မင်းက အရမ်းစိတ်ပျက်ဖို့ကောင်းပြီး ကိုယ့်အတ္တအတွက် သူတစ်ပါးရဲ့သိက္ခာတရားကို နင်းချေဖျက်ဆီးတတ်တဲ့မိန်းမပဲ
မောင့်ရဲ့စွပ်စွဲသံတွေနဲ့အတူ အေးစက်စိမ်းကားသောအကြည့်ကို သူမရင်ဆိုင်လိုက်ရသည်။ ပါးပြင်မှစီးကျလာသောမျက်ရည်ကို မောင်မမြင် အာင် အချိန်မီသုတ်လိုက်ရင်း သူမရဲ့နှုတ်ခမ်းလွှာထက်တွက် အပြုံးတစ်ခုကိုဆင်မြန်းလိုက်သည်။ အေးစက်စက်အပြုံး။
မင်းလိုမိန်းမမျိုးကို ငါအရမ်းမုန်းတယ် လို့ပြောပြီး ကျောခိုင်းထွက်သွားသောမောင့်ကိုငေးကြည့်ရင်း မြင်ကွင်းကေ၀၀ါးလာသည်။ ပါးပြင်မှနာကျင်သောရိုက်ချက်ထက် ရင်ဘတ်ထဲကနှလုံးသားကပိုပြီးနာကျင်နေသလိုပင်။ သူမ၏နှလုံသွေးများ ရပ်တန့်သွားမတတ် ခံစားလိုက်ရသည်။
သူမထပ်ပြီးပြုံးလိုက်မိသည်။ ဒီတစ်ခါပြုံးတဲ့အပြုံးကတော့ ပြဇာတ်တစ်ပုဒ်ကိုအောင်မြင်စွာကပြနိုင်လိုက်သောကြောင့် ပျော်ရွှင်နေတဲ့ ဖန်တီးသူတစ်ယောက်ရဲ့အပြုံးမျိုး။
ဒီအချိန်မှာ သူမအလွန်အမင်းပျော်ရွှင်နေရမှာပေါ့။ သူမဖြစ်စေချင်တဲ့အတိုင်း သူမကိုယ်တိုင်ဖန်တီးခဲ့သည့်အတိုင်း အရာအားလုံးက သူမအလိုရှိရာကိုစနစ်တကျဖြစ်လာခဲ့ပြီပဲလေ။ သို့သော် သူမမပျော်ရွှင်နိုင်ပါ။ အရာအားလုံးကိုဆုံးရှုံးသွားရသောလူတစ်ယောက်လိုသာ သူမခံစားနေရသည်။ သူမရဲ့မျှော်လင့်ချက်၊ သူမရဲ့အိမ်မက်တွေအားလုံးကိုရိုက်ချိုးပစ်ပြီးမှရလာတဲ့ပျော်ရွှင်မှုတစ်ခု။
ရုတ်တရက် နာကျင်မှုနဲ့အတူ နှာခေါင်းနှင့်ပါးစပ်မှပူနွေးစေးထန်းသောအရည်များစီးကျလာသည်။ လက်ကိုင်ပ၀ါနှင့်အသာအယာသုတ် လိုက်သည်။ ဖြူလွှသောလက်ကိုက်ပ၀ါလေးမှာ နီမြန်းသော၊ သူမ၏နှလုံးသွေးနဲ့တူသောသွေးများက စွန်းထင်းလို့သွားသည်။
သူမ ဒီနာကျင်မှုတွေကနေလွတ်ကင်းခွင့်ရတော့မှာပါ။ အချိန်ကာလအားဖြင့်(၆)လပေါ့။ (၆)လဆိုသောအချိန်တစ်ခုက သူမအတွက်တော့ သေခြင်းတရားနဲ့ရင်ဆိုင်ဆိုင်ဖို့လုံလောက်ပါ့မလား....။ လျူကီးမီးယားခေါ် သွေးကင်ဆာက သူမ၏ကိုယ်မှာ ပြီးတော့ သူမ၏သွေးထဲမှာ မည်သည့်အချိန်က တိတ်ဆိတ်စွာဝင်ရောက်နေခဲ့သလဲဆိုတာ သူမမသိပါ။။ ယခုအချိန်မှာတော့ ထိုရောဂါက သူမကိုအနိုင်ယူသွားပြီလေ။ သူမ၏၀င်သက်ထွက်သက်ကို ရပ်တန်ခိုင်းပြီး သူမသိပ်ချစ်ရသောချစ်သူအနားကဆွဲထုတ်သွားဖို့ကြိုးစားနေလေပြီ။
မကြာသောကာလတစ်ခုမှာ လောကကြီးထဲမှအပြီးတိုင်ထွက်ခွာသွားရတော့မည့်လူတစ်ယောက်အတွက် အချစ်ဆိုတာဘယ်လိုအရာမျိုးလဲ ဆိုတာ သူမတွေးခဲ့ဖူးသည်။ သူမသိပ်ချစ်ရတဲ့ချစ်သူက သူမဘေးနားမှာနာကျင်စွာရှိနေမည့်အစား သူမရဲ့သူငယ်ချင်း (သို့မဟုတ်) မောင့်ကိုသိပ်ချစ်တဲ့လူတစ်ယောက်ရဲ့အနားမှာ ပျော်ရွှင်စွာရှိနေမည့်အဖြစ်ကို သူမရွေးချယ်ခဲ့ပြီလေ။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ပျော်ရွှင်စေချင်တာက အတ္တလား...။ အချစ်ဆိုတာက အတ္တပေါ်မှာအခြေခံထားတာလို့ သူမ ယူဆထားသည့်အတွက် သူမရဲ့လုပ်ရပ်အ တွက် သူမနောင်တမရချင်တော့ပါ။
ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်ဆိုရင် ထိုပြဇာတ်မှာ မင်းသား၊ မင်းသမီးနဲ့ဗီလိန်တစ်ယောက်တော့ ပါတတ်စမြဲပဲလေ။ ဒီဇာတ်လမ်းထဲမှာ သူမကရော......။ မင်းသမီးမဟုတ်တာတော့အမေသအချာပင်။ ဒါဆိုသူမက ဗီလိန်တစ်ယောက်ပေါ့။ ဟင့်အင်း....။ သူမ ဗီလိန် တစ်ယောက်တာ့ မဖြစ်ချင်ခဲ့ပါဘူး။ ဘယ်သူမဆို ကိုယ့်ဘ၀ဇာတ်ခုံပေါ်မှာတော့ မင်းသား၊ မင်းသမီးဖြစ်ချင်ခဲ့ကြတာပဲလေ။ ဒါပေမယ့် ကံဇာတ်ဆရာအလိုကျ ကပြနေရတဲ့သူမတို့လိုလူသားတွေအတွက်တော့ ကိုယ့်ဇာတ်ရုပ်မှာသာပီပြင်အောင်ပဲ ကြိုးစားပိုင်ခွင့်ရှိတယ်။ ဒီတော့ ဒီဇာတ်လမ်းမှာ သူမက ဗီလိန်တစ်ယောက်ဖြစ်ခွင့်ရခဲ့သည်ကလွဲပြီး သူမ ဘာများတတ်နိုင်မည်နည်း။