ကမ်းစပ်မှာထိုင်
မှိုင်တွေတွေငေး
မြင်မြင်ရာ ရေပြင်ဖြစ်နေခဲ့
ကမ်းစပ်နဲ့ဝေး......
ဒါက မင်းနန္ဒာ တစ်ကိုယ်တည်းရှိနေခဲ့တဲ့ အချိန်၊ ဒါမှ မဟုတ်လျှင်လဲငမိုးရိပ်မိချောင်းကြီးရောက်မလာခဲ့တဲ့အချိန်တွေ
အတွက် ခံစားရေး ဖွဲခဲ့တာပါ.... ငယ်ငယ်ကပေါ့..... အဲဒီတုန်းက မင်းနန္ဒာရဲ့ ချစ်ခြင်းကို အပြင်လူတစ်ယောက်အနေနဲ့.... ဒီထက်ပိုပြီး
ပြောရရင် လွမ်းရခြင်း တွေကို နားမလည်သေးတဲ့ အရွယ်က..... အချစ်ဆိုတာကိုလဲ ဖမ်းယူဆုပ်ကိုင်မိခြင်း မရှိသေးပေမဲ့.....ကိုယ်ချင်းစာ
စိတ်လေး ကတော့ ရှိနေခဲ့ပြီ..... ဟိုး........... ခပ်ငယ်ငယ် ကျောင်းသားအရွယ်က ခံစားရေးဖွဲ့ခဲ့တာပါ ....။
ရှင်မွေ့နန်းကလဲ ကံဆိုးရှာသူ.... သုဿန်အ၀မှာ တစ်ပင်တိုင် မြနန်းနဲ့ နေခဲ့ရရှာတယ်.. ဒါတောင် ဘုရင့်သမီးတော်
လေးဖြစ်နေလို့.....၊ ပြီးတော့ မင်းနန္ဒာနဲ့ ချစ်သွားကြတယ်တဲ့..... မင်းနန္ဒာက မိချောင်းကြီးစီးပြီး ချစ်သူရှိရာကို သွားတယ်တဲ့.... ငမိုးရိပ်
မိချောင်းကြီးလေ... ဇာတ်လမ်းထဲမှာတော့ မလက်တိုလဲပါသေးတယ်..... မလက်တိုက ငမိုးရိပ်ကို ဘာကြောင့် မုန်းတာလဲ၊ နောက်တစ်ခါ
သုဿန်ဝမှာ နေတဲ့ ရှင်မွေ့နန်းဆီကို မင်းနန္ဒာ ကိုယ်တော်လေးက ဘယ်လိုရောက်သွားခဲ့တာလဲ... ဘယ်လိုဆုံကြသလဲ.... ဆိုတဲ့ အတွေး
လေးတွေကတော့ ဟိုတုန်းကနေ အခုထိရှိနေဆဲပဲ..... ဒွိဟတွေနဲ့လေ... ဘာပဲ ပြောပြော အချစ်ပုံပြင်လေးတွေထဲမှာတော့ လွမ်းမောဖွယ်
ကောင်းလွန်းတဲ့ အဖြစ်အပျက်လေးတွေပေါ့.... နော်၊ ဒီပုံပြင်လေးတွေကိုလဲ သန်လျင်သူလေးက ပြောပြခဲ့ဘူးတယ်..... တစ်ခါကပေါ့.။
မနက်ခင်း အလုပ်ဝင်တဲ့ အချိန်က နံနက် (၅)နာရီ...၊ ဒီထက်နောက်ကျရင် ပုံမှန် ဖောက်သည်တွေ မရနိုင်တော့ဘူး၊
တစ်ရက်ကို အနည်းဆုံး (၃)ခေါက်လောက် အသွား/အပြန်ရရင်တော့ နေ့တွက်ကိုက်တယ် ပြောရမှာပေါ့.... ကျွန်တော့် ဖောက်သယ်တွေ
ထဲမှာ သန်လျင်ကနေ ကော့သောင်းမှာ လာရောက်လုပ်စားနေတဲ့ သူလဲပါတယ်... သူက ရနောင်းက ကုန်စိမ်းတွေရယ်၊ ဆယ်ကျော်သက်
ဝတ်စုံလေးတွေရယ်ကို ၀ယ်ရောင်းနေတာလေ... ညနေဆိုရင် ရနောင်းမှာ သွားအိပ်ပြီး မနက် (၆)နာရီလောက် ပြန်ရောက်..... ဆိုင်ခင်း
တစ်နေကုန်ရောင်း၊ ညနေစောင်းတော့ ရနောင်းမှာ သွားအိပ်ပေါ့... ဘ၀က ခပ်ကြမ်းကြမ်းမို့လို့သာ သူ့ရဲ့ ဟန်အမူအရာတွေက သန့်သန့်
