မြတ်ဗုဒ္ဓခေတ် သာသနာပြုရဟန်းတော်များသည် ဓမ္မစွမ်းအားကိုအရင်းပြု၍ တိုင်းဒေသအသီးသီး၌ သာသနာပြုလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ကြသည်။ ထိုခေတ်လူသားတို့သည် နံနက်,နေ့လည်,ည- ထမင်းသုံးနပ်မျှနှင့် ဘ၀ကိုရောင့်ရဲနိုင်ခဲ့ကြသည်။ စီးပွားလုပ်ကြသော ကုန်သည်များရှိကြသော်လည်း လိမ်လည်ကောက်ကျစ်မှု, အမြတ်ကြီးစားမှု, မိစ္ဆာဇီဝဖြင့် အသက်မွေးမှုများသည် ယနေ့အချိန်ကဲ့သို့ တွင်ကျယ်ခြင်းမရှိသေးပေ။
အခြေခံလူတန်းစားများလောကတွင် ကပ်ကြီးသုံးပါးကျရောက်သော အချိန်ကာလမှတပါး ကျန်သောအချိန်ကာလများ၌ ဆန်ရေစပါး ပြည့်စုံကြသည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်လူနေမှုစနစ်၌ ရောင့်ရဲမှုဖြင့် ဘ၀ကို တည်ဆောက်ကြသူများသာ များပြားခဲ့ပါသည်။ ရုပ်ဝတ္ထုထက် စိတ်ဓာတ်မြင့်မားရေးကို ဦးစားပေးသောခေတ်ဖြစ်ပါသည်။ အချို့သောလူများသည် အသက်အရွယ် ကြီးရင့်လာသောအခါ ဆိတ်ငြိမ်သော တောတောင်များသို့ဝင်ရောက်ကာ တရားဓမ္မ၌ မွေ့လျော်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့ကြသည်။ ထိုကာလများ၌ သာသနာပြုရဟန်းတော်များသည် ဓမ္မ၏မှန်ကန်မှုဖြင့် ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားစေရန် ကြိုးပမ်းခဲ့ကြသည်။
ထိုခေတ်သာသနာပြုနည်းသည် ရဟန်းတော်များ၏ လုပ်ဆောင်နိုင်စွမ်းအားနှင့် ဓမ္မ၏စစ်မှန်မှုအပေါ် အခြေခံလျက်ရှိခဲ့သည်။ ယနေ့ခေတ်သည်ကား… ထိုခေတ်နှင့် များစွာခြားနားလှပါသည်။ ယနေ့ခေတ် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းတွင် ငွေကြေး၏အခန်းကဏ္ဍသည် (၈၀)ရာခိုင်နှုန်းခန့် အကျိုးသက်ရောက်မှုရှိပေသည်။ တောင်တန်းသာသနာပြုရဟန်းတော်များ၏ သာသနာပြုရာ ကျေးရွာအများစုရှိ တောင်ပေါ်သူ,တောင်ပေါ်သားတို့သည် သာသနာပြုရဟန်းတော်များ မည်သည့်တရားဟောကြားမည်ထက် ၄င်းတို့ကျေးရွာ အခက်အခဲများအား မည်ကဲ့သို့ဖြေရှင်းပေးမည်လဲ? ရပ်ရွာတိုးတက်ရေးကို မည်မျှလောက် စွမ်းဆောင်နိုင်မည်လဲ-ဟူ၍သာ အဓိကထား ကြည့်ရှုကြလေ့ရှိကြောင်း တောင်တန်းဒေသတွင် သာသနာပြုနေကြသော ရဟန်းတော်များ၏ ပြေားကြားချက်အရ သိရှိရပါသည်။
ဘာသာခြားများ၏ တောင်တန်းသာသနာပြုလုပ်ငန်းသည် ငွေကြေးအင်အား တောင့်တင်းကြပေသည်။ ဥပမာအားဖြင့် ခရစ်ယာန်ဘာသာတွင် ခရစ်ယာန်သာသနာပြုများအတွက် သီးသန့်ရံပုံငွေ ရှိပါသည်။ ခရစ်ယာန်ဘာသာဝင်များသည် ၄င်းတို့ဘာသာကိုလှူဒါန်းကြရာ၌ ပုဂ္ဂိုလ်ကိုလှူကြသည်မဟုတ်ပေ။ ဘာသာတရားကိုသာ လှူဒါန်းကြသည်ဖြစ်သောကြောင့် ခရစ်ယာန်ဘာသာတရားပိုင် ရံပုံငွေများ များစွာရှိပါသည်။ ထိုငွေများသည် ၄င်းတို့ဘာသာ၏ သာသနာပြုလုပ်ငန်းများအတွက် အပြည့်အ၀အသုံးဝင်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။
