ယဉ်ကျေးစေချင်တာ…ရင်ထဲကပါ…
ဒီနေ့ခေတ်မှာ လူငယ်တွေဟာ
ခပ်ရိုင်းရိုင်းလေးပြောလိုက်ရတာကို
ဂုဏ်ယူတတ်တဲ့သဘောရှိတယ်…
မိကောင်းဖခင် သားသမီးတွေကတော့
မိုက်ရိုင်းပါဆိုတာတောင် မမိုက်ရိုင်ကြပါဘူး…
တချို့ကျတော့ မိကောင်းဖခင် သားသမီးဖြစ်ပေမယ့်…
အတုမြင်အတတ်သင် ပတ်ဝန်းကျင်ရဲ့ Peer Pressure ကြောင့်
မိုက်ရိုင်းတတ်ကြတယ်…
Peer … ဆိုတာ သက်တူရွယ်တူ သူငယ်ချင်း
Pressure…ဆိုတာ…ဖိအားပေါ့…
ဥပမာ…
သူငယ်ချင်း ၃ ယောက်ရှိတယ်ဆိုပါတော့…
၂ယောက်က ဆေးလိပ်သောက်တဲ့အခါ
ကျန်တစ်ယောက်က ဆေးလိပ်သောက်တတ်သွားဖို့
၉၀% သေချာတဲ့သဘော ဖိအားမျိုးကို Peer Pressure လို့ခေါ်တယ်…
ဒီနေ့ခေတ်ကတော့ Facebook Pressure ပေါ့…
သူငယ်ချင်းတွေ အများကြီးထားလို့ရတယ်…
အဲဒီထဲမှာ
ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူရော
မကောင်းတဲ့သူရောပါလာမယ်…
ကိုယ်ရည်ကိုယ်သွေးမကောင်းတဲ့ သူငယ်ချင်းတွေပါရင်…
သူတို့ရဲ့ ခပ်ရိုင်းရိုင်းသဘောထားတွေနဲ့ ပို့စ်လေးတွေရေးတင်ကြမယ်…
အဲဒါတွေကို ဖတ်ပြီးတဲ့အခါ
ကိုယ်လည်း ခပ်ပါးပါးလေးရိုင်းချင်လာမယ်…
စမ်းပြီးရိုင်းကြည့်မယ်…
အရိုင်းအစိုင်းတောထဲမှာဆိုရင်
အရိုင်းတွေက Like တွေ အများကြီးပေးလိမ့်မယ်…
ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်မယ်…
နောက်တစ်ခါ ဒီထက်ပြင်းပြင်းလေး
ဆော်ထည့်လိုက်ဦးမယ်လို့ စိတ်ကူးမယ်…
အဲဒီလိုနဲ့ ပါးပါးလေးရိုင်းရာကနေ ထူထူကြီးရိုင်းတတ်လာမယ်…
မိုက်ရိုင်းတဲ့သူကလည်း
ပိုမိုက်ရိုင်းတတ်အောင် ကြိုးစားတဲ့သဘောရှိတယ်…
ယဉ်ကျေးတဲ့သူကလည်း
ပိုယဉ်ကျေးအောင် ကြိုးစားတတ်တဲ့သဘောရှိတယ်…
ကောင်းတယ်… ဆိုတဲ့စကားလုံးကိုကြည့်ပါ…
စောက်ရမ်းကောင်းတယ်…
အရမ်းကောင်းတယ်…
အလွန်ကောင်းတယ်…
တော်တော်ကောင်းတယ်…
အထူးကောင်းတယ်…
မိုက်ရိုင်းချင်တဲ့သူက
ဒီ့ထက် မိုက်ရိုင်းတဲ့ စကားလုံးကို တီထွင်ဦးမယ်…
ယဉ်ကျေးချင်တဲ့သူက
ယဉ်ကျေးတဲ့စကားလုံးကို ရှာသုံးလိမ့်မယ်…
ကျနော့်ရဲ့ ဆရာကြီးတစ်ယောက် စကားပြောရင်… တအားနူးညံ့တယ်…
ယဉ်ကျေးသထက် ယဉ်ကျေးဖို့ အမြဲတမ်းဆုံးမတယ်…
ဆရာ့ကျေးဇူးကို ဒီနေရာကနေ အောက်မေ့မိတယ်…
ဆရာကြီးကတော့ လောကကြီးမှာရှိမရှိ ကျနော်မသိတော့ပါဘူး…
နောက်တစ်ချက်က စိတ်ပညာရှင်ကြီးတွေဟာ
ယဉ်ကျေးသိမ်မွေ့ကြတယ်…
လူတွေရဲ့ စိတ်ဖြစ်စဉ်တွေကို
စနစ်တကျ လေ့လာရတဲ့ စိတ်ပညာရှင်တွေဟာ…
စိတ်တို စိတ်ဆတ်နေလို့မရဘူး…
လောကမှာ သာမာန် လူအချင်းချင်းတောင် စိတ်မရှည်နိုင်ကြဘူးနော်…
