တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဘဝရပ်တည်ရေးအတွက် ဘာအလုပ်လုပ်ပါသလဲဟု မေး
ခဲ့ပါလျှင် ဘာအလုပ်မှမလုပ်ဟု ကျွန်တော်ဖြေဆိုရပေလိမ့်မည်၊ ဝေ့လည်ကြောင်ပတ်အားဖြင့်တော့
“ ကျောင်းသား/မှီခို” ဟု ပြောရမည်ထင်သည်၊ တကယ်လည်း ယခုအသက်အရွယ်အထိ ကျွန်တော့်
အလုပ်ဟူ၍ မယ်မယ်ရရနာမည်တပ်စရာမရှိ၊ ကျွန်တော့်တွင် ပေါ့ပေါ့စား ပေါ့ပေါ့သွား ပေါ့ပေါ့နေတတ်
သည့် အလေ့အကျင့်များက စွဲကပ်နေသည်၊ ဘဝပေးအခြေအနေကလည်း ထိုအလေ့အကျင့်များဖြင့်
နေခွင့်ပေးနေသေးသည်၊
ဒီလိုလူမျိုးက တပည့်ပေါင်းများစွာ လေးစားရသော ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးသည်ဟုဆိုလျှင်
ယုံကြပါ့မလားမသိ၊ ယုံယုံမယုံယုံ ကျွန်တော်ကတော့ အမှန်တကယ်ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးပါသည်၊
ကျွန်တော့်အဖြစ်က အစိုးရအလယ်တန်းကျောင်းတစ်ခုတွင် အစိုးရခန့်မဟုတ်ပဲ ကျောင်း၏လိုအပ်ချက်
အရသာ ဝင်လုပ်ခဲ့ရခြင်းဖြစ်သောကြောင့် ပီပီသသဆရာဟုတော့ မဆိုနိုင်ပေ၊ “ အပျော်တမ်းဆရာ “
ဟုသာ ဆိုရမည်ထင်သည်၊ ထိုသို့ အပျော်တမ်းဆရာအဖြစ် လေးနှစ်ခန့် ကျွန်တော်လုပ်ခွင့်ရခဲ့သည်၊
လစာလား ၊ ဝေးလား ဝေး ၊ ဆရာအလုပ်သည် ဆရာအလုပ်သာဖြစ်သည်၊ ကိုယ့်စားဝတ်နေရေး
ကျမ်းမာရေးစသော အရေးကိစ္စများနှင့် မဆိုင်၊ ကိုယ့်စားဝတ်နေရေး ကျမ်းမာရေးစသည်တို့အတွက်
ကိုယ့်မိဘ ကိုယ့်မိသားစုကသာ တာဝန်ယူသည်၊ ဂုဏ်ယူစရာကောင်းသည်မှာ ကျွန်တော်လွယ်လွယ်
နာမည်တပ်ပြထားသော ထိုကဲ့သို့သောအပျော်တမ်းဆရာများ ကျွန်တော်တို့နယ်ဘက်တွင် ယခုအချိန်
အထိ ရှိနေသေးခြင်းပင်ဖြစ်သည်၊ (ကျွန်တော်တို့နယ်ဘက်အခြေအနေကို ကျွန်တော်နှင့် နယ်ချင်း
တူသည်ဟု ယူဆရသော ရွှေမြို့တော်မိသားစုဝင် “ စုဗူး “ ကို မေးမြန်းစုံစမ်းကြည့်နိုင်ပါသည်)
မည်သို့ပင် ရှိစေ၊ ထိုအပျော်တမ်းဆရာအလုပ်ကို ကျွန်တော် နစ်နစ်ကာကာလုပ်ဖြစ်ခဲ့ပါသည်၊
ရလာဒ်က ကျွန်တော့်အတန်းတွင်စာသင်ဖူးသောလူငယ်တိုင်း ကျွန်တော့်ကို လေးစားချစ်ခင်အပ်သော
ဆရာတစ်ယောက်အဖြစ် ကျေကျေနပ်နပ်အသိအမှတ်ပြုကြခြင်းပင်ဖြစ်သည်၊ ကျွန်တော့်ဘဝ နောက်
