“ပူစူးမ”
“‘ရှင်”
အိမ်ရှေ့မှ အော်ခေါ်သံကြောင့် စက်ချုပ်နေသော ပူစူးမက ကမန်းကတန်းထလိုက်သည်။ လမ်းထိပ် ဖုန်းဆိုင်မှ လာခေါ်ခြင်းဖြစ်သည်။
“ဖုန်းလာလို့ လာခေါ်တာ”
“ဟုတ်ကဲ့”
၅ အိမ်ကျော်တွင်ရှိသော လမ်းထိပ်မှ ဖုန်းဆိုင်ကို အပြေးအလွှားသွားလိုက်သည်။ ဖုန်းအိမ်ဘေးတွင် ချထားသော ဖုန်းကိုကောက်ကိုင်လိုက်သည်။
“ဟလို…ပူစူးမပါရှင်”
“သမီးလေးလား”
“ရှင်”
“သမီးလေးရဲ့ မေမေ အရင်းပါ”
ပူစူးမ ကိုယ့်နားကို မယုံကြည်နိုင်အောင်ဖြစ်သွားသည်။
“လူမှားနေတာလားရှင်”
“သမီးက စက်ချုပ်တဲ့ ပူစူးမ မဟုတ်လား”
“ဟုတ်ကဲ့ရှင့်”
“သမီးလေး…ယုံပါနော်၊ သမီးလေးရဲ့ မေမေအရင်းပါ”
“ပူစူးမှာ အမေအရင်းရှိတယ်၊ ဘယ်က အမေလဲ၊ ပူစူးနားမလည်တော့ဘူး”
“သမီးလေးက မေမေလို့ထင်နေတဲ့ ဒေါ်သစ်သစ်အောင် ဟာ သမီးကို မွေးစားထားတာပါ”
“ပူစူးမယုံဘူး၊ ပူစူးရဲ့ မေမေ အရင်းဟာ ဒေါ်သစ်သစ်အောင်ပဲ”
“ယုံပါသမီးရယ်၊ မေမေနဲ့ အခုလာတွေ့ပါလား၊ မေမေ အခု သမီးတို့ရပ်ကွက်ထဲက ထွန်းသစ်စ အအေးဆိုင်မှာ စောင့်နေမယ်နော်”
ပူစူးမ ဘာမှ ပြန်မပြောတော့ပဲ ဖုန်းကို လေးလေးပင်ပင်ချလိုက်သည်။ တယ်လီဖုန်းဖိုး ကျသင့်ခရှင်း၍ ခေါင်းငိုက်စိုက် ကျလျက် အိမ်ကို ပြန်လာခဲ့သည်။
♥♥♥♥♥♥♥
သွားသင့်-မသွားသင့် တော်တော်ကြာအောင်စဉ်းစားလိုက်သည်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီးနောက် စက်ဘီး စီးလျက် ထွန်းသစ်စ အအေးဆိုင်ကို ထွက်လာခဲ့သည်။
ဆိုင်ရှေ့တွင် အကောင်းစား ကားတစ်စီး ရပ်ထားသည်ကို တွေ့ရသည်။ ဆိုင်ထဲတွင်လူရှင်းနေသည်။ အ၀ါရောင် ၀မ်းဆက်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် စားပွဲတစ်လုံးတွင် ထိုင်လျက် အအေးသောက်နေ သည်။ ပူစူးမက ထိုအမျိုးသမီးထံကို တန်းတန်းမတ်မတ်သွားလိုက်သည်။ အမျိုးသမီး၏မျက်နှာမှာ သူနှင့် တော်တော် တူသည်။
“လာ…သမီးလေး ဒီမှာထိုင်”
ပူစူးမက ထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
“သမီးလေး…တော်တော်အံ့သြသွားမှာပေါ့နော်”
“ပူစူး မယုံဘူး”
