ဒီ တပည့်လေးကဆိုးတယ်...... စာမရလို့ လက်ကိုဖြစ်ဖြစ်၊ တင်ပါးကိုဖြစ်ဖြစ် ရိုက်ရင်လဲ ရုပ်တည်နဲ့ပဲ၊ ရှက်အောင်
ခုံ ပေါ်ထရပ်ခိုင်းလဲ ဒီအတိုင်းပဲ၊ အတန်းရှေ့မှာ ထွက်ရပ်ခိုင်းလဲ ဒီအတိုင်းပဲ၊ အိမ်စာတွေကို ဘယ်တော့မှ လုပ်မလာဘူး၊ အတန်းလဲ
မကြမကြာ နောက်ကျတယ်၊ ကျက်စာတွေလဲ သိပ်မရ၊ တွက်စာတွေတော့ တော်သေးတယ်လို့ပြောရမယ်၊ နောက်ပြီး သပ်သပ် ရပ်ရပ်
လေးလဲ မနေဘူး၊ သူငယ်ချင်းတွေနဲ့လဲ သိပ်ရင်းရင်းနှီးနှီးမနေဘူး၊ လှစ်ကနဲဆို ကျောင်းအရင်ဆင်းတယ်၊ ဖော်ဖော်ရွေရွေလဲ မရှိဘူး၊
ကျောင်းသားရေးရာကိစ္စတွေမှာလဲသူပါ ခဲတယ်၊ အားကစားလဲဘာမှမလုပ်ဘူး၊ ကျောင်းဆရာတစ်ယောက်အနေနဲ့ကတော့ဒီကောင်လေး
ကို(ဘီ)အဆင့် ကျောင်းသားတစ်ယောက်လို့ပဲ စိတ်ထဲမှာ မြင်နေတယ်၊ ရုတ်စွအဆုံး ပြုံးတာတောင် မမြင်ဖူးတဲ့ ကောင်လေးပါပဲ၊ အထက်
တန်းကျောင်းသားတစ်ယောက်ဖြစ်နေပြီဆိုတော့..... အရွယ်မရောက်တရောက်လေး၊ ရှက်လဲ မရှက်တတ်ဘူးလားလို့.... သူ့နဲ့ ပတ်သက်
ရင် ကျွန်တော် မကြာခဏ စိတ်တိုရတယ်၊ တစ်ခါတစ်လေ..... နေ့တ၀က်လောက်လဲ ကျောင်း မတက်တော့ဘူး၊
(၂)ကြိမ်(၃)ကြိမ်ဖြစ်လာတော့...... ကျွန်တော်ခေါ်မေးတယ်...... ခပ်တည်တည်ဘဲ ဘာမှ မပြောဘူး၊ အောက်ကိုဘဲ
ငုံ့ကြည့်နေတယ် ကျွန်တော် အားနဲ့ အင်နဲ့ ကို ရိုက်ပစ်ချင်လာတယ်၊ ကျွန်တော်က တပည့်တွေကို သပ်သပ်ရပ်ရပ် ရည်ရည်မွန်မွန်လေးနဲ့
စာတော်တဲ့ ကလေးတွေဖြစ်စေချင်တယ်၊ ဒါကြောင့် ကျွန်တော် အချိန်ရရင် ကလေးတွေ အားရင် စာခေါ်ခေါ်ပြပေးတယ်၊ ကျိုးစားတဲ့
ကလေးတွေရှိသလို ဒီကောင်လေးကအချိန်ပိုခေါ်သင်ရင်ဘယ်တော့မှမလာဘူး၊ ဒါနဲ့ကျွန်တော် ကျောင်းအုပ်ကြီးဆီကို မတင်ပြသေးဘဲနဲ့
သူ့မိဘတွေကို ခေါ်လိုက်တယ်..... ဒီကောင်လေးအကြောင်းဆွေးနွေးမလို့.. စာကိုလဲ သူ့ကို ကိုယ်တိုင်ပေးခိုင်းလိုက်တယ်၊ နောက်နေ့မှာ
ကျွန်တော်နဲ့ လာတွေ့ဖို့...... ဒါပေမဲ့ မလာဘူး၊ သူ့ကိုကျွန်တော်ခေါ်လိုက်တယ်...... `` ကောင်းကျော်....... မင်းကို ဆရာ မနေ့က မိဘ
ခေါ်လာဖို့ စာပေးခိုင်းလိုက်တယ်... မင်းအိမ်မှာပေးလိုက်လား´´ မျက်နှာကို မကြည့်ပဲနဲ့ပြန်ဖြေတယ်၊ ခပ်ပြတ်ပြတ်အသံနဲ့  `` ဟုတ်ကဲ့
ဆရာ´´ ကျွန်တော်ကြည့်ရင်းနဲ့ စိတ်တိုလာတယ် `` ဒါဆို ဘာလို့မလာလဲ.. မင်း မိဘတွေ´´ သူ ကျွန်တော့်ကို မော့ကြည့်တယ်၊ပြီးတော့