ကြောင်းကို ပြန်ပြောင်းကြည့်မိပါကလည်း ထိုအပျော်တမ်းဆရာလုပ်ခဲ့ရသော ကာလကလေးသည်
ကျွန်တော့်အတွက် အဖြူစင်ဆုံး အသန့်ရှင်းဆုံး ကျေနပ်ဖွယ်အကောင်းဆုံးကာလလေး ဖြစ်နေသည်၊
ထိုစဉ်က တပည့်လူငယ်များထဲတွင် ကျွန်တော်ကိုယ်တိုင်က တော်သည် ထက်သည်ဟုအသိအမှတ်
ပြုရသော အနာဂတ်ရပ်ရွာအတွက် မျှော်လင့်အားကိုးမိသော တစ်ခြားဆရာဆရာမများက လက်ဖျား
ခါယူရလောက်သော လူငယ်ပေါင်းများစွာပါဝင်သည်၊
လက်ဖျားခါယူရလောက်အောင်လည်း ထိုလူငယ်များက အဖက်ဖက်တွင် တကယ်တော်သည်၊
တကယ်ထက်သည်၊ သူတို့၏ ထက်မြက်မှုသည် သူတို့၏ ပြောဆိုနေထိုင် လုပ်ကိုင်မှုတို့ကို ထား၍
သူတို့၏ မျက်နှာပေါ်မှာပင် ထင်းထင်းကြီးပေါ်နေတတ်သည်၊ သူတို့ကို ဆရာက ပြန်ကြောက်ရသော
တပည့်များဟုဆိုက မှားမည်မထင်၊
ဝန်ခံရလျှင် ရယ်စရာများဖြစ်နေမလားတော့ မပြောတတ်၊ သူတို့ကတော့ သိချင်မှ သိမည်၊
ကျွန်တော့်ကတော့ စာသင်ခန်းထဲတွင် သူတို့ကို တကယ်ကြောက်ခဲ့ရပါသည်၊ ကျွန်တော်က အခြေ
အနေအရသာ သူတို့၏ဆရာလုပ်နေရသည်၊ ဝင်းလက်တောက်ပြောင်သော သူတို့၏ကိုယ်ရည်ကိုယ်
သွေးများက ကျွန်တော့်စိတ်ကို အလွန်လွှမ်းမိုးသည်၊ ဆရာပါးမဝတတ်တာကလည်း တစ်ကြောင်း
ပါမည်ထင်ပါသည်၊ ဘာပဲဖြစ်ဖြစ် ထိုကဲ့သို့လူငယ်များနှင့် ဆုံတွေ့ရသည့်အတွက်တော့ ကျွန်တော်
အတိုင်းထက်အလွန် ကျေနပ်ဂုဏ်ယူခဲ့ရပါသည်၊ ကျွန်တော်ကဲ့သို့ အတွေ့အကြုံမျိုးကို ကျူရှင်ဆရာ
လုပ်နေပါသည်ဆိုသော အကို”အောင်ထက်“နှင့်အတူ ဆရာ ဆရာမလုပ်ဖူးသူတိုင်း ကြုံတွေ့ဖူးခံစား
ဖူးမည်ဟု ကျွန်တော်ယုံကြည်ပါသည်၊
ထိုလူငယ်တို့သည် ကျွန်တော်သတ်မှတ်ထားသည့်အတိုင်းပင်၊ အခြေခံအတန်းပညာတို့ကို
ချောချောမောမောအောင်မြင်၍ တက္ကသိုလ်အသီးသီးသို့ ဖြောင့်ဖြောင့်ဖြူးဖြူးရောက်ရှိသွားကြသည်၊
ကျွန်တော်သည်လည်း ဇာတိနယ်နှင့်ဝေးကွာသော တစ်မြို့တစ်ရွာဆီသို့ ပြောင်းရွှေ့အခြေချနေထိုင်
ဖြစ်သည်၊ ဇာတိနယ်နှင့်လည်း နှစ်အတော်ကြာကြာ ကျွန်တော်အဆက်ပြတ်သွားမိသည်၊
ပြီးခဲ့သော လကတော့ ပရဟိတအလုပ်ကိစ္စတစ်ခုကိုအကြောင်းပြု၍ ဇာတိနယ်သို့ ကျွန်တော်ပြန်လည်
ရောက်ဖြစ်သွားသည်၊ ကျွန်တော်စာသင်ပေးခဲ့ရသော ထိုလူငယ်များနှင့်လည်း ပြန်လည်ဆုံတွေ့ဖြစ်
