သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီစာလေးကို အကြောင်းတစ်ခုကြောင့် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်၊ သူငယ်ချင်းတို့ရေ... လူအများ တွေ့ကြုံနေရပေမယ့် အမှတ်တမဲ့နဲ့ သတိမထားမိကြတဲ့ သတင်းစာ၊ ဂျာနယ် တွေထဲက ကြော်ငြာတွေထဲမှာ ဆန့်ကျင်ဖက် ကြော်ငြာလေးနှစ်ခုကို နှိုင်းယှဉ်ကြည့်ကြရအောင်ပါ၊
""အမွေပြတ်စွန့်လွှတ်ခြင်း"" တဲ့၊ အုပ်ထိန်းသူ မိဘတွေက သားသမီးကို အမိန့်ထုတ်တာပါ၊ မိဘနဲ့ သားသမီး အကြား ဖြစ်လေ့ရှိတယ် ဘာမှမဆန်းပြားဘူးလို့ ပြောနိုင်တယ်ဆိုပါစို့၊ ဒီနေရာမှာ မိဘတွေဟာ မိမိတို့ရင်သွေးကို သာမာန် သဘောထား မတိုက်ဆိုင်မှု၊ ပြောဆို ဆုံးမမှုကို မနာခံမှု၊ ရိုင်းပြစွာဆက်ဆံမှု တွေကြောင့်တော့ အမွေမဖြတ်တာ သေချာပါတယ်၊ ဒီကြော်ငြာမှာ မိဘတွေရဲ့ ကရုဏာဒေါသနဲ့ အာဃာတ တရားတွေကို တွေ့ရမှာပါ၊
နောက်တွေ့ရတဲ့ ကြော်ငြာလေးက ""ကျေးဇူးဆပ်ပါမည်"" တဲ့၊ သူတို့အိမ်မှာ မွေးထားတဲ့ခွေးလေး အိမ်အပြင်ဖက်ကို ထွက်ဆော့ရင်းက ပျောက်ဆုံးသွားလို့တဲ့၊ ခွေးလေးရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်ကို ဖေါ်ပြပြီး မေတ္တာရပ်ခံထားတဲ့ ကြော်ငြာဖြစ်ပါတယ်၊ သူတို့ ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးအပေါ် ထားတဲ့ သံယောဇဉ်ကလည်း မသေးဘူးနော်၊
သူငယ်ချင်းတို့ရေ.... ဒီကြော်ငြာလေး နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမွေပြတ်စွန့်လွှတ်ခြင်း ကြော်ငြာပါ သားသမီး (လူသား) များရဲ့ ကျေးဇူးရှင် မိဘများအပေါ် သိတတ်မှုဟာ ကျေးဇူးဆပ်ပါမည် ကြော်ငြာပါ ခွေးငယ်လေးနဲ့ နှိုင်းယှဉ်ပါက (မနှိုင်းကောင်းစွာ) အရမ်းပဲ အောက်တန်းကျနေပြီလားလို့... စိတ်မကောင်းဖြစ်စရာ တွေ့ရမှာပါ၊
သူငယ်ချင်းတို့ရေ.... ဘယ်သူမှ ရှောင်တိမ်းမရပဲ သားသမီးဘ၀ကို ဖြတ်သန်းကြရတဲ့ ကျနော်တို့တွေဟာ ငယ်ငယ်က သင်ကြားခဲ့ဖူးတဲ့ သားသမီးဝတ္တရားနဲ့ မိဘ၀တ္တရားတွေ နက်ရှိုင်းပုံကို တွေးရင်းတွေးရင်း သိရှိနားလည် ကြရမယ်နော်၊ မိဘတွေဟာ မိဘ၀တ္တရားငါးပါးလုံး ပြည့်စုံအောင် ဖြည့်ဆည်းပေးရုံမက အသက်အရွယ်၊ အချိန်ကာလ ကန့်သတ်ချက်မရှိပါပဲ လောကကို စွန့်ခွာချိန် မတိုင်မီထိ သားသမီးများအပေါ် ထားရှိတဲ့ စေတနာနဲ့ မေတ္တာတရားဟာ ဘာနဲ့မှ နှိုင်းမရအောင် ကြီးမားလှပါတယ်နော်၊ ဒီတော့ဗျာ... ကျနော်တို့တွေဟာ ခေတ်ပညာရပ်တွေမှာ မိဘတွေထက် ဘယ်လောက်ပင် တတ်တတ်၊ ဘ၀အတွေ့အကြုံ ပြည့်စုံမှုမှာတော့ မဆိုစလောက် အတွေ့အကြုံသာ ရှိသေးတယ် ဆိုတာကို သတိထားကြစေလိုပါတယ်နော်၊ ဒါကြောင့်... မိဘတွေရဲ့ ဆုံးမသွန်သင်မှုဟာ ကျနော်တို့တွေရဲ့ သဘောထားတဲ့ မည်မျှပင် ကွဲလွဲစေကာမူ အဲ့ဒီဆုံးမမှုတွေထဲမှာတော့ မကောင်းမှုကို မတွေ့ကြုံလိုပဲ ကောင်းစေချင်တဲ့ စေတနာ မေတ္တာတွေနဲ့ အရင်းခံထားတယ် ဆိုတာကိုတော့ တွေ့ကြရမှာပါ၊ မိဘတွေဟာ သားသမီးဘ၀ကို ဖြတ်ပြီး မိဘ ဘ၀ကိုရောက်လာကြတဲ့ သက်တမ်းတစ်လျှောက်မှာ တွေ့ကြုံ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခ၊ သုခတွေအပေါ် အခြေခံပြီး ကျနော်တို့တွေကို ပင်ပမ်း၊ ဆင်းရဲ၊ ခက်ခဲ၊ ဒုက္ခတွေထဲမှာ မလျှောက်လှမ်းစေလိုတဲ့ စေတနာတွေ အရင်းခံနေတာကိုလည်း မြင်ကြရမှာပါဗျာ၊
သူငယ်ချင်းတို့ရေ.... ကရုဏာဒေါသတွေ ဖြစ်နေပေမယ့်... မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံနေမယ့် အမွေပြတ် စွန့်လွှတ်သူ မိဘများရဲ့ မျက်နှာကို ကြိုတင် မှန်းဆတတ်မယ်ဆိုရင်ဖြင့် ကျနော်တို့နိုင်ငံရဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ အဲ့ဒီကြော်ငြာတွေ ပျောက်ဆုံးပြီး၊ အမှန်တရားတွေနဲ့ အာဃာတတွေ ပြည့်နှက်နေတဲ့ သားသမီးတွေရဲ့ မျက်နှာကို မမြင်ရခင် ငါ့သားသမီးတွေ ပြုပြင်တတ်၊ လိမ္မာတတ်နေပြီကော.... ဆိုတဲ့ သတင်းစကားလေး ကြားခဲ့ရင်တော့... ""အမြန်ပြန်လာပါ"" ဆိုတဲ့ ကြော်ငြာလေးတစ်ခုကို ဖတ်ကြရဦးမယ် ထင်ပါတယ်ဆိုတာ..... တွေးမိပြီး ""မိဘကျေးဇူးကို ယခုအချိန်ကစပြီး ဆပ်နိုင်ကြပါစေ"" လို့ လေးလေးနက်နက် တိုက်တွန်း လိုက်ရပါတယ်ခင်ဗျာ။