- အပြစ် မဟုတ်လောက်တဲ့ အပြစ်ကို လူကြားထဲမှာ ပြောပြီး အပြစ်ဖြစ်တဲ့ အပြစ်ကို တိုးတိုးတိတ်တိတ် ဆုံးမကြည့်ပါဦးလား။
- ပြဿနာကို ရှာတဲ့သူ ပြဿနာထဲ ပါတဲ့သူ ပြဿနာမှ လွတ်တဲ့သူ ဘယ်လိုလူ ဖြစ်ချင်သလဲ။
- အလုပ်မှာ မပျော်ရင် မအောင်မြင်နိုင်ဘူး၊ ပျော်လွန်းရင်လည်း အလုပ် မဖြစ်တာတွေ ကြုံရလိမ့်မယ်။
- သူတစ်ပါး လဲနေလို့ ထူပေးတာဟာ ကောင်းတဲ့ စိတ်ပါ၊ ကိုယ် ချော်လဲနေတာ ကိုလည်း ရပ်နိုင်အောင် အရင် အားမွေးပါဦး။
- နစ်မွန်းအောင် အနှစ် ခံလိုက်ရင် အနေရ ခက်တယ်။ အောက်ကိုလည်း သက်ဆင်း တတ်တယ်။ “နှစ်သက်” တယ် ဆိုတာ အနေရ အခက်ဆုံးပါ။
- အသိဥာဏ် ရှိသူက လောက တာဝန်ကို မယူဝံ့လျှင် အသိဥာဏ် မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ် မမြင်။
- ဆုံးမတယ် ဆိုတာ နေတတ် ထိုင်တတ် ပြောဆိုတတ်ဖို့ စိတ်ထားတတ်ဖို့ နားလည်မှု ရှိဖို့ သုံးမျိုး ကြောင့်သာ ဆုံးမရတာပါ။
- “ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါပဲ” ဒီစကားကို မယုံရင် တစ်လောကလုံးရဲ့ အလိမ်အညာ တွေကို ခံနေရပြီ မှတ်။
- အပြစ်ကို ကဲ့ရဲ့တာနဲ့ လူကို ကဲ့ရဲ့တာ ခွဲခွဲခြားခြား သိတတ်ကြရင် ကဲရဲ့မှုမှ လွတ်မယ်။
- “ရောင့်ရဲနိုင်တယ်” ဆိုတာ အခွင့်အရေးကို ရသလောက်နဲ့ ကျေနပ်နိုင်တာ။ အလုပ်ကို ရောင့်ရဲ နေရင်တော့ “အပျင်းကြီးတယ်” ဆိုတဲ့ ဂုဏ်ပုဒ်ပဲ ရသွားမယ်။
- စကားပြောနေရင်း လူအုပ်ကြားထဲ ဆူးခက်ကြီးကို ဆွဲမသွားပါနဲ့၊ ဆွဲလာတာ တွေ့ရင်လည်း လွတ်အောင် ရှောင်လိုက်ပါ။
- လျှာကို သွားက ကိုက်မိ တတ်တယ်။ ဒါပေမယ့် ကိုယ့်လျှာ ကိုတော့ သူများရဲ့ သွားက လာပြီး မကိုက်ပါဘူး။
ဓမ္မဒူတအရှင်ဆေကိန္ဒ