သည်၊ အချိန်ကာလတွေကများ မြန်လွန်းတာလား၊ ထိုလူငယ်တွေကများ အရွယ်ရောက် မြန်လွန်း
တာလား ၊ သို့မဟုတ် ကျွန်တော်ကများ နောက်ကျကျန်ခဲ့တာလားတော့ မပြောတတ်၊ ထိုလူငယ်တို့
သည် ယခင်ကထက် များစွာပြောင်းလဲနေကြပြီ၊ တစ်ချို့ဆိုလျှင် သားတွဲလောင်း သမီးတွဲလောင်းပင်
ဖြစ်နေကြပြီ၊ကျွန်တော့်အတွက် အံ့သြမဆုံးဖြစ်ရသည့်တစ်ချက်မှာ ယခင်က ဝင်းလက်တောက်ပြောင်
ခဲ့သော သူတို့၏ ကိုယ်ရည်ကိုယ်သွေးတို့သည် ယခု သူတို့၏ ပြောဆိုနေထိုင် လုပ်ကိုင်မှုများတွင်
မတွေ့ရှိရတော့ခြင်းပင် ဖြစ်သည်၊ ထို့ပြင် ယခင်က သူတို့၏မျက်နှာပေါ်မှာပင် ထင်းထင်းကြီးပေါ်နေ
တတ်သော ထက်မြက်သောအမူအရာတို့သည်လည်း ယခု သူတို့၏မျက်နှာပေါ်တွင် မရှိတော့၊
သူတို့၏မျက်နှာသည် ဘဝကို သမရိုးကျဖြတ်သန်းနေသော သာမန်လူတစ်ယောက်၏ အသွင်အပြင်
သာ ရှိတော့သည်၊ သူတို့၏ ပြောဆိုနေထိုင် လုပ်ကိုင်မှုတို့သည်လည်း ထိုနည်းတူသာ ဖြစ်သည်၊
ဤအနေအထားကို ကျွန်တော်မကျေနပ် ၊ ထို့ကြောင့် ကျွန်တော့်ကို လာရောက်တွေ့ဆုံကြ
သော ထိုလူငယ်များကို “ ဟေ့ မင်းတို့က ဘယ်လိုဖြစ်သွားကြတာတုန်း “ ဟု အံ့သြစွာ မေးလိုက်မိ
သည်၊ သူတို့ကလည်း ကျွန်တော်ဘယ်လိုသဘောနှင့် မေးသည်ကို သိကြသည်၊ သူတို့၏အဖြေက-
“ ဒီလိုပါပဲ ဆရာ ၊ ကံပစ်ချရာပေါ့ “
ကျွန်တော် အလိုလို နုတ်ဆိတ်သွားရသည်၊ “ သြော် သူတို့တစ်တွေတောင် ကံစကား ပြော
တတ်နေကြပြီပဲ “ ဟု ဘာသိဘာသာ ကျွန်တော်တွေးလိုက်မိသည်၊ ကျွန်တော်နားလည်ထားသည့်
ကံဆိုသည်မှာ “အလုပ်”ဖြစ်သည်၊ အလုပ်ကောင်းလျှင် ကံကောင်းမည်၊ အလုပ်ညံ့လျှင် ကံညံ့မည်၊
အလုပ်မှားလျှင် ကံမှားမည်၊ ထိုအလုပ်များတွင် ကိုယ့်ဘဝရည်မှန်းချက်များနှင့် ကိုယ့်ဘဝအနာဂတ်
လမ်းကြောင်းကြီးတစ်ခုလုံး အကျုံးဝင်သည်ဟု ကျွန်တော်ယုံကြည်သည်၊
နောက်မှ ရပ်ရွာလူကြီးများ ပြောပြချက်အရ သိရသည်မှာ ထိုလူငယ်တို့တွင် တစ်ချို့က တက္ကသိုလ်
တက်ရင်းပင် ခိုးရာလိုက်ပြေးသည်၊ တစ်ချို့က ကျောင်းပြီးအောင်ပင် မတက်၊ တစ်ချို့ကတော့
ကျောင်းပြီးအောင်တက်သော်လည်း ပြီးသည်နှင့် ရှာလာဖွေလာသော ဖူးစာဖက်ကလေးများနှင့်
ချက်ချင်း “နတ်ရေးငယ်ရွှေစာ “ လုပ်ကြသည်၊ ကျွန်တော် သိလိုက်ပါပြီ၊ ထိုလူငယ်များ၏ ဝင်းလက်
