![]()
မိမိတို့မြန်မာနိုင်ငံသည် ၄.၁.၁၉၄၈၊ တနင်္ဂနွေနေ့တွင် အင်္ဂလိပ်တို့အထံမှ အလုံးစုံလွတ်လပ်ရေးကို
ရသည်၊ မိမိတို့ထီးချိုင့်မြို့နယ်မှာကား လွတ်လပ်ရေးရပြီး ၂-ရက်အလွန်တွင် ရဲဘော်များ ထကြွှဆူပူကြ
သည် ၊ ထို့နောက် မြို့နယ်ထဲတွင် ၁၉၄၆-ခုနှစ်ကတည်းက ခြေကုပ်ယူလုပ်ရှားနေကြသော သခင်စိုး
တည်ထောင်သော အလံနီများက အစိုးရကို တော်လှန်ကြသည်၊ ဤသို့ အကွဲကွဲအပြားပြားဖြစ်ပြီးနောက်
ရဲဘော်နှင့် အလံနီတိုက်သည်၊ အလံနီအချင်းချင်းတိုက်သည်၊ အစိုးရနှင့် ရဲဘော်တိုက်သည်၊ အစိုးရနှင့်
အလံနီတိုက်သည် ၊ နယ်ခံလူထုမှာတော့ တိုက်ပွဲများကြားတွင် မြေဇာပင်ဖြစ်၍ စိစိညက်ညက်ကြေခဲ့ကြ
ရသည် ၊ မိမိတို့ထီးချိုင့်မြို့သည် ကမ္ဘာ့မြေပုံအရ လတ္တီတွဒ်မျဉ်း ၂၃ဒီဂရီခန့်တွင် တည်ရှိ၍ မန္တလေးမြို့မှ
ဧရာဝတီမြစ်လမ်းအတိုင်း ဆန်တက်ခဲ့လျှင် ၁၅၁-မိုင်ရှိသည် ၊ ရှေးမြို့ဟောင်းဖြစ်သော တကောင်းမြို့
နှင့်ကား ၂၄-မိုင် ကွာဝေးပါသည် ၊ ၁၉၇၃-နှစ်ရောက်မှ အလံနီများက လက်နက်ချလိုက်သောကြောင့်
မြို့နယ်အတွင်း ငြိမ်းချမ်းသယောင်ယောင် ဖြစ်လာခဲ့ရသည် ၊
အဖေ့ဘက်က တော်စပ်သော အဘိုးဦးနှင်းဆီသည် အလံနီခေါင်းဆောင်တစ်ဦးဖြစ်၍ လက်နက်ချ
ပြီးနောက် အဘွားဒေါ်အေးခင်နှင့်အတူ ရွာမှာ အခြေချနေထိုင်သည်၊ အဘိုးသည် အလံနီခေါင်းဆောင်
တစ်ဦးဖြစ်ခဲ့သည့်အလျှောက် တပည့်တပန်း ပြောများလှသည် ၊ မိမိတို့ရွာသာမက ဘေးပတ်ဝန်းကျင်ရွာ
များကပါ ခန့်ညားမှုကို ခံရသည်၊ သက်ဆိုင်ရာ အာဏာပိုင်များကလည်း အဘိုးဘာလုပ်လုပ် တော်ရုံ
ကိစ္စရပ်များကိုတော့ ဘေးမဲ့ပေးထားတတ်ကြသည်၊ အဘိုးက ဤအခွင့်အရေးတို့ကိုအသုံးချ၍ ရမ်းရမ်း
ကားကားပြုလုပ်လေ့မရှိသော်လည်း အခွင့်အရေးတစ်ခုကိုတော့ သေသည်အထိယူသွားသည် ၊
ထိုအခွင့်အရေးကလည်း ယခုအချိန်အထိ ပြောစမှတ်ဖြစ်နေသည့်အခွင့်အရေး ၊ ယခု ရွာက လူကြီး
သူမများက လူငယ်များကို “ နှင်းဆီလိုတော့ သေတဲ့အထိ မမိုက်ကြနဲ့နော် “ဟု ဆိုဆုံးမတတ်ကြသည်၊
သေသည်အထိ မိုက်သည်ဟူသောစကားလုံးသည် အဘိုးအတွက် ကြီးကျယ်လွန်းသည်ဟု မိမိ
