**.သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
ယနေခေတ်လူငယ်တွေအတွက် နောင်ရေးကိုတွေးကြည့်ပြီး ကျွန်တော်စာဖက်နေရင်းတွေ့တာနဲ့ ဒီပို့စ်လေးကိုကူးယူတင်ပြပေးလိုက်ပါတယ်.
သူငယ်ချင်းတို့ဖက်လဲဖက်ပေးကြပါ လက်ဆင့်လဲကမ်းပေကြပါလို့ ပြောပါရစေ...
၂၀၁၂ ခု ဇန်န၀ါရီ ၂၆ ရက်ထုတ် 7Day News ဂျာနယ်တွင် မနှစ်မြို့ဖွယ် သတင်းတစ်ပုဒ်ကို စိတ်ဆင်းရဲစွာဖြင့် ဖတ်လိုက်ရသည်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ် တွင် ၁၈ နှစ်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးကို အသက် ၂၀ ကျော်အရွယ် အမျိုးသားငယ်တစ်ဦးက လိမ်ညာခေါ်ဆောင်ပြီးသားမယားပြုကျင့်သည့် သတင်းဖြစ် သည်။ အလားတူ သတင်းမျိုးကို ဂျာနယ်များတွင် မကြာခဏဆိုသလိုဖတ်ရသည်။ ဖတ်ရတိုင်းလည်း ဖခင်တစ်ဦးအနေနှင့် သားသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် စိတ်နှလုံးညှိုးချုံးရပါသည်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော တို့တိုင်းပြည်ကြီးမှာ ဘာတွေဖြစ်ကုန်ပြီလဲ။ ခေတ်ကပြောင်းလဲလာတာလား။ လူတွေရဲ့ တန်ဖိုးထားမှုစံတွေ သွေဖည်ကုန်တာလား။ ဟီရိနဲ့သြတ္တပ္ပကို လောကပါလတရားနှစ်ပါးလို့မှတ်ယူထားတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါတွေကိုဘယ်လိုတားဆီးနိုင်မလဲ။ တားဆီးဖို့ရော ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ကျွန် တော်တစ်ယောက်တည်း ဦးနှောက်ခြောက်မတတ် အတွေးဝဲ ဂယက်ထဲမှာ ချာချာလည်နေမိပါတော့သည်။ သည်လို တိကျရေရာသောအဖြေမရှိသည့်ပုစ္ဆာ တစ်ခုအတွက် ဦးနှောက်ခြောက်နေဆဲ တစ်နေ့တွင် စာသင်ခန်းထဲ၌ မကြားသင့်သောစကားတစ်ခွန်းကို ကြားခဲ့မိရာက ဤစာကိုရေးဖြစ်ခြင်းဖြစ်ပါသည်။ ကျောင်း ခဏခဏပျက်သော ဆယ်တန်းကျောင်းသားတစ်ယောက်ကို ကျောင်းမှန်မှန် တက်ဖို့ပြောနေစဉ် တခြား ကျောင်းသားတစ်ယောက်က နောက်ပြောင်သည့် လေသံဖြင့် “အဲဒီ့ကောင် မာဆပ်( Massage ) သွားသွားနေတာဆရာ”တဲ့။ ကျောင်းသူ၊ ကျောင်းသားအများရဲ့ရှေ့မှာ။ ပြောတဲ့ကျောင်းသားကလည်း အလေးအနက်ပုံစံမဟုတ်။ အပြောခံရသူကလည်းဘာမှ မဖြစ်သလို ပေါ့ပေါ့ပါးပါး။ တခြား ကျောင်းသား၊ ကျောင်းသူတွေကလည်း အေးအေးဆေးဆေး။ သည်စကားလုံး၊ သည်ဝေါဟာရ သည် သူတို့အားလုံးနှင့် အကျွမ်းတ၀င်ရှိနေသည့်ပုံစံမျိုး။ သည်လို နေရာသည် သူတို့အသက်၊ သူတို့အရွယ်နှင့် အပ်စပ်သောနေရာမဟုတ်ဟု ယူဆထားဟန်မတူ။ ကျွန်တော့်မှာသာဣနြေသိက္ခာနှင့်နေတတ်သော ကျောင်းသူအချို့ကို ကြားထဲကနေ မျက်နှာပူနေမိတော့၏။
