မင်္ဂလာပါဗျာ...
ဒီနေ့တော့ ထာဝရအချစ် ဆိုတာလေး ပြောချင်တယ်…
နက်နက်ရှိင်းရှိင်းလေး ပြောမှာဖြစ်တဲ့အတွက်
နားကြီးကြီးနဲ့ နားထောင်ပေးကြဖို့
ကြိုတင်ပြောထားချင်တယ်…
စိတ်ပညာရှုထောင့်ကနေကြည့်ရင်…
ထာဝရအချစ်ဆိုတာ လွဲမှားတဲ့ဖော်ပြချက်ဖြစ်တယ်…
အချစ်ဆိုတာ တည်မြဲတဲ့ ကိစ္စမဟုတ်ဘူး…
တခဏသာ ကြာရှည်ခံတဲ့ စိတ်တွင်းခံစားချက်ဖြစ်တယ်…
အခုတန်ဖိုးထားတဲ့အချစ်ဟာ
ကာလတစ်ခုအကြာမှာ
တန်ဖိုးရှိချင်မှရှိတော့မှာဖြစ်တယ်…
အကြောင်းကတော့
အဲဒီတန်ဖိုးထားခြင်းဆိုတဲ့နေရာလေးမှာ
တခြားသောအကြောင်းအရာတွေ
ဝင်ရောက်လာနိုင်တဲ့အတွက်ဖြစ်တယ်…
စိတ်ပညာက ဒီလိုပြောတဲ့အတွက်
အချစ်က စိတ်ပျက်စရာကြီးလို့
အမှတ်မစောစေချင်ဘူး…
စိတ်ပညာဆိုတာ
အနုပညာလို
ခံစားချက်ကို ရှေ့တန်းတင်တဲ့
ဖော်ပြချက်တွေမဟုတ်ဘူး…
တကယ့် အမှန်တရားကို
စနစ်တကျ လေ့လာပြီးမှ
ကောက်ချက်ချထားတဲ့
ထုတ်ပြန်ချက်တွေဖြစ်တယ်…
စိတ်ပညာရှင်တွေပြောတာ ဟုတ်မဟုတ်
ကိုယ်တိုင်လည်းလေ့လာနိုင်သလို
ကိုယ့်ပတ်ဝန်းကျင်က ချစ်သူတွေ နဲ့
အိမ်ထောင်ရှင်တွေကိုလည်းလေ့လာနိုင်တယ်…
နောက်ဆုံး ကိုယ့်မိဘတွေကို လေ့လာကြည့်လို့လည်းရသေးတယ်…
ချစ်သူအများစုကတော့…
တစ်သက်လုံး
ကိုယ့်ချစ်သူနဲ့ ချစ်ကြမယ်…
မြတ်နိုးကြမယ်… ကြင်နာကြမယ်… ယုယကြမယ်…
ဒီလိုရည်ရွယ်ချက်တွေနဲ့ ချစ်ခဲ့ကြတာချည်းဖြစ်တယ်…
ဒါပေမယ့်လည်း
မျှော်မှန်းထားတဲ့ ထာဝရအချစ်ဆိုတာ
တကယ့်လက်တွေ့မှာတော့
စိတ်ကူးလိုလို အိပ်မက်လိုလို ပုံပြင်လိုလို
ကဗျာလိုလို ၀တ္ထုလိုလို သီချင်းလိုလို ဇာတ်လမ်းလိုလို
ဘာလိုလို ညာလိုလို ဖြစ်ဖြစ်သွာကြရတယ်…
ဘာကြောင့်လဲ…???
ဘ၀ဆိုတာမှာ
ပြောင်းလဲမှုတွေ ကြီးထွားဖွံ့ဖြိုးမှုတွေ ရှိတယ်…
ဖြစ်ပျက် ဖြစ်ပျက်နဲ့ အဟောင်းကနေ အသစ်
ဖြစ်ပျက် အစဉ်တန်းကြီးအဖြစ်နဲ့
ပြောင်းလဲရွှေ့လျားနေကြတာဖြစ်တယ်…
ဒီလိုပဲ ကျနော်တို့ရဲ့ ဘ၀အမြင်တွေ၊
စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ၊
သဘောထားတွေ၊ တန်ဖိုးထားမှုတွေဟာလည်း
အချိန်နဲ့အမျှ အနည်းနဲ့အများတော့
ပြောင်းလဲမှုတွေရှိနေမှာဖြစ်တယ်…
ဒါ့ကြောင့် တစ်ဦးအပေါ်တစ်ဦးထားကြတဲ့
အချစ်ဆိုတာဟာလည်း
ထာဝရတည်မြဲမနေပဲ ပြောင်းလဲနေမှာ အမှန်ဖြစ်တယ်…
ပြောင်းလဲတယ်ဆိုတာ
ကောင်းတဲ့ပြောင်းလဲခြင်းလည်းဖြစ်နိုင်သလို
ဆိုးတဲ့ပြောင်းလဲခြင်းလည်းဖြစ်နိုင်တယ်...