ထင်သည်၊ အဘိုးဆုံးပြီးသည့်နောက်ရော အဘိုးသက်ရှိထင်ရှားရှိနေစဉ်ကပါ မိမိလေ့လာစုံစမ်းမြင်သိမိ
သလောက် သေသည်အထိမိုက်သည်ဟု ကြီးကြီးမားမားပြောရလောက်အောင် သူတစ်ပါးအပေါ်မတရား
လုပ်တာမျိုးမတွေ့ရ၊ ရပ်ရေးရွာရေး သာရေးနာရေးကိစ္စများတွင် ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်
ကူညီပေးတတ်သည်ကိုသာ တွေ့ရသည် ၊ အဘိုးယူသည့် တစ်ခုတည်းသောအခွင့်အရေးမှာ ရပ်ရေး
ရွာရေးစသော အလုပ်ကိစ္စမရှိတိုင်း တစ်ယောက်ထဲငြိမ်၍ “ ဘိန်းစား “ နေတတ်ခြင်းသာ ဖြစ်သည် ၊
ဘိန်းကိုတော့ သေခါနီး မိနစ်ပိုင်းအလိုထိ စားသွားသည်၊ ဒါတော့ အဘိုးနည်းနည်းလွန်တာ သေချာသည်၊
အဘိုးဆုံးသည့်အချိန်ကို မိမိမှတ်မိနေပါသေးသည်၊ ထိုအချိန်က မိမိအသက် ၄-နှစ်ခန့် ရှိပြီ ၊ သေခါနီး
အိပ်ရာထဲပက်လက်ဖြစ်နေစဉ် အဘွားက မျက်ရည်စက်လက်ဖြင့် “ ကိုနှင်းဆီ ရှင် တရားနာပါလား၊
ကျွန်မ ဘုန်းကြီးသွားပင့်ပေးမယ် “ပြောတိုင်း ခေါင်းကိုသာ ယမ်းသည်၊ “ဒါဆိုလဲ ရှင့်သားတွေ သမီးတွေနဲ့
ကျွန်မဘုရားစာ ရွတ်ပေးမယ်နော် “ဟု ပြောတိုင်းလည်း ခွင့်မပြု ၊ အသံဗလုံးဗထွေး မပီမသဖြင့်သာ
“ အေးခင် နင် ငါ့အတွက် အဲဒါတွေ ဘာမှ မလုပ်နဲ့ ၊ ငါ့ခေါင်းရင်းက ငါ့ဆေးအိတ်ကိုသာ ယူပေး” ဟု
တတွတ်တွတ်ပြောနေတော့သည် ၊ အဘွားက လုံးဝယူမပေး ၊ သားသမီးများက မမြင်ရက်တော့သည့်
အဆုံး ဆေးအိတ်ကို လှမ်းယူ၍ ဘိန်းကို နည်းနည်းချင်း ခွံ့ကျွေးကြရတော့သည်၊ အဘိုးလည်း ဘိန်းနှင့်
မိန်းရင်း စိတ်ချမ်းသာကိုယ်ချမ်းသာ အသက်ထွက်သွားရသည် ၊ ရွာက လူကြီးသူမများ သေသည်အထိ
မိုက်သည်ဟု ပြောကြသည်မှာ ဒါကို ကြည့်၍ပြောခြင်းဖြစ်မည်ဟု မိမိထင်သည် ၊ အပြောလွန်သည်ဟု
ထင်သော်လည်း မိမိဘာမှ မတတ်နိုင်တော့ ၊ အဘိုးသည် သမိုင်းဖြစ်သွားခဲ့ပြီ ၊
အဘွားက အဘိုးသေခါနီးမှ မဟုတ် ၊ အဘိုးဒေါင်ဒေါင်မြည်ဖြစ်နေကတည်းက ဘိန်းစားတာကို
နည်းနည်းမှ မကြိုက်၊ အဘိုးကို တဗျစ်တောက်တောက်အမြဲဆူသည်၊ အမြဲပြောသည် ၊ တစ်ခါမှာတော့