တောက်ပြောင်သော ကိုယ်ရည်ကိုယ်သွေးများကို အချစ်ဆိုသောအရာက လွှမ်းမိုးဝါးမြိုသွားခြင်းပင်
ဖြစ်သည်၊ စာဖတ်သူကတော့ လက်ခံချင်မှ ခံမည်၊ ကျွန်တော်ကတော့ ဤကဲ့သို့သာ မြင်လိုက်မိပါ
သည်၊ရင့်ကျက်ပြီးသောလူကြီးတစ်ယောက်အဖို့ အချစ်ဆိုသောအရာသည် ဘဝ၏တစ်စိပ်တစ်ဒေသ
မျှသာ ဖြစ်သော်လည်း သွေးသားဆူဖြိုးစ လူငယ်တို့အတွက်မှာမူ တစ်ဘဝလုံးနှင့်သက်ဆိုင်သော
အရေးကိစ္စဖြစ်သည်၊ အနန္တစကြာဝဠာ ဖြစ်သည် ၊ ကိုးကွယ်ရာ ဖြစ်သည်၊
ထိုအချစ်အတွက်ဆိုလျှင် ကိုယ့်ဘဝရည်မှန်းချက်များအပါအဝင် အရာအားလုံးကို စွန့်ပစ်
နိုင်လောက်အောင်အထိ သတ္တိရှိကြသည်၊ ထိုအချစ်ဆိုသောအရာကလည်း ထိုသို့သတ္တိရှိရလောက်
အောင် စွဲမက်ဖွယ်ကောင်းသည်၊လူတစ်ယောက်၏ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားရလောက်အောင်
စွမ်းရည်သတ္တိရှိသည်၊ အထင်ကြီးစရာအလွန်ကောင်းသည်၊ ထိုအချစ်ဆိုသောအရာကို လူအမျိုးမျိုးက
ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြောခဲ့ ဖွင့်ဆိုခဲ့ကြပြီး ဖြစ်သည်၊ ကျွန်တော်ပြောစရာ ဖွင့်ဆိုစရာမလိုအောင်ပင်
ပြီး ပြည့်စုံပြီးဖြစ်သည်၊ သို့ရာတွင် လူအများနားလည်ထားသော အချစ်ဆိုသောအရာတွင် ဖိုမသဘာဝ
လိင်ကိစ္စမပါသော အချစ်မျိုးကိုတော့ ကျွန်တော်မယုံ၊ ယောက်ျားနှင့်မိန်းမ တစ်ဦးနှင့်တစ်ဦး ချစ်ကြ
သည့်အချစ်သည် ဖိုမသဘာဝ လိင်ကိစ္စအပေါ်တွင် အဓိကအခြေခံသည်ဟု ကျွန်တော်မြင်သည်၊
အချစ်စိတ်ဆိုသည်မှာ ဖိုမသဘာဝလိင်ကိစ္စဟု ယေဘုယျကျွန်တော်ဆိုချင်ပါသည်၊ ချွင်းချက်အနည်း
ငယ်တော့ ရှိကောင်းရှိမည်၊ ထိုအတွက် ယေဘုယျစကားလုံးကို ကျွန်တော်အသုံးပြုထားပါသည်၊
ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ဖြစ်ဖူးသော အတွေ့အကြုံနှင့် ယှဉ်ပြီး ပြောရလျှင်
လူတစ်ယောက်တွင် ထိုစိတ်များ စိုးမိုးလာပါက မလွယ်၊ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ် ၊
အိပ်လည်း ဒီစိတ်ဖြင့် အချိန်ပြည့်လုံးချာလိုက်နေသည်၊ ဘဝအရေးနှင့် ထိုအရေးယှဉ်လာပါက
လွယ်လွယ်ကူကူပင်၊ ထိုအရေးကိုသာ ဦးစားပေးသည်၊ ထိုအရေးကိုသာ ရှေ့တန်းပို့သည်၊