စိတ်မကျန်းမာသူတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ
စိတ်ရှည်ဖို့ သည်းခံဖို့ ယဉ်ကျေးဖို့
ကိုယ်ချင်းစာ တရားထားတတ်ဖို့တွေ အားလုံးလိုအပ်တယ်…
ဒါ့ကြောင့် စိတ်ပညာကို တကယ်နားလည်သွားတဲ့ ဆရာသမားတွေဟာ
ကိုယ်နှုတ်စိတ် ၃ ပါး နူးညံ့ပြီး ယဉ်ကျေးနေတာတွေ့ရလိမ့်မယ်…
ဘာသာရေးသမားတွေဟာလည်း ဘာသာတရားအဆုံးအမနဲ့
နူးညံ့ယဉ်ကျေးသိမ်မွေ့ကြတယ်…
ဒါကတော့ အထွေအထူးပြောစရာမလိုဘူး…
မိုက်ရိုင်းကြဟေ့လို့ ဘယ်ဘာသာတရားကမှ မဆုံးမဘူး…
ဘာသာတရားအောက်မှာ နေပြီး
မိုက်ရိုင်းနေကျတဲ့သူတွေပဲရှိတယ်…
FB က ခလေးမတစ်ယောက်…
peer pressure ၀င်ပြီး ခပ်ရိုင်းရိုင်းစာလေးတွေကို
သွေးတိုးစမ်းပြီး တင်နေတာ သတိထားမိလိုက်တယ်…
နောက်တော့ သူ့မွေးနေ့အကြောင်း ပို့စ်လေး တစ်ခုတင်တယ်…
ဖတ်ကြည့်လိုက်တော့…
သူ့မွေးနေ့မှာ ကျေးဇူးအရှိဆုံးဖြစ်တဲ့ အမေကို အရင်ဆုံးရှိခိုးတယ်…
နောက် အဖေကို ရှိခိုးတယ်…
နောက်မှ ဘုရားကို ရှိခိုးတယ်…
သူကဆက်ပြောတယ်…
လူတိုင်းက မွေးနေ့ဆိုရင် ဘုရားရှိခိုးဖို့ပဲ သိကြတယ်
မိဘကို ရှိခိုးဖို့ မေ့နေတတ်ကြတယ်တဲ့…
သူ့အယူအဆလေးနဲ့သူပေါ့…
ရှိခိုးတာနဲ့ ပတ်သက်လို့ နည်းနည်းပြောချင်တယ်…
ရှိခိုးတယ်ဆိုတာ …
လေးစားစရာ အရှိတရားတွေကို အတုခိုးခြင်းဖြစ်တယ်…
ထိခြင်း ၅ ပါးနဲ့ ရှိခိုးမှ
ရှိခိုးခြင်းမည်တာမဟုတ်ဘူး…
ထိခြင်း ၅ ပါးနဲ့ ရှိခိုးပြီး
လေးစားစရာပုဂ္ဂိုလ်ရဲ့ အရှိတရားတွေကို အတုမခိုးနိုင်ရင်
အဲဒီအပြုအမူဟာ အချည်းအနှီးပဲဖြစ်တယ်…
အဲဒီတော့ ယဉ်ကျေးမှုအရ
မွေးနေ့မှာ မိဘကိုရှိခိုးတာ…
သီတင်းကျွတ်လိုအခါသမယမှာ မိဘကိုရှိခိုးတာ…
အမေများနေ့မှ မိဘကိုရှိခိုးဖို့ သတိရတာ…မျိုးထက်
ကိုယ့်မိဘမှာရှိတဲ့လေးစားစရာ အချက်တွေကို
တွေ့မိ တွေးမိတိုင်း စိတ်ထဲကဦးညွတ်တာ…
ရင်နဲ့အမျှလေးစားတာ…
အဲဒီလိုလေးစားနေရရုံနဲ့တင်မပြီးပဲ
အဲဒီလိုလေးစားစရာအရည်းအချင်း
မိမိမှာကိန်းအောင်းလာအောင် လုပ်တာကမှ
ရှိခိုးချင်းအစစ်မည်တယ်လို့ ဆိုရမယ်…
အမေ အဖေ ကိုရှိခိုးပါလျက်…
အမြင့်မြတ်ဆုံးဘုရား
အယဉ်ကျေးဆုံးတရားကို ရှိခိုးပါလျက်…
ယဉ်ကျေမှုရှိမလာဘူး…
ယဉ်ကျေးမှုရှိမလာတဲ့အပြင် မိုက်ရိုင်းနေခဲ့မယ်ဆိုရင်…
အဲဒီရှိခိုးခြင်းဟာ ရှိခိုးခံပုဂ္ဂိုလ်ကို
စော်ကားခြင်းသဘောသက်ရောက်တယ်…
ဘုရား မရိုင်းဘူး… ကိုယ်က ရိုင်းတယ်…
တရားက မရိုင်းဖို့ လမ်းညွှန်တယ်… ကိုယ်က ရိုင်းတယ်ဆိုရင်…