အဘွားက “ကိုနှင်းဆီရယ် ရှင့်မှာ အသက်ကလဲကြီးလှပြီ၊ သားတွေသမီးတွေလဲ အရွယ်ရောက်ကုန်ပြီ
ဒီဘိန်းကို ခုထိ ဖြတ်ဖို့ စိတ်မကူးဘူး ၊ ကျွန်မ အံ့သြလို့ မဆုံးဘူး“ ဟုပြောရာ အဘိုးက ပြုံးတုံ့တုံ့နှင့်ပင်
ကောင်းကင်ပေါ် လက်ညှိုးထိုးပြလျှက် “ဟိုး….မိုးပေါ်မှာ သံတုံးသံခဲကြီးတွေ ပျံနေတာကိုတော့ မအံသြ၊
ငါ ဘိန်းစားတာကိုတော့ အံ့သြ ၊ အေးခင်ရယ် မင်းကို ငါပြန်အံ့သြ “ဟု အရွှန်းဖောက်ပစ်သည်၊
ဘေးနားရှိသော သားသမီးများမှာတော့ တဝါးဝါးဖြစ်သွားရသည် ၊ မိမိလည်း လူကြီးများနည်းတူ ယောင်
တောင်တောင် လိုက်ရယ်ခဲ့ရသည်၊ အဘိုးပြောသည့် မိုးပေါ်မှာပျံနေသည့် သံတုံးသံခဲကြီးတွေဆိုသည်မှာ
လေယာဉ်ပျံကို ဆိုလိုရင်းဖြစ်သည်၊ စကားဆက်စပ်မိအောင်ပြောရလျှင် ထိုအဘိုးဆိုသည်မှာ မိမိရေးတင်
ဖူးသော ဘလော့ပို့စ်လေးတစ်ခုမှ ကားမမြင်ဖူးသောကလေးတစ်ယောက်ကို ထွန်းစက်ကားသွားကြည့်ရန်
ခွင့်ပြုခဲ့သော အဘိုးဖြစ်သည် ၊ ထိုဘလော့ပို့စ်လေးကို စာဖတ်သူများ ဖတ်ဖူးမည် ထင်ပါသည် ၊
အဘိုးက ယခုလို ဘိန်းစားသော်လည်း ဥပုသ်နေ့ရောက်တိုင်း ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်စောင့်
တော့ မပျက် ၊ ဆိုးတာက ဥပုသ်စောင့်သွားတိုင်း တစ်နေ့စာစားဖို့ ဘိန်းကိုတော့ လုံလုံလောက်လောက်
မပျက်မကွက် ယူသွားတတ်ခြင်းပင် ဖြစ်သည်၊ ရွာဦးကျောင်းဘုန်းကြီးကလည်း အဘိုးနှင့် ငယ်သူငယ်ချင်း
ဖြစ်သောကြောင့် အဘိုးအပေါ် ပြောရလောက်အောင် သြဇာမညောင်း ၊ ဘိန်းစားတာနှင့်ပတ်သက်၍
မကြာမကြာ ဆိုဆုံးမသော်လည်း အဘိုးက နားမထောင် ၊ ဘုန်းကြီးနှင့်အဘိုး စကားပြောသောအခါ
တစ်ရွာလုံး ဖိန့်ဖိန့်တုန်အောင် လေးစားရိုသေကြောက်ရွံ့ရသော ဘုန်းကြီးကို အဘိုးက “ ကိုယ်တော်
ကိုယ်တော် “ နှင့် ခေါ်ခေါ်ပြီး ပြောတတ်တာကိုသာ ကြည့် ၊ ဘုန်းကြီးကတော့ အဘိုးကို “ နှင်းဆီ “ ဟု
ခေါ်တတ်သလို သူဆိုဆုံးမသည့်အခါ ကန့်လန့်ကန့်လန့်ပြန်ပြောလျှင်တော့ “ဘိန်းစား“ ဟု လည်းကောင်း
“ အပါယ်လားမယ့်ကောင် “ ဟု လည်းကောင်း နစ်နစ်နာနာခေါ်တတ်သည်ကို မိမိမှတ်မိနေသေးသည် ၊