“ယုံပါသမီးရယ်၊ သမီလေးကို မေမေ ရင်အုပ်မကွာ မစောင့်ရှောက်နိုင်တာ တစ်နေ့မှ စိတ်မကောင်းဘူး၊ မေမေက တက္ကသိုလ်တက်နေတဲ့အချိန်မှာ မေမေနဲ့အတန်းတူ သမီးလေးရဲ့ဖေဖေနဲ့ကိုယ်ဝန်ရခဲ့တယ်၊ သမီးရဲ့ဖေဖေနဲ့ မေမေဟာ သမီးလေးရဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ လုံးဝမစဉ်းစားခဲ့ဘူး၊ နှစ်ဦးသဘောတူ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် မေမေ့မိဘတွေ သိသွားလို့ ကျောင်းကနေ အပြီးအပိုင်ထုတ်ပြီး ရွာလေးတစ်ရွာမှာ သမီးလေးကို မွေးခဲ့တယ်၊ အဲဒီရွာက လင်မယားကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ငွေကြေးနဲ့တကွ သမီးကို ပေးခဲ့ပြီး မေမေတို့ မြို့ကို ပြန်လာခဲ့ကြတယ်”
ပူစူးမက ပြောသမျှကို နားစိုက်ထောင်နေသည်။ ရင်ထဲမှာတော့ မကောင်း။ ထိုအမျိုးသမီးက ဆက်ပြောသည်။
“အဲဒီနောက်…သမီးလေးကို ပေးထားတဲ့ လင်မယားကို ပြန်တွေ့ဖို့သွားတော့ ဘယ်ကိုပြောင်းသွားတယ်ဆိုတာ မသိကြဘူးဆိုတာ သိလိုက်ရတယ်။ မေမေ လက်မလျှော့ခဲ့ပါဘူး။ သမီးလေးကို မချစ်လို့ပစ်ပယ်ခဲ့တာ မဟုတ်ပါဘူး။ မိဘတွေရဲ့ဆန္ဒကို မလွန်ဆန်နိုင်လို့သာ ရင်နာနာနဲ့ သူများကို ပေးခဲ့ရတာပါ။ သမီးေးလးကို မေမေ သိပ်တွေ့ချင် တာနဲ့ အမြဲစုံစမ်းနေတာ။ ၁၈ နှစ်ကြာမှ ပြန်ရှာတွေ့ပြီး တွေ့တွေ့ချင်း သမီးလေးကို မေမေလာဆက်သွယ်တာပါ။ သမီးလေး မေမေ့ကိုခွင့်လွှတ်နော်”
ပူစူးမ ရဲ့ မျက်ဝန်းအိမ်တွင် မျက်ရည်စများ လှိမ့်ကျလာသည်။ မထင်မှတ်သောအချိန်တွင် အမေအရင်းဟုပြောကာ ဆက်သွယ်လာသည့် ထိုအမျိုးသမီးအပေါ် မည်ကဲ့သို့ ပြန်လည်တုန့်ပြန်ရမည်နည်း။
“သမီးလေး”
“ရှင်…မေမေ”
ပူစူးမနှုတ်က အလိုလိုထွက်သွားသည်။ မိမိကိုယ်ကို မယုံကြည်နိုင်အောင်ဖြစ်သွားသည်။ နှလုံးချင်း စကားပြောလေပြီ။
အမျိုးသမီးက ပူစူးမ၏လက်ကို ကြင်နာစွာကိုင်လိုက်သည်။ ပူစူးမရင်ထဲမှာ အမျိုးအမည်ဖော်မပြနိုင်သော ဝေဒနာကို ခံစားလိုက်ရသည်။
“သမီး…ကို မေမေလိုက်ပို့ပေးမယ်နော်၊ သမီးရဲ့မွေးစားမေမေနဲ့လဲတွေ့ချင်တယ်၊ သမီးရဲ့စက်ဘီးကို ဒီဆိုင်က ကောင်လေးတစ်ယောက်ကို လိုက်ပို့ခိုင်းမယ်၊ သမီးက မေမေ့ကားနဲ့လိုက်ခဲ့နော်”
ပူစူးမက ခေါင်းကိုသာညင်သာစွာညိတ်ပြလိုက်သည်။
♥♥♥♥♥♥♥
ဒေါ်သစ်သစ်အောင်က အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်ရင်း မျက်စိက စက်ချုပ်စက်ကလေးကို ကြည့်လိုက်သည်။ ပူစူးမဘယ်ကို သွားတာပါလိမ့်နော်။ အငယ် နှစ်ယောက်ကလည်း ကျောင်းကပြန်မလာသေး။