တုံးတိဖြေတယ်.. `` ကျွန်တော့်မှာ အဖေမရှိတော့ဘူး..´´တဲ့၊ စိတ်ထဲ ထွေကနဲဖြစ်သွားတယ်၊ ကရုဏာစိတ်လိုလိုပါပဲ၊``ဒါဆိုအမေရော
ဘာလို့မလာလဲ´´ဘာမှ ပြန်မပြောဘူး၊ ခေါင်းငုံ့ထားတယ်၊``ပြောလေကွာ´´ဘာမှ ပြန်မပြောဘူး၊ ကျွန်တော်စိတ်တိုသွားပြီဒီကောင်လေး
သူ့အမေကို စာ မပေးဘူးထင်တယ်၊ `` မင်းဟိုဘက်လှည့်စမ်း´´ `` ဖြောင်း....ဖြောင်း´´ ကျွန်တော် ကြိမ်လုံးနဲ့ တင်ပါးကို နှစ်ချက် ရိုက်
လိုက်တယ်၊ ပြီးတော့ `` မင်းတို့ကို မင်းတို့မိဘတွေက ကျောင်းထားပေးကြတယ်၊ စာတတ်အောင်၊ ပညာတတ်ဖြစ်အောင်၊ ပြီးရင် .. သင့်
တော်တဲ့ ဘ၀ရပ်တည်မှုအတွက် အဆင်ပြေအောင်၊ ဒါက.. သူတို့အပိုင်း၊ ငါတို့က.. မင်းတို့ကို စာတတ်အောင် သင်ပေးရတယ်၊ စာရိတ္တ
ကောင်းအောင် သင်ပေးရတယ်၊ ခေတ်နဲ့အညီ အတွေးအခေါ်မြင့်မားအောင် သင်ပေးရတယ်၊ဒါကငါတို့အပိုင်း၊မင်းတို့လုပ်ရမှာကကျောင်း
စာ ရအောင်လုပ်ရမယ်၊ စည်းကမ်းလိုက်နာရမယ်၊ သမဂ္ဂစိတ်၊ အဖွဲ့အစည်းစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်တတ်ရမယ်၊ ကျန်းမာသန်စွမ်း
အောင်လဲ ဂရုစိုက်ရမယ်၊ မင်းဘာအသုံးကျလဲပြောစမ်း.......... ´´ ကောင်လေးကျွန်တော့်ကို မော့ကြည့်လာတယ်၊ မျက်လုံးတွေနီရဲလို့...
ကျွန်တော် သူ့ မျက်လုံးတွေကို သေသေချာချာကြည့်မိတယ်၊ မကျေနပ်တာမဟုတ်ပေမဲ့...... အားငယ်နေတယ်လို့ ခံစားလိုက်ရတယ်၊
ကျွန်တော်ကြိမ်လုံးနဲ့ ရိုက်လိုက်တာ သူတော်တော်နာသွားမယ်လို့တော့ သိနေခဲ့ပါတယ်၊ တပည့်တွေကို ရိုက်နှက်ဆုံးမပြီးရင် ကျွန်တော်
တကယ် စိတ်မကောင်းပါဘူး။
ကျွန်တော်ပြန်လာပြီးတော့လဲ စိတ်မကောင်းဖြစ်နေတာက မပျောက်ဘူး၊ ကျွန်တော် ကောင်းကျော်ရဲ့ မျက်လုံးတွေ
ထဲမှာ တစ်ခုခု ပြောသွားတယ်ဆိုတာ သိနေသလိုဘဲ..... ဒီလိုလဲ တစ်ခါမှ မရိုက်ခဲ့ဖူးဘူးလေ....။
ဒီနေ့တော့ ကျောင်းပိတ်ရက် ကောင်းကျော်အိမ်ဖက်ကို ထွက်လာခဲ့တယ်၊ တပည့်တစ်ယောက်ဆီက လိပ်စာစုံစမ်း
ထားတာ... သူ့အိမ်က ဆင်ခြေဖုန်း ဆင်းရဲသားရပ်ကွက်လေးထဲမှာလေ....... သူ့အိမ်ရောက်တော့ ကောင်းကျော်က မရှိဘူး၊ အပြင်သွား
တယ် ပြောတယ်၊ သူ့အောက်က ညီမလေး(၆)တန်း(၇)တန်းအရွယ်လေးက ထမင်းချက်နေတယ်၊ သူ့အမေကတော့ ရင်ကြပ်နေလို့တဲ့.....