ကိုယ်နှင့် အကျွမ်းတ၀င်ရှိသင့်သည့် ကျောင်းသင်ခန်းစာလို ဟာမျိုးကျတော့ မနေ့ကသင်ထားတာ ဒီကနေ့ ပြန်မေး၍မရ။ အချို့ဆို သင်ထားပြီးမှန်းဘာမှန်းတောင် မမှတ်မိ။ ကျောင်းပျက်လို့ လွတ်သွားသည့် သင်ခန်းစာအတွက် စိတ်ပူရကောင်းမှန်းမသိ။ ကိုယ်နားမလည်တာကိုမှတ်ပြီး ဆရာတွေကို ပြန်မေးဖို့ဝေးလို့ ကိုယ် ကျောင်းပျက်တုန်း ပေး ထားတဲ့မှတ်စုလိုဟာမျိုးတောင်ပြန်မကူးကြတော့။ အဲ-ကိုယ့် အသက်၊ ကိုယ့်အရွယ်နဲ့ မအပ်စပ်တဲ့ကိစ္စမျိုးကျတော့ “မာဆပ်” ဆိုတာ ဘယ်လိုနေရာမျိုးလဲက စပြီးကာမလှုံ့ဆော်သည့် ပီကေလိုဟာမျိုး၊ ကော်ဖီမစ်လိုဟာမျိုးအထိ သူတို့ အကျွမ်းတ၀င်ရှိကြသည်။ ဒါတင်ပဲလားဆိုတော့ ဗက ဘိုးဘိုးကြီးကို ကာဠုဒါယီအမတ်ဖြေသလို “ဒီ့ထက်ပိုသေး”ဟုပင် ဖြေရမည်ထင်ပါသည်။ စိတ်မောစရာပင်။
ကျွန်တော်သည် ကျွန်တော်တို့ ဆယ်တန်းကျောင်းသားဘ၀ ထိတွေ့ဆက်ဆံခဲ့ရသည့် ပတ်ဝန်းကျင်။ ယနေ့ခေတ်လူငယ်များ ထိတွေ့ဆက်ဆံနေရသည့် ပတ်ဝန်းကျင်။ သည်နှစ်ခုကို ချိန်ထိုးနှိုင်းယှဉ်ရင်း လူငယ်အချို့၏ ကိုယ်ကျင့်တရားစံတွေ သွေဖည်လာမှုအပေါ် သုံးသပ်ကြည့်မိသည်။ ကျွန်တော်တို့ ဆယ်တန်း ကျောင်းသားဘ၀ ရုပ်ပတ်ဝန်းကျင်သည် ယခုခေတ်လောက်မဖွံ့ဖြိုးသေး။ ရုပ်ရှင်ကြည့်ချင်လျှင် ရုပ်ရှင်ရုံသို့ တကူးတက သွားရသည်။ ပွဲကြည့်ချင်လျှင် ပွဲလာမှ ကြည့်ခွင့်ရသည်။ ကျွန်တော် တို့လို မြို့ငယ်ကလေးတွေမှာ ကျောင်း သားတစ်ယောက် ကျောင်းပြေးလို့ အလွန်အကျွံ ထန်းရည်ဆိုင်လောက်သာရောက်သွားနိုင်သည်။ ဒါကလည်း တစ်ခါနှစ်ခါအပြင် ပိုမသွားရဲ။ အနီးအပါး လူကြီးမိဘ များက သတင်းပေး၍ ကျောင်းက အချိန်မရွေး သိသွားနိုင်သည်။ အရက်ဆိုင်ဆိုတာတော့ ဘယ် ကလေးမှ မသွားရဲ။ သည်တော့ ကျွန်တော်တို့ကျောင်းသားတွေ အတွက် အပျင်းပြေစရာ ဘော လုံးကစားချင် ကစား။ ဒါမှမဟုတ် စာအုပ်အငှားဆိုင်တွေက ၀တ္ထု တွေ၊ မဂဇင်းတွေ ငှားဖတ်ချင် ဖတ်။ ဒါပဲရှိသည်။ ဆိုတော့ကာ ကျွန်တော်တို့ခေတ် ကျောင်းသား များအတွက် ပျက်စီးဖို့ အခွင့်အ လမ်းနည်းပါးသည်။ ကော်မယ် သာဇင်တို့၊ ဆေးခြောက်တို့ သုံးစွဲ သူအနည်းအကျဉ်းသာရှိပါသည်။ ဒါကလည်း တစ်ကျောင်းလုံးမှာ လက်ချိုးရေမှ ငါးချောင်းပင် ပြည့်မည်မထင်ပါ။
