သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ပြောလက်စနဲ့ နောက်တစ်ခုလောက် ဆက်ပြောမယ်ဗျာ၊ ကျနော် လေ့လာခဲ့ဖူးတဲ့ စာပေတွေထဲက ရထားတာလေးတွေပေါ့၊ သူငယ်ချင်းတို့ကလည်း လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်၊ လွတ်လပ်စွာလည်း အကြံပြုပေးကြဖို့ တိုက်တွန်းပါတယ်နော်....
ကျနော်တို့တွေဟာ.... လူအချင်းချင်း ဆက်ဆံမှုတွေ၊ လူမှုရေးတွေပေါ့ဗျာ... အဲ့ဒီအခန်းကဏ္ဍမှာ တစ်ဦးနဲ့တစ်ဦး နားလည်နိုင်ဖို့ ပထမဆုံး ကြိုးစားသင့်တယ် ထင်တယ်နော်၊ နားလည်နိုင်ဖို့ ပထမဆုံးကြိုးစားပါ... ဆိုတော့ တစ်ဖက်လူအပေါ် စိတ်ဝင်တစားနဲ့ နားလည်ဖို့ ကြိုးစားတာမျိုးကို အရင်လုပ်ပါလို့ ပြောချင်တာပါ၊ ကိုယ့်ဖက်က ကြိုးစား ပြင်ဆင်မထားပါပဲ ထားသလိုလို ဟန်ဆောင်ရင်တော့ တစ်ဖက်သားက ရိပ်မိပါလိမ့်မယ်၊ အဲ့ဒီလို ရိပ်မိပြီး အမှန်တွေ ပေါ်လာတဲ့အခါကျရင်တော့ လူမှုရေး ပျက်ရပါလိမ့်မယ်နော်။
ကျနော့မှာ လက်ရှိ ပေါင်းသင်းနေတဲ့ ငယ်သူငယ်ချင်း (၁၄)ယောက် ရှိပါတယ်၊ သိပ်မကြာခင် ကာလတုန်းက သူငယ်ချင်းတွေထဲက ချစ်သူတွေ ဖြစ်နေကြတဲ့ စုံတွဲတစ်တွဲကို ကျနော် အကြံပေး ဖျောင်းဖျခဲ့ဖူးပါတယ်၊ သူတို့ရဲ့ အဓိက ပြသနာက လူမှုရေး ကိစ္စတစ်ခုမှာ တစ်ယောက်ပြောတာကို တစ်ယောက်က နားမထောင်ပဲ ကိုယ်ပြောချင်တာပဲ ဇွတ်အတင်း ပြောနေရာက အချစ်ဆုံးအဆင့်ကနေ အမုန်းဆုံး အဆင့်ကို ကူးပြောင်းတော့မယ့် ကာလလေးပေါ့ဗျာ၊ အဲ့ဒီတော့.... ကျနော်က တစ်ယောက်ပြောရင် တစ်ယောက်က ၀င်ဖြတ်မပြောပဲ သေသေချာချာ နားထောင်ဖို့၊ သူ့အမြင်ကို နားလည်နိုင်အောင် ကြိုးစားဖို့၊ ပြီးတော့မှ ကိုယ်သိထားတာတွေကို ပြောဖို့ အကြံပေးလိုက် ပါတယ်၊ အဲ့ဒီနည်းလေးအတိုင်း သူတို့တွေ ကြိုးစားလိုက်တဲ့အခါ တစ်ဦးနဲ့တစ်ဦး လွဲနေတဲ့ အထင်အမြင်တွေ အယူအဆတွေကနေ ပကတိ အမှန်ကိုသိရှိကြပြီး အဆင်ပြေသွားခဲ့ပါတယ်။
သူငယ်ချင်းတို့ရေ.... တစ်ဦးအပေါ် တစ်ဦးက နားလည်ဖို့ ကြိုးစားတယ်ဆိုတာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်လို့ ဆုံးဖြတ်တာ မဟုတ်ဖူးနော်၊ သူ့သဘာဝက ဘယ်လိုရှိတယ် ဆိုတာကို နားလည်ဖို့ပါ၊ သူ့မှာလည်း ပြောချင်စရာတွေ ရှိမှာပဲ.... ဆိုတဲ့ အချက်ကို လက္ခံပေးဖို့ပဲ ဖြစ်ပါတယ်၊ အဲ့ဒီလို နားလည်ပေးတတ်သူတွေကို လူသားအားလုံးက ချစ်ကြပါတယ်နော်....။