သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ သူငယ်ချင်းအားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ၊ ကျနော်က အွန်လိုင်းနဲ့ အဆက်သွယ် ပြတ်နေတာ (၁၅)ရက် ဖြစ်ခဲ့ပါပြီ၊ ကျနော် သွားကတည်းက “”ရွှေဘနှုတ်ဆက်ခဲ့ပါတယ်”” ဆိုတဲ့ ပို့စ်လေးကို ရေးပေးခဲ့တယ်နော်၊ ကျနော် နေခဲ့တဲ့ တရားစခန်း (၁၅)ရက်မှာ ကျနော် လေးစားရတဲ့၊ ဓါတု နဲ့ဘွဲ့ယူပြီး ပညာတွေ မျှဝေနေတဲ့ ဆရာ ဦးဘုန်း(ဓါတု) ရေးသားခဲ့တဲ့ စာတွေနဲ့ ကျနော် တရားစခန်းမှာ ဆင်ခြင်မိတာတွေ တစ်ထပ်တည်း ကျခဲ့ပါတယ်၊ ဒါကြောင့် ဆရာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာရေးခဲ့လို့ ကျနော် ဖတ်ခဲ့ရတဲ့ “”အကျီဖြူဖြူ”” ဆိုတဲ့ ဆောင်းပါးလေးကို ကျနော့ကိုယ်တွေ့နဲ့ နှိုင်းယှဉ် ရေးသား ပေးမယ်နော်။
လွန်ခဲ့တဲ့ ဧပြီလ (၁၀)ရက်နေ့က ကျနော် အင်္ကျီအဖြူလေး ၀တ်ခဲ့ပါတယ်၊ တရားစခန်းကို ပထမဆုံး အကြိမ် အဖြစ် (၁၅) ရက်ကြာ ၀င်ရောက်မှာမို့ တရားစခန်း ၀င်ရင် ယောဂီဝတ်စုံ (သို့) အပေါ် ဖြူ၊ အောက် ယောဂီ (သို့) အဆင် ပြေရာ ၀တ်ကြတယ် ဆိုတော့ ကျနော်က အပေါ် ဖြူ၊ အောက် ယောဂီ ၀တ်စုံတွေကို ရွေးချယ်ခဲ့တာပါ၊ ဒီလိုနဲ့… တရားစခန်း သွားမယ့်နေ့မှာ ရေချိုးပြီး ကျနော်ရွေးချယ်ထားတဲ့ ၀တ်စုံတွေကိုဝတ်၊ မှန်ရှေ့မှာ မတ်တပ်ရပ်လို့ အကျီကြယ်သီးတွေတပ်ရင်းနဲ့ စဉ်းစားမိတာက…. အလုပ်ထဲမှာ ဘောင်းဘီရှည်၊ စပို့ရှပ်၊ တီရှပ်တွေ ၀တ်ဆင်နေကျ ကျနော်ဟာ… အကျီအဖြူရောင်လေး ၀တ်လိုက်တော့ ပိုပြီး ခန့်သွားသလို၊ ပိုပြီးလည်း ကြည့်ကောင်း သွားတယ်လို့ ကြည်နူး ပီတိ ဖြစ်ခဲ့မိပါတယ်။
ကျနော်ဟာ အကျီဖြူကို (၅)နှစ်သား ကတည်းက ၀တ်ခဲ့ဖူးသူပါ၊ မူလတန်း ကျောင်းသားဘ၀ကစပြီး ၀တ်ခဲ့တာပေါ့ဗျာ၊ ကျောင်းကအပြန် အကျီ စွန်းပေခဲ့ရင် မေမေက ရိုက်ပါတယ်၊ အဖြူရောင်ရဲ့ သင်္ကေတကို နားမလည်သေးတဲ့ ကလေးဘ၀မှာ မေမေဟာ ဘာကြောင့် ရိုက်တာလဲ ရေရေ ရာရာ မသိပေမယ့် အကျီစွန်းလို့ ရိုက်တာဆိုတာကိုတော့ သတိထားမိပါတယ်၊ မနက်ပိုင်း ကျောင်းတက် ချိန်တိုင်း အကျီဇြူရွရွ လေးကို ၀တ်ပြီး လွယ်အိပ်လေးလွယ်လို့ ကျောင်းသွားခဲ့ရတဲ့ ကလေးဘ၀မှာ အဖြူရောင် အကျီ အကြောင်း ကိုတော့ မစဉ်းစား မိခဲ့ပါ၊ ဒါပေမယ့် အဖြူရောင်ရဲ့ ကျက်သရေ ရှိမှုကိုတော့ ခံစားတတ်နေပါပြီ၊ အဲ့ဒီနောက် အလယ်တန်း ကျောင်းသား ဘ၀မှာလည်း အကျီအဖြူကို နှစ်သက်ခဲ့ပါတယ်၊ ဘာလို့လည်းဆိုတော့ အကျီအဖြူဆိုတာ ဘယ်နှစ်ထည်ရှိရှိ လူမသိဘူး၊ အကျီအနည်း အများကို ဘယ်သူမှ မသိနိုင်ဘူးလေ၊ အဲ… ဒါပေမယ့် အကျီအဖြူကိုတော့ မြတ်နိုးတတ်ပါတယ်၊ ဘောလုံးကန်ရင် အကျီဖြူကို ချွတ်ပြီး ကန်တယ်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်လည်း အကျီအဖြူလေးကို ချွတ်ပြီးမှ ကစားတာပါပဲ၊ တစ်ခါတစ်ရံ အကျီဖြူကို ၀တ်ထားရင်းနဲ့ သူငယ်ချင်းတွေက ဆော့ကြ၊ နောက်ကြလို့ အကျီမှာ တစ်ခုခု စွန်းထင်းခဲ့ရင် ကျနော့ စိတ်ထဲမှာ အရမ်းခံစားရပါတယ်၊ အဲ့ဒါ ဘာကြောင့်လဲလို့ မေးရင် အဖြူရောင်ကို အဖြူရောင်လိုပဲ ဖြစ်စေချင်တဲ့ ရိုးရိုးသားသား စိတ်ထားလေးကြောင့်ပါ၊ အထက်တန်း ကျောင်းသားဘ၀ ရောက်တော့ အဖြူရောင် အကျီကို ပိုပြီးနှစ်သက်လာပါတယ်၊ မဟုတ်တာလုပ်ရင် အဖြူရောင် အကျီနဲ့ မလုပ်သင့်မှန်း ကောင်းကောင်းကြီး သဘောပေါက်တဲ့ အရွယ်ကို ရောက်လာပါပြီ၊ အဲ့ဒါကြောင့် ကျောင်းပြေးရင်/ ရည်းစားစကား လိုက်ပြောရင် အဖြူရောင် အကျီနဲ့ဆို အဆင်မပြေဘူး၊ ဒါကြောင့် လွယ်အိတ်ထဲကို အ၀တ်တစ်စုံ အပိုဆောင်လာ တတ်ပါတယ်၊ အကျီဖြူကို ခေါက်သိမ်း၊ အသင့်ယူလာတဲ့ အကျီကိုလဲပြီးမှ ကျောင်းပြေးတယ်၊ ရုပ်ရှင်ရုံကို သွားတယ်၊ ရည်းစားစကား လိုက်ပြောတယ်၊ အဖြူရောင် ဆိုတာ ကောင်းတာ လုပ်တဲ့ အချိန်မှာ ၀တ်ဖို့၊ နှလုံးသားထဲမှာ ဖြူစင်တဲ့စိတ်ရှိမှ ၀တ်ဖို့ ဆိုတာ သိတတ်လာပါတယ်၊ ဒီလိုနဲ့…. တက္ကသိုလ် ကျောင်းသား ဘ၀ကို ရောက်တော့ အဖြူရောင်အကျီကို ၀တ်တာ နည်းသွားပါတယ်၊ လှချင်ပချင်တဲ့ လူပျိုပေါက် အရွယ် ဆိုတော့ ခေတ်ပေါ် ဘောင်းဘီရှည်နဲ့ စပို့ရှပ်၊ တီရှပ်တွေ ၀တ်ပြီး ရှိုးထုတ်ခဲ့ပြန်တယ်၊ ဒါဟာ အဖြူရောင်ကို မကြိုက်လို့ မဟုတ်ပါဘူး၊ အဖြူရောင်ရဲ့ အနှစ်သာရတွေ ပျက်သွားမှာ စိုးလို့ပါ၊ ဒီလိုနဲ့ ကျနော်ဟာ အဖြူရောင်ကို မမုန်း မမေ့ ပေမယ့်… အဖြူရောင်ကို ၀တ်ဆင်မှုတော့ နည်းလာပါတယ်။
ငယ်ငယ်တုန်းက အဖြူရောင် အကျီကို ၀တ်ခဲ့တဲ့ ကျနော့ရဲ့စိတ်ဟာ အဖြူရောင် အကျီလိုပဲ ဖြူစင်ခဲ့တယ်၊ မာနမရှိဘူး၊ မာယာ မရှိဘူး၊ ဟန်မဆောင်တတ်ဘူး၊ မလိမ်ညာတတ်ဘူး၊ ကလိမ်ကကျစ်ကျတာ မရှိဘူး၊ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ ဒါကြောင့်လည်း တန်ဖိုးရှိတဲ့ အဖြူရောင် အကျီလေးနဲ့ အလွန်ပဲ လိုက်ဖက် ခဲ့ပါတယ်၊ ဦးဏှောက်ကလည်း အဖြူရောင်၊ နှလုံးသားကလည်း အဖြူရောင်၊ စိတ်ဓါတ်ကလည်း အဖြူရောင် ဆိုတော့ အဖြူရောင် အကျီလေးနဲ့ ကျနော်ဟာ လူတွေရဲ့အလယ်မှာ ၀င့်ထည်ခဲ့ရဖူးပါတယ်၊ ခြေလှမ်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ လှမ်းခဲ့ဖူးတယ်၊ ပါတ်ဝန်းကျင်ရဲ့ မျက်လုံးအစုံတွေတိုင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြန်ကြည့်ပြီး ပြုံးပြခဲ့ဖူးတယ်၊ အင်း…. အဖြူရောင်ရဲ့ ကျက်သရေ ရှိမှုအောက်မှာ အဖြူရောင်ဘ၀တွေနဲ့ ကျနော် နေခဲ့ဖူးပါတယ်။
သူငယ်ချင်းတို့ရေ…. ကျနော်ဟာ အခုတော့ စီးပွားရေး လောကထဲမှာ (၃)နှစ်လောက် ရှိနေပါပြီ၊ ကျနော် လုပ်နေတဲ့ အလုပ်ကလည်း ဆန်စပါး အရောင်းအ၀ယ်ဆိုတော့ မုသားတွေ ပါဝင်ပါတယ်၊ ဥပမာဗျာ… ကိုယ်ဝယ်ခဲ့တဲ့ စပါးဟာ တင်းတစ်ရာကို (၃၀၀၀၀၀ိ/-)ဆိုပေမယ့် ကိုယ်ပြန်ရောင်းမယ့် သူကိုကျတော့… “”အင်း… ဒီစပါးတွေက ကျနော် (၃၂၀၀၀၀ိ/-)ဈေးနဲ့ ၀ယ်ခဲ့ရလို့ပါ၊ ကျနော့မှာလည်း ၀န်ဆောင်မှုတွေနဲ့မို့ အမြတ်လေး ကျန်အောင် (၃၃၀၀၀၀ိ/-)လောက်တော့ ပေးပါ”” ဆိုတာမျိုးတွေပေါ့ဗျာ၊ အဲ့ဒီလိုနဲ့… ငွေရဖို့ ဟန်ဆောင်ခဲ့ရပါတယ်၊ ဟန်ဆောင်ကောင်းခြင်းဆိုတာ ငွေရှာနည်းရဲ့ အဓိကသော့ချက်ပဲလို့ ဘ၀က ကျနော့ကို သင်ပေးခဲ့ပါတယ်၊ အောင်မြင်မှုတွေကို မြန်မြန်ရဖို့ ရိုးသားခြင်းတွေကို ကျနော်စွန့်လွှတ်ခဲ့မိတယ်၊ စီးပွားရေးသမားလောက အသိုင်းအ၀ိုင်းထဲမှာ ရိုးသားစွာနေထိုင်ခြင်းဟာ အောင်မြင်မှုရဖို့အတွက် အနှောက် အယှက် ဖြစ်စေတယ်ဆိုတာ လက်တွေ့ အခြေအနေတွေက သင်ပေးခဲ့ပြန်တယ်၊ ဂုဏ်သတင်းကျော်ဇောဖို့ မာယာတွေကို အရင်းအနှီးလုပ်ခဲ့တယ်၊ ကိုယ့်ကို လူတွေက ဦးခိုက်ဖို့အတွက် လိမ်ညာခြင်း အတတ်ပညာကို စံနစ်တကျ သုံးစွဲတတ်ခဲ့ပြန်တယ်၊ အမှန်တရားထက် ကိုယ်အနေချောင်ဖို့ ပိုအရေးကြီးတယ် ဆိုတဲ့ အတ္တစိတ်နဲ့ အသက်ရှင်ခဲ့တယ်၊ ငါဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ဆိုတဲ့ စိတ်တွေနဲ့ နေထိုင်ရင်း ကိုယ့်ကြောင့် ဒုက္ခရောက်သူတွေ အများကြီး တွေ့ခဲ့ရပါတယ်၊ လောဘရှိသူကို လူလေးစားတယ်၊ ဒေါသရှိသူကို လူကြည်ညိုတယ်၊ မောဟရှိမှ အောင်မြင်သူ၊ မာနရှိမှ ဣနြေ္ဒကြီးသူလို့ သတ်မှတ်ခဲ့မိတယ်၊ အတ္တအရောင်တွေ တောက်ပနေမှ တန်ခိုးရှိသူလို့လည်း ယူဆခဲ့မိတယ်၊ တကယ်တော့ လောကဆိုတာ လောဘတွေနဲ့ “”က”” နေကြတာပါလားလို့ မြင်လာတယ်၊ ဒီတော့ ကျနော်လည်း ဟန်ဆောင်တတ်လာတယ်၊ ဟန်ဆောင်ပြီး နေထိုင် ခြင်းက ကျနော့အတွက် အလုပ်တစ်ခုလို ဖြစ်လာပါတယ်၊ ရိုးသားလွန်းရင် လူတွေရဲ့ နှိမ့်ချမှုကို ခံရတယ်၊ ဒီတော့ မရိုးသားခြင်းဟာ ကျနော့အတွက် အလေ့အကျင့်တစ်ခု ဖြစ်လာပြန်ပါတယ်၊ နောက်ဆုံးတော့ ရိုးသားမှု ဆိုတာ ကျနော့အတွက် အခက်ခဲဆုံး ကိစ္စတစ်ခုလို ဖြစ်နေပါတော့တယ်၊ ခံယူချက်တွေ၊ ခံစားချက်တွေကို ရှေ့တန်း တင်တဲ့ လူတွေကို တွေ့ဖူးပါတယ်၊ သူတို့ဟာ မကြီးပွားဘူး ဆိုတာကိုလည်း တွေ့မိပြန်တယ်၊ ဒီတော့ ကျနော့ရဲ့ ခံယူချက်တွေကို ရှေ့တန်းမတင်မိဖို့ သတိပြုမိပြန်တော့ ခံယူချက်ဆိုတာ ထမင်းမ၀ဘူး၊ ငွေရှိမှ ထမင်းဝတာ၊ ငွေရှိမှ ကြီးပွားတာ လို့ တွေးမိပြီး ကျနော် ယုံကြည်တဲ့ ရိုးသားခြင်းတွေ၊ စိတ်ရဲ့ တန်ဖိုးတွေကို မေ့ပစ်၊ စွန့်ပစ်၊ လွှင့်ပစ် ခဲ့ပါတယ်။