ဗုဒ္ဓဘာသာ သာသနာပြုရဟန်းတော်များသည် တောင်တန်းဒေသသို့ သာသနာပြုသွားကြရာ၌ လုံလောက်သောငွေကြေးကိုယူဆောင်၍ အားပြည့်မာန်ပြည့် သွားကြရသည်မဟုတ်ပေ။ ၀င့်ဝင့်ထည်ထည် သွားကြရသည်လည်းမဟုတ်ပေ။ ခရီးစရိတ် အသက်သာဆုံးသောလမ်းကြောင်းမှ ငွေကြေးကို ကျစ်ကျစ်လစ်လစ် သိမ်းဆည်း၍ သာသနာပြုဌာနသို့ သွားရောက်ကြရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သာသနာပြုတာဝန်ကျရာ ကျေးရွာသို့ရောက်သော်လည်း နေစရာကျောင်းကန် မရှိခြင်းမျိုးကိုလည်း ကြုံတွေ့ကြရပါသည်။ သာသနာပြုရဟန်းတော်များ၏ အဓိကအားထား အသုံးပြုရသောအရာမှာ ဓမ္မသာဖြစ်ခဲ့ပါသည်။ ဘာသာခြားများ ရက်ရက်ရောရောပေးကမ်း၍ သာသနာပြုနေချိန်ဝယ် ဗုဒ္ဓဘာသာ တောင်တန်းသာသနာပြုရဟန်းတော်များသည် တက်စွမ်းသလောက် ယဉ်ကျေးမှုသင်တန်းများသင်ပေးခြင်း၊ အစိုးရစာသင်ကျောင်းများ၌ ၀ိုင်းဝန်စာသင်ပေးခြင်း၊ ချိုချဉ်လေးများပေးကမ်းခြင်း-စသော အင်အားနည်းသော နည်းလမ်းများဖြင့်သာ ဘာသာခြားများ မိမိတို့ဘာသာသို့ကူးပြောင်းရေးထက် မိမိတို့ ဘာသာဝင်များ ဘာသာခြားဘက်သို့ ကူးပြောင်းမသွားရေးကို ဦးစားပေး၍ လုပ်ကိုင်နေကြရသည်။
တောင်တန်းဒေသတွင် ပိဋကတ်သုံးပုံကို “ထုံးလိုမွှေ ရေလိုနှောက်”ဟောကြား၍ သာသနာပြုခြင်းထက် တောင်ပေါ်သူ,တောင်ပေါ်သားတို့၏ လိုအပ်ချက်ကို မိမိစွမ်းနိုင်သည့်ဘက်မှ ဖြည့်ဆည်းပေး၍ သာသနာပြုခြင်းသည် ပိုမိုထိရောက်ကြောင်းကိုလည်း ကြားသိရပါသည်။ တောင်ပေါ်သူ,တောင်ပေါ်သားတို့၏စိတ်ကို ရှေးဦးစွာ ဓန-ဖြင့်သိမ်းယူ၍ အခြေကျသောအခါတွင် ဓမ္မဖြင့်လမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ခြင်းနည်းဖြင့် သာသနာပြုမှသာလျှင် ဗုဒ္ဓဘာသာ၏ တောင်တန်းသာသနာပြုလုပ်ငန်းသည် အဆင်ပြေ ချောမွှေ့မည်ဖြစ်ပါသည်။
နယ်စပ်နှင့်တောင်တန်းဒေသ၌ သာသနာပြုနေကြသော သာသနာပြုရဟန်းတော်များ၏ အခက်အခဲများတွင် “ရေ”ရှားပါးမှုသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ တောင်တန်းဒေသရှိ အချို့သောနယ်များတွင် တောင်ကျရေနှင့် တောင်ကြိုတောင်ကြားများရှိ လက်ယက်ရေတွင်းလေးများကို အမှီပြု၍ အသက်ဆက်နေကြရသည်။ (၁၅)ရက်လျှင် (၁)ကြိမ်မျှ ရေချိုးရန်ပင် မတက်နိုင်ကြပေ။ ထိုဒေသများတွင် သာသနာပြုနေကြသော သာသနာပြုရဟန်းတော်များသည် ဆွမ်းစားပြီးသောအခါ မိမိစားပြီးသောပုဂံဖြင့် ကိုရင်-စား၊ ကိုရင်-စားပြီးသောပုဂံဖြင့် ကျောင်းသား-စား၊ ကျောင်းသားစားပြီးမှသာလျှင် ပုဂံဆေးကြရသည်။ ဤကဲ့သို့ပြုမူ နေထိုင်၍ ရေရှားပါးမှုဒဏ်ကို ကာကွယ်ကြရပါသည်။
စား,၀တ်,နေရေးကျပ်တည်းသော တောင်ပေါ်သူ,တောင်ပေါ်သားတို့သည် ဗုဒ္ဓဘာသာ၏ ကောင်းမွန်သောဓမ္မများအကြောင်းကို သိရှိနားလည်ကြသော်လည်း နေ့စဉ်ဝမ်းရေးဒုက္ခကို မကျော်လွန်နိုင်ကြသောကြောင့် ယာယီဝမ်းရေးအား အနီးကပ်ထောက်ပံ့ပေးနေကြသော ဘာသာခြားသာသနာပြုများထံသို့ သွားရောက် အကူအညီတောင်းကြရသည်။ ဘာသာခြားများသည် တောင်ပေါ်သူ,တောင်ပေါ်သားတို့၏ လတ်တလောအခက်အခဲကို ဖြေရှင်းပေးခြင်းဖြင့် ၄င်းတို့၏ သာသနာပြုလုပ်ငန်းကို အောင်အောင်မြင်မြင် ဆက်လတ်အကောင်အထည်ဖော်လျက် ရှိကြပါသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကျရောက်သောအခါ ထိုဒေသများသို့ ခရစ်ယာန်သာသနာပြုများသွားရောက်၍ ကူညီခဲ့သောကြောင့် ထိုဒေသခံအများစုမှာ ယခုအချိန်တွင် ခရစ်ယာန်ဘာသာဝင်များ ဖြစ်သွားခဲ့ကြပြီးဖြစ်ပါသည်။ ဤသည်မှာ တောင်တန်းဒေသတွင် သာသနာပြုလုပ်ငန်းကိုလုပ်ရာ၌ ဓမ္မသက်သက်ချည်းဖြင့် မဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ တောင်တန်းသာသနာပြုလုပ်ငန်းအောင်မြင်ရေးသည် ငွေကြေးပေါ်တွင်လည်း မူတည်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)