အဘိုးဥပုသ်ကျောင်းသွားသော ဥပုသ်နေ့တစ်နေ့တွင် အဘိုးလက်ဆွဲလျှက် မိမိလိုက်ပါသွားဖူးသည် ၊
ရှစ်ပါးသီလခံယူဆောက်တည်ပြီးနောက် ငယ်သူငယ်ချင်းများပီပီ ရှေးဟောင်းနှောင်းဖြစ်များ ရင်းရင်းနှီးနှီး
ပြောနေရင်း ဘုန်းကြီးက အဘိုးကို ဆုံးမရန် စကားစသည် ၊
“ မင်းလုပ်နေပုံတွေ မဟုတ်သေးဘူးနော်နှင်းဆီ ၊ မင်းကိုမင်းလဲ ပြန်ကြည့်ဦး ၊ အသက်ကဖြင့် ကြီးလှပြီ ၊
မိုက်လုံးကြီးလို့က ခုထိ မဝသေးဘူး ၊ ဝတ်ကျေတန်းကျေဥပုသ်လေးတော့ လာစောင့်ရှာပါရဲ့ ၊
လက်ထဲမှာက ဘိန်းထုပ်နဲ့ “
အဘိုးက ဘယ်လို ပြန်လျှောက်သည်ထင်ပါသလဲ ၊
“ ဘိန်းအကြောင်း ကိုယ်တော်ဘယ်လောက်သိလို့လဲ ၊ ကိုယ်တော်တို့မှာတော့ နိဗ္ဗာန် နိဗ္ဗာန်နဲ့ ပင်ပင်
ပန်းပန်း အားထုတ်လိုက်ရတာ၊ နှစ်ပေါင်းများစွာသာ ကြာတယ်၊ နိဗ္ဗာန်အရသာ ဘာမှန်းမသိသေးဘူး
တပည့်တော်ဘိန်းက ကိုယ်တော်တို့လို ပင်ပင်ပန်းပန်း အားထုတ်စရာမလိုပဲ စားလိုက်တာနဲ့ နိဗ္ဗာန်
အရသာ ချက်ချင်းပေးတယ် ၊ မယုံရင် ကိုယ်တော်ဘုဉ်းပေးကြည့် “
လျှောက်ပြီး သူ့လက်ထဲ အသင့်ရှိသောဘိန်းထုပ်ကလေးကို ထိုးကပ်ရာ ဘုန်းကြီးက ဒေါသဖြစ်သွားဟန်
ဖြင့် “ အောင်မာ အောင်မာ မင်းကများ ငါ့ကို….ငါ ရိုက်ဖောက်လိုက်ရ ၊ သွား သွား မင်းနဲ့ငါ စကားမပြော
တော့ဘူး ၊ အလကားကောင် အပါယ်လားမယ့်ကောင် ဘိန်းစား “ ဟု ပြောလျှက် မောင်းထုတ်တော့သည် ၊
အဘိုးက တဟားဟားရယ်ပြီး ဦးကုန်းချလျှက် ထပြန်သည်၊ ဘုန်းကြီးက ထိုခဏမှာသာ စကားမပြောတော့
ဘူးပြောသော်လည်း နောက်ဥပုသ်များမှာ ပြန်တွေ့လျှင် ရင်းရင်းနှီးနှီး ပြောပြန်တာပဲ ဖြစ်သည် ၊
ယခုတော့ အဘိုးလည်း မရှိတော့ပြီ ၊ ဘုန်းကြီးလည်း ပျံလွန်တော်မူသွားခဲ့ပြီ ၊ နှစ်ပေါင်းများစွာပင်
ကြာသွားခဲ့ပြီ ၊ မိမိမှာသာ ငယ်စဉ်ကအကြောင်းတွေ တွေးမိတိုင်း သူတို့ကို လွမ်းနေရသည် ၊ လွမ်းရင်း
ပြုံးရသည် ၊ သံသရာသာ အမှန်တကယ်ရှိခဲ့မည်ဆိုလျှင် ရောက်ရာဘဝမှာ ပျော်ပျော်ရွှင်ရွှင် ရှိနေကြ
လိမ့်မည်ဟု မိမိယုံကြည်ပါသည် ………….။