သူငယ်ချင်းတို့ရေ….. ကျနော့ရဲ့ စိတ်တွေဟာ တကယ်ပဲ ညစ်နွမ်းနေတယ် ဆိုတာကို ဧပြီ(၁၀)ရက်နေ့နံက် (၄)နာရီ၊ တရားစခန်း ၀င်ခါနီး အကျီအဖြူရောင်လေးကို ၀တ်လိုက်တော့မှ ကွက်ကွက် ကွင်းကွင်း မြင်မိပါတော့တယ်၊ အဲ့ဒီနေ့က မေမေနဲ့ ကျနော် တရားစခန်းကို အတူသွားခဲ့ကြတယ်၊ ကျနော့ ညီမလေးက လိုက်ပို့ခဲ့ပါတယ်၊ ကျနော်ဟာ တရားစခန်းကိုအသွား ကားပေါ်မှာ ပါးစပ်က ရေရွတ်နေခဲ့မိတာ အသွားလမ်း တောက်လျှောက်ပါပဲ၊ မေမေနဲ့ ညီမလေးတို့ကတော့ ကျနော့ကို ဘုရားစာ၊ တရားစာတွေ ရွတ်နေတယ်ပဲ ထင်မှာပါ၊ တကယ်တော့… ကျနော် ရွတ်နေတာတွေက….. ""အဖြူရောင် အကျီလေးရယ်….. ငါ့ကို မကဲ့ရဲ့ပါနဲ့၊ ငါ ဖြူစင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်၊ ဒါပေမယ့်လေ…. ငါဟာ ဖြူစင်တဲ့သူ မဖြစ်ခဲ့ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဖြူရောင် အကျီကိုတော့ ၀တ်ခွင့်ပြုပါနော်၊ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ တရားစခန်းဝင် အားထုတ်မှုမှာ အကျင့်ကောင်းတွေ ကျင့်နိုင်ဖို့အတွက်လည်း လူမှုရေး၊ စီးပွားရေးတွေအားလုံးနဲ့ ငါ အဆက်သွယ် ဖြတ်ခဲ့ပါတယ်၊ ဒါကြောင့် မဖြူစင်တဲ့ ငါ့ရဲ့စိတ်တွေကို အဖြူရောင် အကျီလေးနဲ့ ဖုံးကွယ်ပြီး လူအများရှေ့မှာ….. လောကအလယ်မှာ… ငါ ဖြစ်ချင်တာတွေ ဖြစ်ဖို့….. ငါ့ကို ဟန်ဆောင်ခွင့် ပေးပါနော်….. (၁၅)ရက်တည်းပါကွာ"" ဆိုတာပါပဲဗျာ။
သူငယ်ချင်းတို့ရေ…. ဒီပို့စ်လေးဟာ ကျနော်ကို စာပေတွေနဲ့ အသိများစွာ ပေးခဲ့တဲ့ ဆရာဦးဘုန်း (ဓါတု)ရဲ့ “”အဖြူရောင်အကျီ”” ဆိုတာလေးကို ကျနော့ရဲ့ ဘ၀အတွေ့အကြုံနဲ့ ကိုးကားရေးသား တင်ပြခြင်း ဖြစ်လို့ ရေးသားမှုမှာ အားနည်းချက်တွေ ရှိခဲ့ရင်တော့ ကျနော့ရဲ့ အမှားပေါ့ဗျာ၊ ဒါပေမယ့်… ကျနော့ရဲ့ သူငယ်ချင်းတွေအားလုံး အမြဲတမ်းပဲ အဖြူရောင် အကျီလေးကို ၀တ်ဆင်နိုင်ကြပါစေ….. လို့ လေးလေး နက်နက် ဆုတောင်းလိုက်ပါတယ်နော်….။