ထွက်ပြီး ဖျာ အဟောင်းလေးခင်းပေးလို့ ဧည့်ခံစကားပြောတယ်၊ သူ့အဖေဆုံးတာတော့ တော်တော်ကြာပြီတဲ့ (၈)နှစ်လောက်ရှိပြီပြော
တယ်၊ သူ့အမေက အကြော်လဲ ရောင်းတယ်၊ သူဌေးအိမ်တွေမှာလဲ သန့်ရှင်းရေးလုပ်၊ အ၀တ်လေးလျှော်ပြီး လုပ်ကိုင် စားသောက် နေရ
တာတဲ့........ ကောင်းကျော်လေးက အရွယ်နဲ့ လိုက်ဖက်တဲ့ ရရာ အလုပ်လေးကို မနက်နဲ့ည မခွဲဘဲ ကျောင်းချိန် မတိုင်ခင်ရော၊ ညနေ
ကျောင်းဆင်းပြီးရင်ရော..... လိုက်လုပ်ပြီး မအေကိုထောက်ပံ့တယ်တဲ့.... နောက်ညပိုင်းတွေမှာလဲ မုန့်ဖက်ထုပ်လေး လည်ရောင်းသေး
တယ်လို့ပြောတယ်၊ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်အပြင် ကရုဏာလဲဖြစ်ရတယ်၊ လိမ်လဲလိမ်မာတယ်တဲ့..... အရောင်
လွင့်နေတဲ့ ကျောင်းဝတ်စုံလေးကလဲနှစ်စုံထဲ ရှိတယ်လို့သိခဲ့ရတယ်၊ နောက်ပြီး ကောင်းကျော်ရဲ့ ပညာရေးအတွက် ဆွေးနွေးဖို့ ကျွန်တော်
မိဘခေါ်တော့လဲ မိခင်ကြီးက ရင်ကျပ်ရောဂါ ထနေလို့ မလိုက်လာနိုင်တဲ့ အကြောင်း၊ကောင်းကျော်ကို ကျောင်းအုပ်ကြီးရုံးခန်းတင်မှာနဲ့
ဆရာစိတ်ဆိုးပြီး ရိုက်နှက်မှာကိုသူစိတ်ပူနေသေးတယ်ဆိုတဲ့ အကြောင်း၊ ပြန်လာမှမေးကြည့်တော့ဆရာကဘာမှမလုပ်တဲ့ အကြောင်းနဲ့
ဆူလဲ မဆူတဲ့ အကြောင်း ကောင်းကျော် ပြန်ပြောပြကြောင်း၊ အခု ဆရာကိုယ်တိုင် လိုက်လာခဲ့တဲ့ အတွက် သူ ဆရာ့ကို ကျေးဇူးတင်
ပါကြောင်းပြောပြနေတယ်၊ ကျွန်တော်ရှက်လိုက်တာ...... ကျွန်တော် တော်တော် အံ့သြသွားတယ်၊ ကျွန်တော် ကောင်းကျော်ကို ဒီ ကိစ္စ
တွေ မသိဘဲနဲ့ အတန်းသားတွေ အရှေ့မှာ မဆင်မခြင်ဆက်ဆံခဲ့တယ်၊ နာအောင်လဲ ရိုက်ခဲ့မိတယ်လေ.... ဒီကိစ္စအတွက် ကောင်းကျော်
စိတ်မှာ ဒဏ်ရာတွေများ ဖြစ်ခဲ့ပြီလားလို့လဲ စိတ်ပူမိသေးတယ်။
ကျွန်တော်စဉ်းစားနေမိတယ်၊ ကျွန်တော် ကျောင်းဆရာ လုပ်နေပေမဲ့...... ဒီလုပ်ငန်းကိုပဲ လုံးဝမှီခို အားထားခဲ့တာ
မဟုတ်ဘူး၊ အိမ်ကနေ အဆင်မပြေရင် မပြေသလို ပြန်ထောက်ပံ့ပေးနေရတယ်...... ခု ကောင်းကျော်က မိဘကို စိတ်ဆင်းရဲမှာတောင်
စိုးလို့ ဘာမှ မဖြစ်ကြောင်း ပြောပြထားသေးတယ်၊ မိဘအပေါ်မှာ ထားရှိတဲ့ ကောင်းကျော်ရဲ့ ချစ်ခြင်းက ကျွန်တော့်ထက် အများကြီး
သာလွန်နေတယ်ဆိုတာရယ်၊ ကျွန်တော် မေ့နေတဲ့ မိဘကျေးဇူးတွေအကြောင်းကို ကောင်းကျော်က ပြပေးလိုက်တယ်လို့ ခံစားမိတယ်၊