ခန့်ခန့်နေရရင် တော်တော် ကြည့်ကောင်းမှာလို့ လှေလေးမောင်းရင်း တွေးခဲ့ဘူးတယ်.... မနက်ပိုင်းရော၊ ညနေပိုင်းရော သူက ကျွန်တော့်
လှေလေးကိုပဲ စီးတတ်တယ်... သူ့ကို ပို့ပြီး ပြန်ရောက်ရင်တော့ ည(၇)နာရီလောက်ဖြစ်နေပြီလေ..... မနက်ဆိုရင်လဲ သူ့ကို ကြိုလာရမှပဲ
တစ်နေကုန် အလုပ်လုပ်ရတာ အဆင်ပြေတယ်၊ သူကလဲ အများအားဖြင့် ကျွန်တော့်လှေကိုပဲ စီးပါတယ်.... အသောက်အစားကင်းလို့တဲ့
ဒါကလဲ အကြောင်းပြချက်တစ်ခုပဲနေမှာပါ..... ဒီထက်ပိုချင်ပိုမှာလေ.... တခြားအတွေးလဲ ရှိနေစေချင်လိုက်တာ..... ကျွန်တော့်လိုပေါ့....
သူနဲ့ ကျွန်တော် တူနေတာက မိခင်ကြီးကို လုပ်ကျွေးနေကြတာပဲလေ... တခြားတော့ တူတာ မရှိလောက်ပါဘူး၊ သူက ဘွဲ့ရပြီးသား ပညာ
တတ်တဲ့ ဈေးရောင်းသူ၊ ကျွန်တော်က ငယ်ငယ်လေးကတည်းက မိခင်မုဆိုးမကြီးကို သဘာဝကပေးထားတဲ့အရင်းအမြစ်ကြီးထဲမှာ ရှာဖွေ
ကျွေးမွေးနေရတဲ့ ပညာမဲ့ တစ်နည်းအားဖြင့် လှေထိုးသားပေါ့..... ကော့သောင်းမှာတော့ ပဲ့ချိတ်မောင်းသမားလို့ ခေါ်ကြတယ်... ရုပ်ကလဲ
နေလောင်နေတဲ့ အသားနဲ့ နီကြောင်ကြောင် ဆံနွယ်တွေ ပိုင်ဆိုင်ထားတယ်..... ကမ်းထရီး စတိုင် ဂျင်းပင် မစုတ်တစုတ်ရယ်၊ အများအား
ဖြင့်တော့ ပေါချောင်ကောင်း တီရှပ်လေးတွေကို အပေါ်က လက်ရှည် တစ်ထည်ဖုံးပြီး အမြဲ ၀တ်ထားရတယ်၊ နေပူလို့လေ...အ၀တ်ဦးထုပ်
အပျော့လေးလဲ အမြဲ ဆောင်းထားရတယ်..... နေ့ခင်းဘက်တွေမှာပေါ့....။
ညနေပိုင်း လက်ကျန်ခရီးသည်စောင့်ရင်း တစ်ခါကတော့ သူ ရှင်မွေ့နန်းနဲ့ မင်းနန္ဒာ အကြောင်း ပြောပြဖူးတယ်..နေ
ဝင်ရီတရော အချိန်လေးမှာပေါ့......။ စွဲမက်ခဲ့ဖူးတယ်... အတွေးလေးတွေလဲ ကျန်ရစ်တယ်..... ဒွိဟတွေ အများကြီးနဲ့လေ.... နောက်ဆုံး
မီးခိုးလေးတွေ အဖြစ် ပေါင်းဆုံသွားကြတဲ့ ဇာတ်သိမ်းလေးကို အကြိုက်ဆုံး ဖြစ်ခဲ့တယ်..... နွမ်းရင်း၊ လွမ်းရင်း ကျေနပ်ခဲ့ဘူးတယ်.. အဲဒီ
တုန်းကလဲ သူ့မျက်နှာကိုကြည့်ရင်း ကျွန်တော် ပြုံးနေခဲ့တယ်..... ပုံပြင်လေးကိုရော.... ပုံပြင်ပြောနေတဲ့ သူ့ရဲ့ ဟန်အမူအရာလေးကိုရော
သဘောကျ နှစ်သက်လို့..... ဇာတ်လမ်းရဲ့ အနိမ့် အမြင့်လေးတွေ အတိုင်း သူ့အသံတွေ သူ့ဟန်တွေထဲမှာ စီးမြောခဲ့မိတယ်ထင်တယ်....