နောက်ဆုံး ဘဝတွင် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲတည်ဆောက်ထားရသော ဂုဏ်သိက္ခာအရေး
နှင့်ပင် ယှဉ်လာပါစေဦး၊ ထိုအရေးသည်သာ ထိပ်တန်းရောက်သည်၊ ဤနေရာတွင် ဘဝအတွက်
ဘာမှ မယ်မယ်ရရ ခိုင်ခိုင်မာမာ မတည်ဆောက်ရသေးသော တက်သစ်စ,သွေးသားဆူဖြိုးစလူငယ်
တစ်ဦးသာ ဖြစ်မည်ဆိုပါက ၎င်းလူငယ်၏ ဘဝရည်မှန်းချက်နှင့် ဘဝလမ်းသည် မှေးမှိန်သွားရတော့
မည်သာ ဖြစ်သည်၊ ၎င်းစိတ်များ အထိန်းအကွပ်မဲ့သွားပါက လှေလှော်ရင်း တက်ကျိုးသည့်ကိန်း
အထိပင် ဆိုက်သွားနိုင်ပါသည်၊ ကျွန်တော်ကိုယ်တိုင် တော်သည် ထက်သည်ဟု သတ်မှတ်မိသော
တစ်ခြားဆရာ ဆရာမများက လက်ဖျားခါယူရလောက်သော ကျွန်တော့်တပည့်လူငယ်များသည်
ဇာတိနယ်ပယ်ကျဉ်းကျဉ်းမှ အပြောကျယ်လှသော လောကသစ်ဆီသို့တက်လှမ်းရင်း ဤအနေအထား
များဖြင့် ကြုံတွေ့သွားကြသည်ဟု ကျွန်တော်ကောက်ချက်ပြုလိုက်မိပါသည်၊ ဤစကားရပ်များဖြင့်
လူငယ်သဘာဝ ချစ်ကြခင်ကြ၊ ချစ်သူရည်းစားအနေဖြင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြသည့်
အဖြစ်များကို ကျွန်တော်ကန့်ကွက်ခြင်းမဟုတ်၊ ဘဝရည်မှန်းချက်ကြီးမားသော လူငယ်များအနေဖြင့်
သတိပြုသင့်တာသတိပြု၍ ဆင်ခြင်သင့်တာဆင်ခြင်မိစေရန် ကျွန်တော့်အတွေ့အကြုံနှင့် ကျွန်တော့်
မျက်စိအောက်က လူငယ်များ၏အဖြစ်အပျက်ကို ပြောပြပေးခြင်းမျှသာ ဖြစ်သည်၊ကျွန်တော့်အတွက်
တော့ ချစ်ချစ်ခင်ခင် ယုယုယယ ကြင်ကြင်နာနာဖြစ်နေသည့် သမီးရည်းစားစုံတွဲများကို မြင်ရတိုင်း
ကိုယ်နှင့်ဆိုင်ဆိုင် မဆိုင်ဆိုင် သိသိမသိသိ အလွန်ကျေနပ်သလို ထိုမြင်ကွင်းသည် အလွန်မင်္ဂလာ
ရှိသောမြင်ကွင်းဟုလည်း ကျွန်တော်သတ်မှတ်သည်၊ သို့ရာတွင် ထိုမြင်ကွင်း၏နောက်ကွယ်က
ထိုလူငယ်တို့၏ဘဝရည်မှန်းချက်များ မှေးမှိန်သွားမှာကိုတော့ ကျွန်တော်စိုးရိမ်မိတတ်သည်၊
ကျွန်တော့်တပည့်လူငယ်များထဲတွင် ထက်မြက်မှုအသွင်အပြင်မပျောက်သေးသော နောက်
တစ်ဆင့်တက်ရန် ဘဝရည်မှန်းချက်ရှိသော လူငယ်အနည်းငယ်တော့ ကျန်ရှိနေပါသေးသည်၊
ထိုလူငယ်များကိုတော့ ကျွန်တော်ပြန်ခါနီး လာရောက်နုတ်ဆက်စဉ် အောက်ပါအတိုင်း ကျွန်တော်
ပြောဖြစ်ခဲ့ပါသည်၊