ချစ်သူနှစ်ယောက် ကာလကြာကြာဆက်ဆံလာတဲ့အခါ…
ချို့ယွင်းချက်တွေ အားနည်းချက်တွေ ပြစ်ချက်တွေတွေ့လာမယ်…
အဲဒီအချိန်မှာ အချစ်ရဲ့အရောင်ဟာ
တဖြည်းဖြည်း မှေးမှိန်သွားနိုင်တယ်ဆိုတာ
ကြိုတင်နားလည်ထားရမယ်…
ချစ်သူဘ၀ အထင်ကြီးခဲ့သမျှတွေဟာ
လက်တွေ့အမှန်တရားနဲ့ ထပ်တူမကျတဲ့အခါ…
အချစ်စိတ်ဟာ လျော့နည်းလာရတာဖြစ်တယ်…
ဒီနေရာမှာပြောချင်တာက…
အချစ်စိတ်လျော့လာတယ်ဆိုတာ…
ကိုယ့်ချစ်သူမှာရှိတဲ့ အရည်အသွေးတွေ
ပြောင်းလဲသွားလို့မဟုတ်ဘူး…
ကိုယ့်ရဲ့ ခံစားချက်တွေပြောင်းလဲသွားလို့ဖြစ်တယ်…
ဥပမာ…
အေးအေးဆေးဆေး နေတတ်တာကို
တန်ဖိုးထားတဲ့လူတစ်ယောက်အတွက်
အေးအေးဆေးဆေး နေတတ်တဲ့ ချစ်သူဟာ
ချစ်စရာဖြစ်လိမ့်မယ်…
အေးအေးဆေးဆေးကို တန်ဖိုးထားရာကနေ
သွက်သွက်ကလေးကို ပြောင်းလဲ မြတ်နိုးလာခဲ့ရင်…
အေးအေးလေးကို
အရင်ကလောက် ချစ်တော့မှာမဟုတ်ဘူး…
အဲဒါကို စိတ်ပညာအရ
အတ္တအမြင်ပြောင်းလဲမှု လို့ခေါ်တယ်…
အဲဒီအတ္တအမြင်ပြောင်းလဲမှုကို မသိတဲ့အခါ
အချစ်က ပြောင်းလဲတယ်ဆိုပြီး
အချစ်ကို အပြစ်ပုံကြတယ်…
အဲဒီအခါ အရင်က ချစ်သူနဲ့အတူနေရရင်
အေးချမ်းတယ်ဆိုတဲ့သူတွေကပဲ…
အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခုလို့ ပြောကြပြန်တယ်…
နေရင်းထိုင်းရင်း အချစ်ဆိုတာဟာ
အတ္တအမြင်ပြောင်းလဲမှုရဲ့ ဓါးစားခံဖြစ်နေရတယ်…
အချစ်ဟာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ဆိုတာကို
လေ့လာချင်ရင်တော့ အောက်ကလင့်မှာ ၀င်ဖတ်ပါ…
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:6213059
အဲဒီတော့ ဘာဆက်လုပ်ကြမလဲ…
အချစ်က မတည်မြဲဘူးတဲ့…
ဒါဆို မချစ်ရတော့ဘူးလား…???
ငါကအေးအေးပဲ နေတတ်တာ
သူက သွက်သွက်လေး ပြောင်းချစ်သွားရင်ဘယ်လိုလုပ်မလဲ…???
ဒီကိစ္စတွေအတွက် အဖြေက တစ်ခုပဲရှိပါတယ်…
အဲဒါကတော့ ညှိယူခြင်းပဲဖြစ်တယ်…
ချစ်သူနှစ်ဦးဟာ…
ဘ၀ကို ဘယ်လိုသဘောထားနဲ့ ဖြတ်သန်းရမလဲဆိုရင်…
ဘယ်သူမှမရှိတဲ့ တောလမ်းခရီးကို
နှစ်ယောက်တည်းသွားရသလို သဘောထားရမယ်…
ကိုယ်က သွားချင်ပေမယ့် သူက နားချင်နေရင်
ကိုယ်က သွားချင်ပေမယ့် သူနဲ့အတူ နားပေး…
ကိုယ်က နားချင်ပေမယ့် သူက သွားချင်နေရင်
ကိုယ်က နားချင်ပေမယ့် သူနဲ့အတူ သွားပေး…
အဲလို ညှိယူမှုကို
(((( ချစ်သူ နှစ်ယောက်စလုံး )))
နားလည်ထားရမှာဖြစ်တယ်…
ဒီသဘောတရားကို နားလည်ကြမှလည်း
အချစ်စစ်အချစ်မှန်ရဲ့ အရသာဟာ
ဘယ်လောက်ချိုမြိန်တယ်ဆိုတာကို သဘောပေါက်ကြမှာဖြစ်တယ်…
ဒီသဘောတရားတွေကို လူငယ်တွေနားလည်အောင်
ကြိုတင် သင်ကြားပေးသင့်တယ်…
ဒီသဘောတရားက အချစ်ရေးမှာတင်မကဘူး
တခြားဆက်ဆံရေးနယ်ပယ်တွေအထိ အသုံးဝင်တယ်…
တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှုနဲ့ ညှိနှိုင်း လုပ်ဆောင်တတ်တဲ့
အမူအကျင့်လေးတွေလည်း ရသွားစေချင်တယ်…
ဒါမှလည်း အနာဂါတ်ဟာ
မျှတတဲ့သဘောတရားတွေနဲ့
သာယာလှပနေမှာဖြစ်တယ်…
ဒီနေ့သင်ခန်းစာလေးမှာ
စိတ်ပညာအမြင်လေးတွေပါတဲ့အတွက်
နားမလည်တာတွေရှိရင်လည်းပြောပါ...
အခုရက်ပိုင်း နည်းနည်း ပင်ပန်းနေတာဖြစ်တဲ့အတွက်
သင်ခန်းစာကို ဒီလောက်နဲ့ ရပ်လိုက်မယ်...
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေဗျာ...





_Battalion-Royal_Canadian_Regiment_of_Infantry.jpg)