ယနေ့ခေတ် ရုပ်ပတ်ဝန်း ကျင်ကတော့ လိုတာအကုန်ဖြစ် နိုင်သည်။ ရုပ်ရှင်ကြည့်ချင်၍ ရုပ်ရှင်ရုံသွားစရာမလို။ ကျွန်တော်တို့ ခေတ်က မင်းသားနှင့် မင်းသမီးဖက်သည့် အခန်းဆိုလျှင်ပင် အချို့ မိန်းကလေးများ ရုပ်ရှင်ရုံထဲမှာ ခေါင်းအောက်ငုံ့ထားကြသည်။ ယခုမူ ဆင်ဆာမဲ့နိုင်ငံခြားခွေထဲက အဖော်အချွတ်ခန်းများကို မိန်းကလေးများ မရှက်မရွံ့ကြည့်ရဲကြပြီ။ ကျောင်းသားတစ်ယောက် ကျောင်းပြေးလျှင်လည်း အပြင် မှာ “လာပါ လာပါ”လက်ယပ်ခေါ် နေသည့်နေရာတွေက များလှသည်။ ဂိမ်းဆိုင် သွားမလား။ အင်တာနက်ဆိုင်သွားမလား။ ကာရာ အိုကေဆိုင်သွားမလား။ မာဆပ်သွားမလား။ ဘီယာဆိုင် သွားမလား။ (အခန်းသီးသန့်စီစဉ်ပေးသည်)ဘိလိယက် ထိုး သွားမလား။(ဘက်ညီတာရှာပေးသည်) အရက်ဆိုင်တွေဆိုတာ လည်း ကျွန်တော်တို့ ကျောင်းသားဘ၀ကထက် ဆယ်ဆမက တိုးပွားလာသည်။
လက်ဖက်ရည်ဆိုင်တွေမှာလည်း ဂဏန်းတွေကို တိုးတိုးတိတ်တိတ် အလောင်းအစားပြုနိုင်သေးသည်။ ဆေးခြောက်ကအစ ကာမလှုံ့ဆော်သည့်ဆေးများအဆုံးဝယ်တတ်လျှင် အလွယ်တကူရနိုင်သေးသည်။ ဆိုတော့ ကလေးများအတွက် အလွယ်တကူ ပျက်စီးသွားစေနိုင်သည့်အရာတွေကများလှသည်။ တစ်ပြိုင်နက်မှာပဲ အပျင်း ဖြေစရာ များလာတော့ ကလေးအများစုမှာ စာအုပ်ဘက်ကိုမလှည့်ကြတော့။ စာဆိုလျှင် ကျောင်းစာကလွဲပြီး ဘာဝတ္ထု၊ ဘာကာတွန်းမှ မဖတ်ဖူးသော ကလေးတွေ အများကြီးရှိပါသည်။ ပြောင်းလဲလာသော ရုပ်ပတ် ၀န်းကျင်နှင့်အတူ လူငယ်များ၏ အနေအထိုင်၊ အပြုအမူ၊ အကျင့် စရိုက်များပြောင်းလဲလာသည်။ အရာရာကို အသုံးချမှုစံနှင့်တိုင်းတာသည့်လူငယ်တွေ များလာ သည်။ ဘာတစ်ခုမှ အလေးအ နက်မထားဘဲ ကျောင်းတက်ပြီး ပညာသင်နေသည့် ကိစ္စကိုပင် အချို့ကလေးများက ၀တ်ကျေ တန်းကျေလုပ်နေကြသည်။
ဤပြဿနာသည် အသေး အဖွဲပြဿနာမဟုတ်ပါ။ နိုင်ငံ၏ အနာဂတ်နှင့်ဆိုင်ပါသည်။ နိုင်ငံ တည်ဆောက်ရေးတွင် လူနည်းစု တော်နေရုံနှင့်မရပါ။ လူအများစုက စာရိတ္တ ကောင်းသော၊ ယဉ် ကျေးရည်မွန်သော၊ ဘ၀ကို အလေးအနက်ထားတတ်သော နိုင်ငံသားများဖြစ်ဖို့လိုပါသည်။ အချို့ကိစ္စများ (ဥပမာ-မူးယစ် ဆေးဝါး)ကို ဥပဒေဖြင့် တားဆီး၍ရသော်လည်း အချို့ကိစ္စများကိုဥပဒေဖြင့် တားဆီး၍မရပါ။ နိုင်ငံဖြတ်ကျော် စီးဆင်းလာသော ယဉ်ကျေးမှုစီးကြောင်းကို ပိတ်ပင်၍မရပါ။ အင်တာနက်သုံးလျှင် ဘယ်လိုင်းပဲသုံး ဘယ်လိုင်းမသုံး နဲ့ နိုင်ငံခြားရုပ်ရှင်တွေကြည့်လျှင်ဘယ်အခန်းတွေဆို မကြည့်ရ၊ သွားလုပ်၍မရပါ။ သို့ဆိုလျှင် ဤပြဿနာများကို မည်သို့ဖြေရှင်းမည် နည်း။ ကျောင်းသားလူငယ်များနှင့် အနီး ကပ်ဆုံး ပတ်ဝန်းကျင်နှစ်ခုကို ကျွန်တော်မြင်ပါသည်။ မိဘနှင့် ဆရာဖြစ်ပါ၏။ မိဘများကလည်း ကိုယ့်သားသမီးကိုယ်တန်ဖိုး ထား အပ်သောအရာကို တန်ဖိုးထား တတ်အောင်၊ ဘယ်ဟာ အမှား ဘယ်ဟာအမှန်၊ ဘယ်ဟာ အဆိုးဘယ်ဟာ အကောင်း ခွဲခြားတတ် အောင် ငယ်ငယ်ကတည်းက စာ ဖတ်သည့်အလေ့ စွဲမြဲအောင်လေ့ ကျင့်ပေးသင့်သည်။ (အချို့မိဘ များ ရုပ်ဝတ္ထုပစ္စည်းပြည့်စုံအောင် ဖန်တီးပေးထားလျှင် မိဘ၀တ္တရား ကျေပြီဟုယူဆကြသည်)ဒုတိယ အချက်မှာ မိဘနှင့် သားသမီး ကြား ပွင့်လင်းသောဆက်ဆံရေး ထူထောင်ထားသင့်သည်။ စာပေဗဟုသုတရှိပြီး ပွင့်လင်းသောလူ ငယ်တစ်ယောက်ကို မည်သည့် ကိစ္စမျှ အလွယ်တကူ မကူးစက်နိုင်ပေ။
တစ်ခါ ကျောင်းများတွင်လည်း ဆရာများက စာကိုချည်း သင်ပေးခြင်းမျိုးမဟုတ်ဘဲ ကလေး များ၏စိတ်ကိုပါ သင်နိုင်အောင် ကြိုးစားကြရပေမည်။ ကလေးများ၏ စာပေဗဟုသုတ ကိုယ်ခံအား ကောင်းအောင် လေ့ကျင့်ပျိုး ထောင်ပေးကြရမည်။ ကလေးများ ကျောင်းအားချိန်တွင် ဂိမ်းဆိုင်များဘက် ခြေဦးလှည့်မသွားအောင် ကျောင်းစာကြည့်တိုက်၊ ရပ်ကွက်စာကြည့်တိုက်များဘက် ခြေဦးလှည့်ချင်လာအောင် ဆွဲဆောင် စည်းရုံးရမည်။ ကျောင်းများတွင် နံရံကပ်စာစောင်များ၊ စာပေပြိုင်ပွဲ များကို အခါအားလျော်စွာပြုလုပ် ပေးရမည်။ အမှန် အမှား၊ အကောင်း အဆိုး၊ တန်ဖိုးအတု တန်ဖိုးအစစ် ကွဲကွဲပြားပြား နားလည်သွားလျှင် မိမိဂုဏ်သိက္ခာကျမည့် အလုပ်မျိုး၊ မိမိဘ၀ နစ်မွန်းမည့်အလုပ်မျိုးကို ဘယ်လူငယ်မျှ လုပ်လိမ့်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် ရှေ့မှာ ပြောခဲ့သည့် မနှစ်မြို့ဖွယ်သတင်း ဆိုးများလည်း လျော့ပါး သွားလိမ့် မည်ထင်သည်။ ပြောမယ့်သာ ပြောရသည်။ ကျွန်တော့်စိတ်ကူးတွေ၊ အတွေး တွေက ကိုသန်းလှိုင်လား၊ ကိုတင်လှိုင်လား သီဆိုခဲ့သည့်သီချင်းတစ်ပုဒ်ထဲကလို ဖြစ်နေမလားပင်။“နေရောင်ခြည်ကမ္ဘာမပျံ့ဖို့၊ ပ၀ါဖြန့်လို့ တားဆီးသလိုနှယ်။ ငွေလှိုင်းတွေ သောင်ပြင်မတက်ဖို့ စောင်ဖျင်သဘက်တို့နဲ့ တားဆီးသလိုပါကွယ်”။ ။
သူငယ်ချင်းတို့အားလုံးလေ့လာလို့ရအောင် facebook ကနေပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်....
....အားလုံးကိုလေးစားလျှက်.................ဇွဲကိုကို....................