“ ဒီဘဝ ဒီမျှ ဒီလောက်နဲ့သာ ကျေနပ်တယ်၊ ကိုယ့်ဘဝကို ရိုးရိုးကုပ်ကုပ်နဲ့ သမရိုးကျအတိုင်းသာ
ဖြတ်သန်း ပြီးဆုံးစေမယ်ဆိုရင်တော့ မင်းတို့ အထူးအပင်ပန်းခံကြိုးစားစရာမလိုပါဘူး၊ အများနည်းတူ
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ လုပ်သင့်တာလေး ပုံမှန်လုပ်၊ ကိုယ့်အာသာဆန္ဒရှိရင် အိမ်ထောင်ပြု၊
ခံစားသင့်တာ ခံစား၊ ဒီလိုနေသွားလို့ ဖြစ်တာပါပဲ၊ ဒီလိုမှမဟုတ်ပဲ ဒီဘဝဒီမျှဒီလောက်နဲ့ မကျေနပ်ဘူး၊
ဒီကြားထဲက ဖောက်ထွက်ချင်တယ်၊ ဒီထက် တစ်ဆင့်မြင့်တဲ့ဘဝအဆင့်အတန်းကို မျှော်မှန်းတယ်
ဆိုရင်တော့ အများနည်းတူလုပ်နေလို့မဖြစ်ဘူး၊ သွေးသားဆန္ဒကြောင့်ပဲဆိုဆို လူငယ်ပြော ပြောရရင်
ချစ်လို့ပဲဖြစ်ဖြစ်၊ အရွယ်ကြောင့်ပဲပြောပြော အိမ်ထောင်ပြုတာတောင်မှ ကိုယ့်ဘဝရည်မှန်းချက်နဲ့
ချိန်စက်စဉ်းစားနိုင်စွမ်းရှိရမယ်၊ ချိန်စက်စဉ်းစားတဲ့အခါ ကိုယ့်ဘဝရည်မှန်းချက်သည်သာ အဓိက
ဖြစ်နေစေရမယ်၊ သာမညနေရာမှာသာ ထားရမယ့်ကိစ္စတွေကို စိတ်အာသာဆန္ဒနောက်လိုက်ပြီး
အဓိကနေရာ ဆွဲမတင်ရဘူး၊ တကယ်တော့ မင်းတို့ငါတို့တွေရဲ့ဘဝဆိုတာက သိပ်အထူးအဆန်းကြီး
မဟုတ်လှပါဘူး၊ ဒီလိုပဲ ပြီး ပြီးသွားမှာပဲ၊ မပြီးခင် ကိုယ်လက်ရှိရပ်တည်နေတဲ့ ဘဝအနေအထားကို
ကျေနပ်တယ်/မကျေနပ်ဘူးဆိုတဲ့ထိုင်ခုံပေါ်ထိုင်ပြီး လုပ်သင့်တာကို ဇွဲရှိရှိ စနစ်တကျလုပ်သွားဖို့ပါပဲ “
ခပ်ရှက်ရှက်နှင့် ကျွန်တော်ဝန်ခံလိုက်ရပါဦးမည်၊ ထိုအချိန်ကသာ ဆရာကြီးဂိုက်ဖမ်း၍
ခပ်တည်တည် ကျွန်တော်ပြောခဲ့ရခြင်းဖြစ်သည်၊ ကျွန်တော်ကိုယ်တိုင်ကတော့ ယခုအချိန်အထိ
အဓိကနှင့် သာမညကိစ္စများကို အလွဲလွဲအမှားမှားလုပ်မိနေတုန်းပင်ဖြစ်သည်၊လွဲမှားလွန်း၍ ကမ္ဘာပင်
ကျော်နိုင်လောက်သည့် အချိန်နာရီများ ဆုံးရှုံးနစ်နာရပေါင်းလည်း မနည်းတော့၊ မီးတောက်ကို
ရွှေတောင်ကြီးအဖြစ်ထင်သည့် ပိုးဖလံမျိုးပီပီ နောင်လည်း လွဲမှားနေဦးမည့်လက္ခဏာရှိသည်၊
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရွာ ကျွန်တော်တို့မြို့ကျွန်တော်တို့နိုင်ငံတွင် တော်သထက်တော်လာသော၊
ထက်မြက်သထက် ထက်မြက်လာသော၊ တောက်ပြောင်သထက် တောက်ပြောင်လာသော လူငယ်
များကိုသာ အစဉ်ထာဝရ ကျွန်တော်မြင်တွေ့လိုပါသည်………။