တကယ်တော့ ဒေါ်သစ်သစ်အောင်က မုဆိုးမဖြစ်သည်။ အငယ်ဆုံးသားလေးမွေးပြီးနောက် သူ့ယောက်ျားက ဆုံးပါးသွားသည်။ တကယ်ဆို ပူစူးမက သူ့ရဲ့ မွေးစားသမီးဖြစ်သည်။ ပူစူးမကို မွေးစားတော့ သူတို့မှာ သားသမီးမရှိသေး။ လင်မယားနှစ်ယောက်စလုံး ပူစူးမအပေါ် အချစ်ပိုကြသည်။ နောက် ကလေးနှစ်ယောက်မွေးပြီး တော့လည်း ပူစူးမအပေါ်အချစ်လျော့မသွား။
ပူစူးမ ရုပ်ကလေးကသန့်သည်။ သူ့မိခင်နှင့် တူသည်။ အသားအရေကစိုပြေသည်။ မျက်လုံးမျက်ဖန်ကောင်းသည်။ မျက်နှာလေးက ချစ်စရာကောင်းရုံသာမဟုတ် ကိုယ်ခန္ဓာအချိုးအစားကလည်း ပြေပြစ်သည်။ သူ့အမေအရင်းသာ ခုချိန်မှာ မြင်ပြီး ပြန်ခေါ်သွားလျှင် မွေးစားမေမေရင်ထဲက အသည်းနှလုံးကို ထုတ်ယူသွားသလိုခံစားရလိမ့်မည်ထင်သည်။
“ပူစူးမလေးရယ်…မေမေဟာ သမီးကို ၀မ်းနဲ့လွယ်ပြီး မမွေးခဲ့ရပေမယ့် နီတာရဲကလေးစပြီး မေမေ့ရင်ခွင်မှာ ထွေးပိုက်ယုယ ပြုစုခဲ့သူပါ။ သမီလေး ဘ၀ တစစနဲ့ ကြီးပြင်းလာပြီး သမီးမေမေအရင်းလို ပညာတတ်ဖြစ်စေချင်ခဲ့တာ ဆန္ဒအမှန်ပါ။ မေမေ့ ယောက်ျားဆုံးပါးသွားပြီးတဲ့နောက် ပူစူးမလေးကို မေမေ ကျောင်းဆက်မထားနိုင်ခဲ့ဘူး။ သမီးလေးက ပညာတော်တယ်။ လိမ္မာယဉ်ကျေးတယ်။ မောင်လေးနဲ့ ညီမလေးတွေကိုလည်း တကယ့်မောင်နှမ အရင်းလိုထင်ပြီး ချစ်လိုက်တာလည်း တုန်လို့လေ။ မောင်လေးနဲ့ ညီမလေးကို ပညာတတ်ကြီးဖြစ်အောင် လုပ်ပေးမယ်။ ၈ တန်းအောင်ပြီးနောက် ကျောင်းပညာဆက်မသင်တော့ဘဲ စက်ချုပ်ပညာသင်ပြီး မေမေတို့ မိသားစုကို ရှာဖွေကျွေးမွေးနေလို့ အဆင်ပြေတာဟာ သမီး ပူစူးမလေးရဲ့ မေမေတို့အပေါ် ပြန်လည်တုန့်ပြန်တဲ့ မေတ္တာတရားတွေပါလားကွယ်”
ဒေါ်သစ်သစ်အောင် အတွေးရေယဉ်ကြောမှာ အချိန်မည်မျှကြာအောင် မျှောပါနေသည်မသိပေ။ ထိုအခိုက် အိမ်ရှေ့မှာ ကားလှလှလေးတစ်စီး ထိုးဆိုက်လာသည်။ ရှေ့ခန်းတံခါးပွင့်လာပြီး မျက်မှန်အနက်ကို တပ်ထားသည့် အ၀ါရောင် ၀မ်းဆက်နှင့်အမျိုးသမီးတစ်ယောက်ဆင်းလာသည်။ ကားနောက်ခန်းတံခါးပွင့်လာပြီးနောက် ကားပေါ်မှ ဆင်းလာသူ ကိုမြင်လိုက်တော့ ဒေါ်သစ်သစ်အောင် အံ့သြသွားသည်။
“ပူစူးမပါလား…ဘာများဖြစ်လို့ပါလိမ့်”
အ၀ါရောင်ဝမ်းဆက်ဝတ်ထားသော အမျိုးသမီးက ပူစူးမ၏ လက်ကို ဖမ်းဆွဲလိုက်ပြီးနောက် ဒေါ်သစ်သစ်အောင် ရှိရာသို့ ဦးတည်လာခဲ့လေသည်။
