အင်္ဂါဂြိုဟ်၊ လကမ္ဘာနှင့် ဂြိုဟ်သိမ်များကဲ့သို့သော မညီညာကြမ်းတမ်းသည့် မျက်နှာပြင်ရှိသော နေရာများတွင် စူးစမ်းလေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် အမေရိကန် အာကာသအေဂျင်စီ(နာဆာ)က လူသားလှုပ်ရှားမှုဖြင့် အဝေးမှထိန်းချုပ်နိုင်သော ခြေခြောက်ချောင်းစက်ရုပ် တစ်မျိုးကို တီထွင်လိုက်ကြောင်း သိရသည်။
Star Wars ရုပ်ရှင်ကားထဲမှ လိုပင် ယင်းစက်ရုပ်များသည် လမ်းလျှောက်နိုင်၊ ခုန်နိုင်ရုံသာမကဘဲ ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် ကစားနိုင်သော ဂိမ်းစက်များဖြစ်သည့် Xbox Kinetic နှင့် Nintendo Wii တို့ကို သုံးကာ လူသားလှုပ်ရှားမှုဖြင့်ပါ ထိန်းချုပ်နိုင်သည်ဟု သိရသည်။
မျက်နှာပြင်မျိုးစုံသုံး ခြေခြောက်ချောင်း ပြင်ပဂြိုဟ်ကမ္ဘာ ရှာဖွေရေးယာဉ် (All-Terrain Hex-Limbed Extra-Terristrial Explorer) ဟု အမည်ပေးထားသော ယင်းယာဉ်သည် ၁၃ ပေမြင့်ပြီး ပေါင် ၅၀၀၀ မျှလေးသည်ဟု သိရသည်။ ပေါင် ၃၂၀၀၀ အလေးချိန်အထိလည်း တင်ဆောင်ထားနိုင်သည်။
အတိုကောက်အနေဖြင့် Athlete (အားကစားသမား)ဟု အမည် ပေးထားသော ယာဉ်သည် စမ်းသပ်ဆဲ အဆင့်သာရှိသေးပြီး ထိန်းချုပ် လှုပ်ရှားမှုကို တုံ့ပြန်မှုမှာ နှေးကွေး နေသေးသော်လည်း ထိန်းချုပ်ရသည် မှာ အဆင်ပြေနေပြီဟု သိရသည်။
ခြေခြောက်ချောင်းပါသည့် အပြင် ယင်းခြေများတွင် ဘီးပါသောကြောင့် မည်သည့်လမ်းကြမ်းမဆို မောင်းနိုင်မည်ဖြစ်သလို သဲထူသော၊ ပျော့ပြောင်းသော မျက်နှာပြင်များ၊ ကျောက်တုံးကြီးများ ခံနေသော နေရာများတွင်လည်း ခြေထောက် အသွင်သုံးကာ ခုန်ပြီးသွားနိုင်မည် ဖြစ်သည်။
နေ၀င်းဦး
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
မိတ္ထီလာမြို့