ငယ်ငယ်ကတည်းက ကြားဖူးခဲ့ပေမဲ့ အခုလောက်အထိတော့ စွဲစွဲထင်ထင် မဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရမလိုလို.....။ အခု သူပြောပြတဲ့
ပုံပြင်လေးက အသက်ဝင်လွန်းလို့လေ.... ပုံပြင်လေးကိုနားထောင်ရင်း ကြည်နူးစိတ်လေး ဖြစ်ခဲ့တယ်......
နေပူပူမှာ ပင်လယ်ဝက ပါချန်မြစ်ကြီးကို ဖြတ်သန်းနေရပေမဲ့ ပင်လယ်လေလေးတွေကိုလဲ ဇိမ်ကျကျ ရှူရှိုက်ဘူး
ခြင်းမရှိခဲ့ပါဘူး၊ ရေမှုန်ရေစက်တွေကိုလဲ ကဗျာဆန်ဆန် မတွေးဖြစ်ခဲ့ဘူး၊ ညနေစောင်းလာရင် သူ့ကို ပို့ဖို့ရယ်..... မနက်နေမထွက်ခင်မှာ
သူ့ကို ကြိုဖို့ရယ်....ကလွဲပြီး ကျန်တဲ့ အချိန်တွေမှာတော့..... ရသမျှလေး ခြစ်ကုတ်ပြီး ဒီနေ့ မေမေ့ကို ဘာဝယ်သွားပေးရမလဲ... ခံတွင်း
တွေ့စရာ ဘာကျွေးရမလဲ လို့ တွေးနေယုံ၊ နောက်ပြီး မုဆိုးက သားကောင်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ခရီးသည်တွေကို ကြည့်ယုံပါပဲ.....
အတွေးထဲမှာ မေမေရယ်...... သူရယ်..... နောက်တော့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်ရယ်..... တစ်ခါတစ်လေ လှပတဲ့ အိပ်မက်လေး
တွေကိုလဲ မအိပ်ပဲနဲ့ မက်ဖူးတယ်...... အကြိမ်ကြိမ် အခါခါပါပဲ...... တစ်ယောက်ထဲရယ်လေ.....။
မကြာသေးတဲ့ နံနက်ခင်း တစ်ခုမှာ သူ့ကို ကျွန်တော် စောင့်နေတယ်..... နေထွက်လာတဲ့ အထိ သူရောက်မလာခဲ့
ဘူး၊ ဟင်းရွက်စိမ်းသည်တွေကို စုံစမ်းကြည့်တော့လဲ.... မလာဘူးတဲ့.... နေမကောင်းဖြစ်နေလားလို့ သူတို့ စုပြီး ငှားထားတဲ့ အိမ်လေးကို
လိုက်သွားကြည့်တော့လဲ တံခါးသော့ခတ်ထားတယ်၊ ဟုတ်တာပေါ့ ဒီအချိန်ဆိုရင် အားလုံး ကော့သောင်းဈေးမှာ ဆိုင်ခင်းနေလောက်ရော
ပေါ့..... တစ်ကိုယ်လုံးလဲ လေးလံသွားတယ်၊ စိတ်လဲ ပူသွားတယ်..... ဒီမနက်ကတော့ ဂွဒ်တမောနင်း မဖြစ်တော့ပါဘူး သူရယ်.......
ဈေးထဲက အဒေါ်ကြီး စကားကို မကြားတစ်ချက်ကြားတစ်ချက်နဲ့ ဆက်ပြီးနားထောင်နေမိတယ်...မလှုပ်မယှက်နဲ့
ပါပဲ....... သူအ၀တ်ဝယ်နေတဲ့ ဆိုင်ရှင်ရဲ့ သားက မနေ့က သူ့အမေဆီမှာ လူကြီး စုံရာနဲ့ လာတောင်းသွားတယ်တဲ့....... ဒီနေ့မနက်မှာ....