ဒေါ်သစ်သစ်အောင် အနားကိုရောက်သောအခါ မျက်မှန်အနက်ကို ချွတ်လိုက်သည့်အခိုက်…
“ဟင်…နွေး”
“မသစ်က မှတ်မိသားပဲ”
“မမှတ်မိပဲနေပါ့မလား နွေးရယ်၊ ပူစူးလေးကို ကြည့်စမ်းပါဦး၊ နွေးရဲ့ကိုယ်ပွားလေးလေ”
“မှန်တာပေါ့ မသစ်ရယ်၊ နွေးက သမီးလေးကို အကြောင်းစုံပြောပြလိုက်ပြီ”
“မသစ်က အမှန်ကို မပြောရက်ဘူး နွေးရယ်။ ပူစူးမလေးက မသစ်ရဲ့သမီလေးပါ”
ပူစူးမ၏ မျက်နှာတွင် မျက်ရည်စတို့ ဝေဖြာကျလာသည်။ အမေအရင်းနှင့် မွေးစားအမေကြား ထားရှိသည့် သံယောဇဉ်ကြိုး ဘယ်လိုများ ခွဲခြားရမည်မသိဖြစ်နေသည်။
နွေးက ပိုက်ဆံအိတ်ထဲမှာ လိပ်စာကတ်ပြားလေးတစ်ခုကို ထုတ်လိုက်ပြီး ဒေါ်သစ်သစ်အောင်နှင့် ပူစူးမတို့ကို တစ်ခုစီ ပေးလိုက်သည်။
“အဲဒါ…သမီးလေးရဲ့ဖေဖေလိပ်စာပါ။ သမီးလေးကို တွေ့ချင်နေတာ။ သမီးသွားတွေ့လိုက်နော်”
“ဒါနဲ့…နွေးရေ…နွေးတို့ရဲ့ဘ၀ဇာတ်ကြောင်းလေးကို ရှင်းပြပေးပါလား”
“ဒီလိုပါ…မသစ်…နွေးက သမီးလေးကို ပေးခဲ့ပြီး မကြာခင်မှာပဲ မေမေတို့ပေးစားတဲ့သူနဲ့လက်ထပ်ခဲ့တယ်။ သမီးလေးတစ်ယောက် ထပ်မွေးခဲ့တယ်။ သမီးလေး ပူစူးမရဲ့အဖေကတော့ အခြားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ကလေးနှစ်ယောက်မွေးတယ်။ အခု ကုမ္ပဏီတစ်ခုကို ဖွင့်ထားတယ်လေ။ နွေးတို့က အခုအချိန်မှာ မောင်နှမလိုပဲ ဆက်ဆံနေတယ်လေ။ ဒီအကြောင်းတွေကို နွေးရဲ့ခင်ပွန်းက သိသလို၊ ပူစူးမရဲ့အဖေ့ အမျိုးသမီးကလည်း သိပါတယ်။ နွေးတို့ဆက်ဆံရေးက ရိုးသားတယ်။ပွင့်လင်းတယ်”
“နွေးရေ…ပူစူးမလေးက အမေအရင်းကို တွေ့ရပြီဆိုတော့ အဖေအရင်းကိုလည်း တွေ့ချင်နေမှာပေါ့နော်၊ ဟုတ်တယ် မဟုတ်လား ပူစူးမ”
ဒေါ်သစ်သစ်အောင်က ပူစူးမဖက်ကို တစ်ဆက်တည်းလှည့်မေးလိုက်သည်။ ပူစူးမရင်ထဲမှာတော့ အမေအရင်းကို တွေ့ရတဲ့အချိန်မှာ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲကလို မေမေ့ရင်ခွင်ကို တိုးလို့ဝင်ပြီး ငိုနေချင်တဲ့စိတ်လည်း မပေါ်ပေါက် ခဲ့ပါဘူး။ ဒါပေမယ့် အမေအရင်းလည်းရှိသေးလို့တွေ့ရသလို အဖေအရင်းကလည်း အသက်ထင်ရှားရှိနေသေးတာမို့ တွေ့ချင်မြင်ချင်လှသည်။
“ပူစူး…တွေ့ချင်တယ် မေမေ”
“ဒါဆိုလည်း သွားတွေ့လိုက်ပေါ့နော်…မေမေ ကြိုပြီး ဖုန်းဆက်မထားဘူး”
“ဟုတ်ကဲ့ပါ…မေမေ”
“သမီးလေး…ဖေဖေနဲ့တွေ့ပြီးရင် မေမေ့ဆီကို ဖုန်းဆက်နော်၊ မေမေ ဖုန်းနံပါတ်ပေးခဲ့မယ်”
“ဟုတ်ကဲ့…မေမေ”
♥♥♥♥♥♥♥
ပူစူးမ တစ်ယောက် ကြီးကျယ်ခန်းနားထည်ဝါတဲ့ ကုမ္ပဏီထဲကို မ၀ံ့မရဲဝင်လာခဲ့သည်။ Reception ကောင်တာကို သွားပြီး CEO နှင့်တွေ့လိုကြောင်းပြောလိုက်သည်။ တာဝန်ကျ ၀န်ထမ်းအမျိုးသမီးက အင်တာကွန်းကိုနှိပ်ပြီး ခွင့်တောင်းသည်။
“နံမည်က ပူစူးမနော်”
“ဟုတ်ကဲ့ရှင့်…”
“ကျွန်မနဲ့လိုက်ခဲ့ပါနော်”
ဧည့်ကြိုမလေး၏ခေါ်ဆောင်ရာနောက်ကို ပူစူးမလိုက်သွားခဲ့သည်။ ဖေဖေ့အခန်းထဲကို ပူစူးမကို ပို့ခဲ့ပြီးနောက် ဧည့်ကြိုမလေးက ပြန်ထွက်သွားသည်။
ဖေဖေက ပူစူးမကို စူးစိုက်ကြည့်လိုက်သည်။ ပူစူးမက ဖေဖေ့ရှေ့ရှိ ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။
“သမီးရယ်…ဖေဖေ သမီးကို အရမ်းတွေ့ချင်နေတာ။ ဘယ်အချိန်မှာ တွေ့မလဲဆိုပြီး စောင့်စားနေရတာ”
ပူစူးမက ဖေဖေ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မေမေနဲ့တွေ့စဉ်က မျက်ရည်လုံးဝမကျခဲ့သော်လည်း ဖေဖေနှင့်တွေ့လိုက်ရသည့် အချိန်တွင်တော့ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမနိုင် တစ်ဖြိုင်ဖြိုင်ကျတော့သည်။ ဖေဖေက ထိုင်ရာမှထာလာပြီး ပူစူးမကို ကြင်နာစွာပွေ့ဖက်လိုက်သည်။
သားအဖနှစ်ဦး၏ရင်ထဲဝယ် ၅၂၈ သွယ်သော မေတ္တာတရားတို့သည် ကိန်းအောင်းလျက် ရှိလေတော့သည်။
♥♥♥♥♥♥♥
ဖေဖေ၏ အစီအစဉ်ဖြင့် သည်နေ့တွင် မိဘမေတ္တာစားသောက်ဆိုင်တွင် မေမေတို့မိသားစုအားလုံး၊ ဖေဖေတို့ မိသားစုအားလုံး၊ ဒေါ်သစ်သစ်အောင်တို့ မိသားစုအားလုံး ညစာစားပွဲလေးစီစဉ်ထားသည်။ ညစာစားပွဲကို ပူစူးမ အပါအ၀င် အားလုံး၏ မျက်နှာတွင် မာနတရားကင်းစင်လျက်ရှိသည်။ ပျော်ရွှင်ကြည်နူးလျက် အပြုံးပန်းများ ဝေဆာနေ ကြသည်။
ဖေဖေက တစ်ချိန်က အဖြစ်အပျက်တွေကို မေ့ပျောက်ထားကြလျက် ပူစူးမလေး၏ ရှေ့ရေးကို အသီးသီး တာဝန်ယူကြရန် စကားစတင်ပြောသည်။ မေမေကလည်း ပူစူးမလေးအပေါ် မိခင်တာဝန် မကျေပွန်ခဲ့မှုများအတွက် အလွန်တရာ ၀မ်းနည်းကြေကွဲရကြောင်း စိတ်ထိခိုက်ရကြောင်းပြောသည်။ ဒေါ်သစ်သစ်အောင်ကလည်း ပူစူးမလေး အပေါ် မိခင်အရင်းနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့ကြောင်း ပြောကြားသည်။
ဖေဖေက ထိုင်ရာက မတ်တတ်ရပ်လိုက်သည်။ အားလုံးက ဖေဖေ့ကို လှမ်းကြည့်ကြသည်။
“သမီးလေး”
“ရှင်…ဖေဖေ”
“သမီးလေးကို ဖေဖေတို့ မေမေတို့က မိဘ၀တ္တရားပျက်ကွက်ခဲ့ပါတယ်။ သမီးလေး ပင်ပန်းဆင်းရဲကြီးစွာ နေထိုင်ခဲ့ ရတယ်။ ဒီအတွက် သမီးအနေနဲ့ အခုဆိုရင် ဖေဖေတို့ မိသားစုက မိသားစုဝင်တစ်ယောက် အနေနဲ့ ဖေဖေတို့ အိမ်မှာ အတူတကွလာရောက်နေထိုင်ဖို့ ပြောချင်ပါတယ်။ ဖေဖေတို့မိသားစုကလည်း သမီးလေးကို လက်ခံပါတယ်”
ဖေဖေက ပြောပြီးထိုင်လိုက်စဉ် ဖေဖေတို့မိသားစုက ပူစူးမကို အပြုံးကလေးများဖြင့် ကြိုဆိုလိုက်ကြသည်။ မေမေက ထိုင်ရာမှထလိုက်သည်။
“နွေးကို ခွင့်လွှတ်နားလည်ပေးတဲ့ နွေးရဲ့မိသားစုကို အထူးကျေးဇူးတင်ပါတယ်။ ဟောဒီ ပူစူးမလေးဟာ နွေးရဲ့ ရင်သွေး အစစ်ဆိုတာ ထပ်မံမပြောလိုပေမယ့် ပြောလိုက်ရပါတယ်။ သမီလေးကို မေမေတို့မိသားစုကလည်း အိမ်မှာ လက်ခံဖို့ ဆုံးဖြတ်ထားတာကြောင့် မေမေတို့အိမ်ကို ပြောင်းလာခဲ့ပါနော်”
ဒေါ်သစ်သစ်အောင်က ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်သည်။
“ကျွန်မ တစ်ခုပြောချင်ပါတယ်။ သမီး ပူစူးမလေး ဆုံးဖြတ်ရခက်နေမယ်ထင်ပါတယ်။ သမီးလေးအနေနဲ့ ဖေဖေ့ဆီမှာ တစ်လှည့်၊ မေမေ့ဆီမှာတစ်လှည့် အလှည့်ကျနေပါလား”
“အားလုံးကို သမီးပြောချင်ပါတယ်။ ဖေဖေ့ဆီမှာလည်း သမီးလိုက်မနေနိုင်ပါဘူး။ မေမေ့ဆီမှာလည်း သမီးလိုက်မနေ နိုင်ပါဘူး။ သမီးကို ဒီအရွယ်ရောက်တဲ့အထိ ပြုစုယုယပြီး သွန်သင်ဆုံးမ လူလားမြောက်အောင် ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ မွေးစားမေမေနဲ့ပဲ သမီးတစ်သက်လုံးနေထိုင်သွားပါမယ်”
ပူစူးမစကားကြောင့် အားလုံးအံ့အားသင့်ကုန်သည်။
“သမီးကို စကားတစ်ခွန်း ထပ်မံပြောခွင့်ပြုပါနော်”
“ပြောလေသမီး…သမီးဘာလိုချင်လို့လဲ”
“ပြောပါသမီးရဲ့ ဖေဖေတို့ သမီးဖြစ်စေချက်တာ အားလုံးလုပ်ပေးမယ်”
“ဒီစားသောက်ဆိုင်က မင်္ဂလာခန်းမကို အားလုံး ခဏသွားရအောင်နော်”
ပူစူးမစကားကြောင့် အားလုံးအထူးအဆန်းဖြစ်သွားသည်။ သို့သော် အားလုံး၏ ခြေလှမ်းများက မင်္ဂလာခန်းမဆီသို့ ဦးတည်လိုက်ကြသည်။
♥♥♥♥♥♥♥
ပူစူးမက မင်္ဂလာခန်းမထဲရောက်သောအခါတွင် မေမေတို့လင်မယား၊ ဖေဖေတို့လင်မယားနှင့် ဒေါ်သစ်သစ်အောင်ကို ခန်းမထဲရှိ ဆိုဖာများတွင် ထိုင်ခိုင်းလိုက်သည်။
“မောင်လေးနဲ့ညီမလေးတို့ရေ…”
မအေတူ ဖအေကွဲ မေမေ့သမီးလေး၊ ဖအေတူ အမေကွဲ မောင်နှစ်မ နှင့် ဒေါ်သစ်သစ်အောင်၏ သားနှင့်သမီး တို့ကို ခေါ်လိုက်သည်။
“မမတို့ ဟောဒီက ဖေဖေနဲ့မေမေတွေအားလုံးရယ်။ မမရဲ့ မွေးစားမိခင်ရယ်ကို မမ ပြောသလို ပြောပြီး ဦးသုံးကြိမ်ချ ပြီး ကန်တော့ကြရအောင်နော်”
“ဟုတ်ကဲ့ပါမမ”
မောင်နှမများအားလုံး ထိုင်လိုက်ကြပြီးနောက်တွင် ပူစူးမလေးက အောက်ပါအတိုင်း ရှေ့မှတိုင်ပေးသည်ကို လိုက်ဆိုကြပြီး ဦးသုံးကြိမ်ချလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ”
“ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ”
“ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ”
ကန်တော့ခံသူများအားလုံးမျက်ရည်မဆည်နိုင်အောင်ဖြစ်သွားသည်။ မေမေက ပူစူးမလေးအနားကို အပြေးအလွှား ရောက်လာပြီး ပွေ့ဖက်လိုက်သည်။ ကျန်လူများကလည်း ၀ိုင်းလာကြသည်။
“သမီးလေးရယ်…ဘာကြောင့် အခုလိုပြောပြီး ကန်တော့ရတာလဲကွယ်”
ပူစူးမက မေမေ့ထံမှ စီးကျလာသော မျက်ရည်စများကို လက်ကိုင်ပုဝါလေးဖြင့် သုတ်ပေးလိုက်သည်။
“သမီးတို့ မောင်နှမအားလုံးဟာ မိခင်ဝမ်းတွင်းမှာ သန္ဓေတည်လာခဲ့ကြပါတယ်။ အဖေ၊ အမေတွေ မတူပေမယ့်။ တူညီတာတစ်ခုကကတော့ သမီးတို့ရဲ့အမေတွေဟာ မိခင်စိတ်ဓာတ်အပြည့်နဲ့ လူ့လောကထဲကို ရောက်အောင် ပို့ပေးခဲ့ကြတယ်။ ဟောဒီ ဖေဖေတို့ကလည်း သမီးတို့ လူ့လောထဲကို ရောက်လာဖို့အတွက် မေမေတို့ကို ကျေကျေနပ်နပ်နဲ့ခွင့်ပြုပေးခဲ့ကြတဲ့သူတွေပါ။ ပဋိသန္ဓေတားဆေးတွေ ပေါများနေတဲ့ခေတ်မှာ ဖေဖေရော မေမေပါ သမီးတို့ကို ချစ်ခြင်းမေတ္တာအပြည့်အ၀နဲ့ ရင်သွေးလေးကို ဖျက်မချဘဲ လူ့ပြည်လူ့လောကထဲကို ရောက်အောင် ကြည်ကြည်ဖြူဖြူပို့ဆောင်ပေးခဲ့တာလောက် ကျေးဇူးတင်လို့ ကုန်နိုင်ဖွယ် မရှိတော့ပါဘူး။ ဖေဖေတို့ မေမေတို့က သာ သန္ဓေသားလေးကို ဖျက်ချခဲ့မယ်ဆိုရင် သမီးတို့မောင်နှတွေ လူ့လောကထဲကို ရောက်မလာနိုင်ပါဘူး။ ဒါ့ကြောင့် သမီးတို့မောင်နှမတစ်တွေ ဖေဖေနဲ့မေမေရယ်၊ ဟောဒီက မွေးစားမေမေရယ်ကို ကျေးဇူးတင်ပါတယ်ရှင်။ မောင်လေး …ညီမလေးတို့ရေ ပြန်ဆိုရအောင်နော်”
“ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ”
(ကိုယ်တိုင်ခံစားရေးဖွဲ့သည်။)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၇-၃-၂၀၁၂)(၂၃း၁၅)နာရီ