ရှိခိုးနေလည်းဘာထူးမလဲ…
မရှိခိုးတာထက်တော့တော်ပါသေးတယ်လို့ ဆိုရုံကလွဲပြီး…
ဘာမှထူးလာမှာမဟုတ်ဘူး…
သံဃာတော်တွေနဲ့ မိဘဆရာတွေကလည်း
ကိုယ့်ကိုလာပြီးပူဇော်တာလေးကို
ပီတိဖြစ်နေရုံ အားမရပဲ…
မကောင်းမြစ်တား ကောင်းရာညွှန်… ပေးဖို့ဝတ္တရားရှိတယ်…
မြင်းရိုင်းကို ယဉ်ပါးစေဖို့
မြင်းလိမ္မာတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရသလို…
လူရိုင်းတွေ ယဉ်ပါးစေဖို့ဆိုတာလည်း
လူကြီးမိဘတွေက ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတယ်…
အခုခေတ်လူငယ်တွေက အစစ အရာရာမှာ
တော်ကြတတ်ကြတယ် ထူးချွန်ကြတယ်…
မိုက်ရိုင်းတာလေး တစ်ခုကိုပြင်လိုက်ရင်တော့
အားလုံးကောင်းသွားလိမ့်မယ်…
အဲဒါလေးကို FB မှတ်ချက်အနေနဲ့ ပေးမိတော့…
ဘယ်လို reply ပြန်လာလဲဆိုရင်…
အေး…
နင့်လို လူမျိုးက ဒီလိုပဲတွေးတတ်တာ မစမ်းပါဘူး… တဲ့ဗျာ…
အဲဒီခလေးမနဲ့ ကျနော့်အသက်က ဆယ်စုနှစ်တစ်စု ကွာတယ်…
ဒါလည်း သူသိတယ်…
ထားပါ…
လူကြီးသူမတွေအားလုံး ဒီလိုအဖြစ်မျိုးကြုံဖူးကြလိမ့်မယ်…
အဲလိုအဖြစ်မျိုးကြုံတဲ့အခါ… စိတ်မပျက်ဖို့လိုတယ်…
ဒီနည်းနဲ့ မယဉ်ကျေးရင်
နောက်တနည်းနဲ့ယဉ်ကျေးစေဖို့ကြိုးစားရမယ်…
ဆပ်ပြာမကောင်းလို့ ခေါင်းပေါင်းမဖြူရင်
ဆပ်ပြာပြောင်းသုံးရမယ်…
ခေါင်းပေါင်းကိုက အမဲရောင်ဖြစ်နေရင်လည်း
မဖြူတတ်ဘူးဆိုတာကိုတော့ နားလည်ထားဖို့လိုတယ်…
အထူးသဖြင့် မျိုးမကောင်းတဲ့သူတွေမှာ
ပြုပြင်ပြောင်းလဲနိုင်တဲ့ အသိဥာဏ် သဘောထားမရှိတတ်ကြဘူး…
(မျိုးမကောင်းဘူးဆိုတာ ချမ်းသာဆင်းရဲတာနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး)
ဘယ်လိုပဲဖြစ်ဖြစ် အနာဂါတ်ကို ယဉ်ကျေးစေဖို့ဆိုတာ
ကျနော်တို့မှာ တာဝန်ရှိတယ်…
ကျနော်တို့ကိုယ်တိုင်ကလည်း ယဉ်ကျေးနေဖို့လိုအပ်တယ်…
တစ်ဦးတစ်ယောက်ချင်း
မိမိနဲ့ နီးစပ်တဲ့ လူငယ်လေးတွေ ယဉ်ကျေးအောင်သွန်သင်ပေးခြင်းအားဖြင့်
မိမိ ပတ်ဝန်းကျင် မိမိ ရပ်ကွက်ကစလို့ မြို့ရွာနိုင်ငံအထိ ယဉ်ကျေးကြမယ်ဆိုရင်…
ဘယ်လောက်ချစ်စရာကောင်းလိုက်မလဲဆိုတာကို…
စိတ်ထဲမှာပြေးမြင်ကြည့်လိုက်ပေါ့ဗျာ…
ကိုင်း … ပြောတာလည်းများသွားပြီ…
စာဖတ်သူလည်း ငြီးငွေ့နေလောက်ပြီ…ဖြစ်တဲ့အတွက်
ကျနော့်ရဲ့ပြောကြားချက်ကို ဒီနေရာမှာတင် အဆုံးသတ်ပါရစေဗျာ…
သဘောတရားတွေကို သဘောကျကျေနပ်လို့
ပီတိနှလုံး ရွှင်ပြုံးတော်မူနိုင်ကြပါစေလို့…
ဆန္ဒပြုလိုက်ပါတယ်…
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေဗျာ…