရစကား အသုံးအနှုံးဖြစ်ပေမဲ့၊ အဲဒီစကားရဲ့အနှစ်သာရက နိုင်ငံကို အုပ်ချုပ်
သူများနှင့် ပြည်သူပြည်သားများပူးပေါင်း၍ သာယာတဲ့ လူ့ ဘောင်ကို တည်ဆောက်နိုင်ရန် ကိုယ်ကျင့်သိက္ခာ(Ethics)
မြင့်မားရေးနဲ့  လူသားတစ်ယောက်၌ ရှိသင့်တဲ့ စာနာစိတ်နဲ့ ကိုယ်ချင်းစာစိတ်များ(Humanitarianattitudes)ဖွင့်ဖြိုးရေး
တို့ ကို စုပေါင်းဆောင်ရွက်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုလို့ ဆိုရမှာပါ။
ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အစိုးရက ဥပဒေများကိုရေးဆွဲပြီး ပြည်သူများကို ကာကွယ်ပေးတဲ့
အုပ်ချုပ်ရေးစနစ်တစ်ခုလို့ လည်း ဆိုရမှာပါ။ အုပ်ချုပ်ရေးစနစ်မှာပါဝင်တဲ့ စံနှုန်းတွေက " လွတ်လပ်စွာပြောဆိုခွင့်၊
လွတ်လပ်စွာပုံနှိပ် ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် " များ အပြင် လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင်ခွင့်များ
ကို ရရှိနိုင်ရေး၊ တရားမျှတစွာ အုပ်ချုပ်နိုင်ရေး၊ အကြမ်းမဖက်ရေး ၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှုမျိုးကို တားဆီးရေး၊
လူ့ အခွင့်အရေးများ၊ နိုင်ငံတော်ရဲ့ အခွင့်အရေးများ တန်းတူရည်တူရရှိနိုင်ရေး၊ လုံခြုံတဲ့ဘ၀မျိုးနဲ့  နေနိုင်ရေးစတဲ့
အရေးတွေပါဝင်တယ်။
မြန်မာလူမျိုးများ ဒီလိုအခွင့်အရေးတွေကို အသက်အသွေးတွေပေးပြီး တောင်းဆိုနေကြခြင်းဟာ(သို့ မဟုတ်)
တောင်းဆိုရတဲ့အလုပ်တွေကို လုပ်နေရခြင်းဟာ အုပ်ချုပ်သူ လူတန်းစားများနဲ့  အုပ်ချုပ်ခံလူတန်းစားတို့ ရဲ့ သန္တာန်မှာ
ကိုယ်ကျင့်သီလနှင့် ဗြဟ္မစိုရ်တရားတွေ ဆိတ်သုဉ်းသွားခဲ့ကြတဲ့အတွက်ကြောင့် ဖြစ်ရခြင်းပါ။ အုပ်ချုပ်သူများအတွက်မူ
ကျင့်သင့်တဲ့ မင်းကျင့်တရားဆယ်ပါးကို မကျင့်ခဲ့ကြလို့ ဖြစ်ရတာပါ။
နိုင်ငံတော်ရဲ့လမ်းစဉ်ကို ကျင့်သုံးရာ၌ ဒီမိုကရေစီပဲ ပြောပြော၊ ဆိုရှယ်လစ်ပဲပြောပြော၊ ကွန်မြူနစ်ပဲပြောပြော၊
ဘယ်လမ်းစဉ်ပဲလိုက်လိုက် လမ်းစဉ်ကအဓကမဟုတ်ပါ။ အမည်နာမက အဓိက မဟုတ်ပါ။ ခေါင်းစဉ်က အဓိကမဟုတ်ပါ။
စစ်မှန်တဲ့ကိုယ်ကျင့်သိက္ခနဲ့  ဖြူစင်တဲ့ ဗြဟ္မစိုရ် တရားများကို ကျင့်သုံးပြခြင်းကသာ အဓိကပါ။
ဒီမိုကရေစီ ကျင့်ထုံးဟာ လူတစ်ယောက်ရဲ့ရပိုင်ခွင့်ကို ပြောတတ်ဖို့ လိုသလို ၊ ရိုးသားစွာနဲ့  လိုက်နာကျင့်
သုံးနိုင်မှပြည်သူတွေလိုလားတဲ့ လူ့ အခွင့်အရေးတွေကို ရရှိနိုင်ကြပါမှာ။ ဒီမိုကရေစီနိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ
များကို ပြည်သူများက မလိုက်နာခဲ့ရင် ဘာခေါင်းစဉ်ပဲတပ်တပ်၊ ဘယ်လိုပဲ ဒီမိုကရေစီနိုင်ငံလို့ ပြောပြော အပြောနဲ့ တော့
ဘာမှထူးခြားလာမည်မဟုတ်ပါ။ မြတ်စွာဘုရားရဲ့ တရားတော်တွေမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ အများကြီးပါဝင်နေတာ
ကို တွေ့ ရတယ်။ ဒီမိုကရေစီကျင့်ထုံးတွေပါဝင်နေတယ်ဆိုလို့  မြတ်စွာဘုရားဟာ ဒီမိုကရေစီကျင့်ထုံးတွေက ယူပြီးဟော
ထားတယ်လို့ တော့ မထင်စေလိုပါ။
ဒီမိုကရေစီ ကျင့်ထုံးတွေဟာ ရာစုနှစ် တစ်ရာနီးနီး နောက်ကျပြီးမှ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပေါ်လစီတစ်ခုပါ။
ထိုနိုင်ငံရေးပေါ်လစီဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ တရားမျှတစွာ နေနိုင်ရေး၊ အကြမ်းမဖက်ရေး၊ လူသားအချင်းချင်း
ကာကွယ်စောင့်ရှောက်နိုင်ရေး၊၊ လူ့ အခွင့်အရေးကို အပြန်အလှန် လေးစားလိုက်နာနိုင်ရေး၊ စတဲ့ ကျင့်စဉ်တွေဟာ သီလ
သိက္ခာဖြင့် မြှင့်တင်ပေးထားတဲ့ လူသားတွေကျင့်သုံးရမယ့် ကိုယ်ကျင့်သိက္ခာတွေဆိုတာ နားလည်နိုင်ကြဖို့ ပါ။
သီလသိက္ခာရဲ့ အားသာချက်က ဒီမိုကရေစီကျင့်ထုံးမှာ အများလက်ခံရင် အမှန်တရားသည်ပင် အမှားဖြစ်
သွားနိုင်သလို၊ မှားယွင်းတဲ့ ကိုယ်ကျင့်သိက္ခာများကို မှန်ကန်တဲ့ကိုယ်ကျင့်သိက္ခာလို့  အထင်ရောက်သွားနိုင်တာမျိုး
တွေလည်း ရှိတယ်။ ဥပမာ- ကိုယ်ကျင့်သိက္ခာ လျော့ပါးလာမှုတွေ၊ လူမှုရေးဖောက်ပြန်မှုတွေ၊ လင်မယားကွာရှင်းမှုတွေ၊
ဒီလိုအဖြစ်မျိုးတွေဟာ မိသားစုများအတွက်၊ အထူးသဖြင့် ငယ်ရွယ်တဲ့ သားငယ်၊ သမိးငယ်လေးများအတွက် ကလေး
ငယ်တွေရသင့်ရထိုက်တဲ့ လူ့ အခွင့်အရေးကို ဒီမိုကရေစီကျင့်ထုံးတွေက အကာအကွယ်မပေးနိုင်ဘူးဆိုတာ
သိသာထင်ရှားနေပါတယ်။
ကာကွယ်စောင့်ရှောက်နိုင်ရေးဆိုတဲ့အသုံးအနှုန်းမှာ ဗုဒ္ဓဘာသာရှုဒေါင့်နဲ့  ဒီမိုကရေစီရှုဒေါင့်နှစ်ခုအကြား
အမြင်တူတာတွေလည်းရှိတယ်။ အမြင်မတူတာတွေလည်း ရှိတယ်။ ဥပမာ- တန်းတူအခွင့်အရေးတို့ ၊ ငြိမ်းချမ်းစွာ အတူ
နေထိုင်ရေးတို့ ၊ လူသားအချင်းချင်း ကိုယ်ကျုင့်သိက္ခာဖြင့် ကာကွယ်စောင့်ရေးစတဲ့ အရေးများပါ။ ဒီအရေးတွေက ဗုဒ္ဓ
ဘာသာမှာလည်း ရှိတယ်၊ ဒီမိုကရေစီမှာလည်း ရှိတယ်။ မတူတဲ့အချက်တွေကတော့ မိဘနှစ်ပါးစွန်ပစ်ခံရတဲ့ ကလေး
ငယ်တစ်ယောက်ကို စားဝတ်နေရေး၊ ပညာရေး၊ကျန်းမာရေးစတဲ့ အထောက်အပံ့တွေနဲ့  နိုင်ငံတော်က ကာကွယ်စောင့်
ရှောက်ပေးထားရုံနဲ့  လုံလောက်ပြီလို့ မသတ်မှတ်နိုင်တဲ့ အချက်မျိုတွေပါ။
ငယ်ရွယ်တဲ့ကလေးငယ်များမှာ တကယ်လိုအပ်တဲ့အရာက မိဘရဲ့နွေးထွေးတဲ့ မေတ္တာတရားပါ။ ကြင်နာစွာဖြင့်
နွေးထွေးလုံခြုံမှုကို ပေးနိုင်တဲ့ မိဘများရဲ့ ကရုဏာတရားတွေ ၊ မိဘများမှ နွေးထွေးစွာ စောင့်ရှောက်ထားမှုကြောင့်
တခစ်ခစ် ရယ်မောနေတဲ့ကလေးငယ်များရဲ့ အပြစ်ကင်းစင်စွာ ရယ်မောနေတဲ့ မုဒိတာ သံစဉ်လှိုင်းတွေ ၊ သားငယ်၊
သမီးငယ်လေးတွေ ငိုရင် သန်းခေါင်ယံမှာပဲဖြစ်စေ၊ အာရုဏ်ဦးမှာပဲဖြစ်စေ၊ ဘယ်အချိန်ခါမဆို စိတ်မတိုနိုင်တဲ့ မိဘများ
ရဲ့ ဥပေက္ခာနှလုံးသားမျိုးတွေဆိုတာ ဘယ်နေရာမျိုးမှာမှ မရနိုင်ကြလို့ ပါ။
ဘိက္ခုဓမ္မပိယ(USA)
ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။