ရနောင်းက ဗမာဘုန်းတော်ကြီးကျောင်းမှာ မင်္ဂလာဆွမ်းကပ်မယ်.... နေ့လည် မင်္ဂလာဆောင်မယ်တဲ့...... မင်းကို မဖိတ်ဘူးလား၊ မင်း မ
သိဘူးလားတဲ့..... ကျွန်တော် ခေါင်းညိတ်ခဲ့လား၊ ခေါင်းခါခဲ့လား မသိပါဘူး...... ဘာမှ လဲ မသိတော့ဘူး........ အဲဒီနေ့ကပေါ့...။
သူအိမ်ထောင် ကျပြီးတော့..... ကျွန်တော်လဲ အလုပ်ပြောင်းခဲ့တယ်..... ငါးလှေလေးတွေမှာ လိုက်ပြီး စက်ပြင်ပေး
ရတဲ့ စက်ပြင်ဆရာလေးအနေနဲ့လေ...... ဒီပါချန်မြစ်ကြီးကို ဖြတ်သန်းနေရသမျှ လွမ်းနေမဲ့ အဖြစ်ကို ရင်မဆိုင်ရဲလို့.... နောက်ပြီးသူ ပြော
ပြခဲ့တဲ့ ရှင်မွေ့နန်းနဲ့ မင်းနန္ဒာ အကြောင်းကို သတိမရချင်လို့ပါ.. ဒါပေမဲ့လဲ သတိမရချင်တဲ့ ဇာတ်လမ်းလေးကို ပြန်တမ်းတမိခဲ့တာကတော့
အကြိမ်ကြိမ်ပါပဲ....... နောက်ပိုင်းမှာ စိတ်ဝင်စားမှုလဲ ပိုခဲ့မိတယ်ထင်ပါတယ်....... သူ့ကို သတိရနေသမျှပါပဲ.....
အလုပ်လုပ်နေရင်းနဲ့..... သူ့သတင်းတွေလဲကြားခဲ့ရတယ်... အဆင်ပြေပါတယ်တဲ့.... သူ့ယောက်ျားကလဲ သူ့ကို
အရမ်းချစ်တယ်တဲ့... ကော့သောင်းနဲ့ ရနောင်း အရင်လို အသွားအပြန် ဈေးရောင်းနေတုန်းပဲတဲ့.... ဆိုင်တော့ ပြောင်းသွားပြီတဲ့ အခု......
ဈေးထဲမှာ ရှမ်းကမ်းပစ္စည်း(ယိုးဒယားပစ္စည်း) ရောင်းတဲ့ဆိုင်ကြီး ဖွင့်ထားတယ်တဲ့..... သေသေချာချာ ပြန်စဉ်းစားမိတော့လဲ ကျေနပ်စိတ်
ကလေး ဖြစ်ခဲ့ရပါတယ်...... ကျွန်တော်နဲ့ ငြားခဲ့ရင် သူ..... ဒီလို ဘယ်နေနိုင်လိမ့်မလဲ.......လို့။
သူနဲ့ အတူ လှေလေးမောင်းခဲ့ဘူးတဲ့ ပါချန်မြစ်ကမ်းစပ်မှာ ထိုင်နေရင်းတဲ့ ရွှေနှင်းဆီရဲ့ တောဘွဲ့လေးချိုးလေးကို သတိရမိတယ်...
ဝေဆာဆာ ပွင့်လွှာတို့ရယ်က
ဗွေအာကာမြင့်မှာ တစ်ချို့ပေပေါ့
ငွေမာလာ ၀င့်ဝါသမို့ပါပဲ......
အခွင့်သာလို့ထင့် ဖြာဖြာဝေ....... တဲ့
သူလဲ ဗွေအာကာမြင့်မှာ အခွင့်သာလို့ထင်ပါတယ်...... ဖြာဖြာဝေနေခဲ့ပြီလေ..... ဒီလိုပါပဲ သူတစ်ခါက ပြော
ပြခဲ့တဲ့ ရှင်မွေ့နန်းနဲ့ မင်းနန္ဒာတို့ရဲ့ ဇာတ်လမ်းလေးကလဲ တည်မြဲနေဦးမှာပါ..... နောက်ပြီး ချစ်ရတဲ့သူတွေ ကြားထဲမှာလဲ လက်ဆင့်ကမ်း
သွားနေကြဦးမှာပါ..... ဒီ ဇာတ်လမ်းလေးကို နှစ်သက်ခဲ့သူ တစ်ယောက်ကတော့ သူ့ စိတ်ကူးတွေ အတွေးတွေ အားလုံး ထဲက လုံးဝ
ပျောက်ဆုံးသွားလောက်ရောပေါ့ ..... ပါချန်မြစ်ကြီးကတော့..... စီးဆင်းနေဆဲပါလား....... ကျွန်တော် ကြည့်လိုက်သမျှကတော့ ရေတွေ
ချည်း ဖြစ်နေတယ်...... နှလုံးသားလေး နားခိုချင်တဲ့ ကမ်းစပ်လေးက ကြည့်လို့တောင် မမြင်နိုင်တော့ပါလား............လို့။