နောက်တစ်ခု စဉ်းစားမိတော့. ကျွန်တော် ကောင်းကျော်အမေကို ကိစ္စတစ်ခု တိုင်ပင်လိုက်မိတယ် ကောင်းကျော်ကို
ညဖက် ဈေးမရောင်းခိုင်းဘဲနဲ့ စာကျက်ခိုင်းဖို့...... ဒီအတွက် ကောင်းကျော် ညဘက်ဈေးရောင်းလို့ ရတဲ့ ငွေထက် ကျွန်တော် ပိုပေးမယ်
ဆိုတဲ့ အကြောင်းနဲ့...... ညဘက်တွေမှာ ကျွန်တော် စာကြည့်ခိုင်းမဲ့ အကြောင်း၊ ဒီတစ်နှစ် ဆယ်တန်းအောင်ခဲ့ရင် တက္ကသိုလ် တက်ဖို့က
အဝေးသင်ဘဲဖြစ်ဖြစ် လွယ်ကူသွားပြီ ဆိုတဲ့ အကြောင်း..... ဒီနှစ်ဆယ်တန်းကိုတော့ အောင်စေချင်ကြောင်းနဲ့  ကျွန်တော့် စေတနာကို
လက်ခံပေးဖို့နဲ့ ကောင်းကျော်ကို ဒီကိစ္စဖွင့်မပြောဖို့ သဘောတူလိုက်တယ်.......။
ကျွန်တော်တို့ စကားပြောပြီးလောက်တဲ့အချိန်မှာ ကောင်းကျော်က ၀ါးတောင်းလေးတစ်လုံးကိုင်ပြီး ချွေးတွေနဲ့ အတူ
ပြန်ရောက်လာတယ်၊ ကျွန်တော့်ကို တွေ့တော့ အံ့သြ၀မ်းသာပြီး ပြေးတက်လာတယ်၊ ပြီးတော့ ကျွန်တော့်ဘေးမှာ ပဆစ်တုပ်လေး ၀င်
ထိုင်ရင်းနဲ့ ကျွန်တော့် ဒူးကို ကိုင်ပြီး `` ဆရာအိမ်ကိုလာလည်တာ အရမ်း ၀မ်းသာတယ်ဆရာရယ်၊ ကျွန်တော့်အိမ်အကြောင်းဆရာကိုယ်
တိုင်တွေ့တော့ ကျွန်တော်ရှင်းပြစရာမလိုတော့ဘူးပေါ့တဲ့..... ´´ နောက်ပြီး သူခြင်းတောင်းလေးထဲက နွားနို့ ပူပူလေးကို ဖန်ခွက်လေးနှစ်
ခွက်ထဲထည့်ပြီး သူ့အမေကိုတစ်ခွက်၊ ကျွန်တော့်ကို တစ်ခွက်ထည့် တိုက်တယ်၊ တကယ်တော့ သူဝယ်လာတာ သူ့အမေနဲ့ သူ့ညီမလေး
အတွက်ဖြစ်လိမ့်မယ်လို့...... ကျွန်တော်တွေးမိလို့ ``နေ...... နေ..... ကောင်းကျော် ဆရာ နွားနို့နဲ့ ဓါတ်မတဲ့ဘူး..... ဆရာသောက်လို့
မရဘူး´´ လို့ပြောပြီး ဖန်ခွက်လေး ပြန်ထိုးထည့်ပေးလိုက်တယ်... `` ဟုတ်ကဲ့ဆရာ.... ကျွန်တော်အားနာလိုက်တာ.....´´ တဲ့၊ ဓါတ်မ
တည့်ဘူးဆိုတာ ဘာလဲတော့ ကျွန်တော်ကိုယ်တိုင်လဲ မသိခဲ့ဘူး၊ ခဏကြာတော့ ကျွန်တော် ကောင်းကျော်နဲ့ သူ့ညီမလေးကိုမုန့်ဖိုးပေး
ပြီး နှုတ်ဆက်ပြန်ခဲ့တယ်၊ ကျွန်တော် ပေးတဲ့ မုန့်ဖိုးလေးကို အခုလောက်ဆိုရင် မောင်နှမ နှစ်ယောက် မိခင်ကြီးကို ပေးနေလောက်ပြီလို့
တွေး မိတော့ တစ်ယောက်ထဲ ပြုံးဖြစ်ခဲ့သေးတယ်။ နောက်နေ့ ကျောင်းသွားတဲ့ အချိန်မှာ ကျွန်တော် စိတ်တွေ လန်းဆန်းနေတယ်........
ပြီးတော့ တပည့်တွေကိုလဲ စေ့စေ့ကြည့်တတ်လာတယ်၊ တော်ရုံ အဆင်မပြေရင် စိတ်တိုတတ်လို့ ကြောက်ရတဲ့ ဆရာကို အခု.... တပည့်
တွေရင်းရင်းနှီးနှီး လေးလေးစားစား ချစ်တတ်လာကြတယ်၊ အသက်ရှင် လှုပ်ရှားနေတဲ့ လူတွေရဲ့ ဘ၀တွေလဲ တစ်ခုနဲ့ တစ်ခု မတူကြ
သလို.... အခန်းတစ်ခန်းထဲမှာ တက်နေကြတဲ့ ကျောင်းသားလေးတွေရဲ့ ဘ၀တွေကလဲ တစ်ခုနဲ့ တစ်ခု မတူကြဘူးဆိုတာရယ်၊ စိတ်ထား
လေးတွေလဲ မတူကြဘူးဆိုတာရယ်၊ တစ်ခါတစ်လေမှာ တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့်...... လုပ်သင့်တာတွေကို မလုပ်
နိုင်ရင် အပြစ်မမြင်ပါနဲ့ ဆရာရယ်လို့.......... ကောင်းကျော်လေးက ပြောပြခဲ့ သလိုပါပဲ.....။
အဲဒီနှစ်မှာ ကျွန်တော်ရဲ့စီမံချက်အတိုင်း ကောင်းကျော်လေးကို စာတွေခေါ်သင်ပေးခဲ့တယ်၊ သူ့အိမ်ကိုလဲ လောက်
လောက် ငှငှဖြစ်အောင် ထောက်ပံ့နိုင်ခဲ့တယ်၊ ကျွန်တော် ဖြစ်စေချင်တဲ့ အတိုင်း ကောင်းကျော်လေးက လုပ်ပြနိုင်ခဲ့ပါတယ်.... ကျွန်တော်
ပြန်စဉ်းစားနေမိတဲ့ ဒီအကြောင်းလေးတွေက လွန်ခဲ့တဲ့ (၆)နှစ်လောက်ကလေ.......။
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့..... အခုကျွန်တော်...... အိမ်ရှေ့မှာ ရေမိုးချိုး အ၀တ်အစားသပ်သပ်ရပ်ရပ် ၀တ်ပြီး
စောင့်နေတယ်....... မကြာခင် (..........) ဌာနက ဒုဦးစီးမှူး ဦးကောင်းကျော် လာကန်တော့မယ်တဲ့...... သူ့ရဲ့ မွေးစားအဖေ ကျွန်တော့်
ကိုလေ...... ဒီစိတ်ခံစားချက်ကို အသက်သွင်းပြီး ဆုတွေပေးရဦးမယ် .... အင်း...... ဒီကောင်လေး လုပ်တာနဲ့ ကျွန်တော် ရှိရင်းစွဲထက်
အသက်(၁၀)နှစ်လောက် ကြီးသွားတဲ့ပုံ ဖမ်းရဦးမယ်.... ဆုလေးတစ်ခုကို ပေးမယ်လို့တော့ စဉ်းစားထားတယ်၊ မိဘကို အသက်ထက်ဆုံး
လုပ်ကြွေးပြုစုနိုင်တဲ့ သားကောင်းရတနာ ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင်၊ သူတော်ကောင်းလေး ဖြစ်ပါစေလို့....။
ဒီလို ကျွန်တော် ပေးတဲ့ ဆုထဲမှာ ပါတဲ့ မိဘကို လုပ်ကြွေးပြုစုဖို့ဆိုတဲ့ အထဲမှာတော့ သူ့ရဲ့ မွေးစားအဖေ ကျွန်တော့်
ကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာကိုတော့. .ကောင်းကျော်လေးသိမှာပါ.. ကျွန်တော် ကမွေးစားအဖေ ကျောင်းဆရာ တစ်ယောက်လေ.
တစ်နည်းအားဖြင့် ဥယျာဉ်မှူးပေါ့....... ပန်းလေးတွေ လှနေရင် ကြည်နူးနေတတ်တဲ့ ဥယျာဉ်မှူးလေ...။ အင်းးးးးးးးးးးးး ဒီအချိန်ကြည့်
မိလို့လားတော့ မသိဘူး...... အိမ်ရှေ့မှာ ပွင့်နေတဲ့ ပန်းလေးတွေက လှလိုက်တာဗျာ......။