Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မြန်မာ့အားကစား တော်လှန်ရေးတစ်ခု စတင်ခဲ့ပြီ

$
0
0

၂၀၁၁ ခုနှစ်မှာ မြန်မာ့ အားကစား တော်တော်များများဟာ သူတို့ ရုန်းကန် နေရတဲ့ အခြေအနေထဲကနေ လွတ်ထွက်လာနိုင်ဖို့ အစီအစဉ် တချို့ကို လုပ်ခဲ့ကြသလို စိတ်ဓာတ်ပိုင်းမှာလည်း အားသစ်လောင်းခဲ့ ကြလို့ အားကစား တော်လှန်ရေးတစ်ခု စတင်နေပြီလို့ ပြောရရင် ပိုမယ်မထင်ပါဘူး။

အဲဒီလို စိတ်ဓာတ်ပိုင်း၊ အစီအမံပိုင်းနဲ့ အားထုတ်မှုပိုင်းမှာ ထူးထူး ခြားခြား ပြောင်းလဲလာလို့ ကမ္ဘာ့အသိုင်းအ၀ိုင်း၊ အရှေ့တောင်အာရှ အသိုင်းအ၀ိုင်းမှာ ကံဆိုး မိုးမှောင်ကျမှု တချို့ဖြစ်ခဲ့တာတောင် သဘော ထား ကြီးကြီး ခံယူချက်အပြည့်နဲ့ မြန်မာ့အားကစားက ရှေ့ကို ဆက်လက် ချီတက်ခဲ့ပါတယ်။

တကယ်ဆိုရင် ဒီနှစ်က မြန်မာ့အားကစားအတွက် အဖြစ်အပျက်ကြီး ငယ်နဲ့ ကောင်းကောင်းကြီးခံစားရတဲ့ တစ်နှစ်တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဆတ်ဘလတ္တာ က မတ်လ ၁၅ ရက်နေ့မှာ မန္တလေး ဘောလုံး အကယ်ဒမီကို ဖွင့်ပေးဖို့ မြန်မာနိုင်ငံကို လာရောက် ခဲ့တဲ့ထိ သမိုင်းဝင်တဲ့နှစ်ပါ။

အဲဒီလို လာရောက်တဲ့အခါမှာ "မြန်မာပြည်မှာ ပင်ကိုဗီဇ၊ပါရမီ ထူးသူတွေ အများကြီးပါ။ လက်ရှိ အချိန်မှာ မြန်မာ ဘောလုံးက ကောင်းမွန်တဲ့ စံချိန်မှာရှိသလို အနာဂတ်မှာ ပိုမိုကောင်းလာမှာပါ။

၁၉၆၇ မှာ အာရှ ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက်၊ အာရှရဲ့ ဘောလုံးလောက တိုးတက်ရေးမှာ မြန်မာကတက်တက်ကြွကြွ ပါဝင်လာ နိုင်မှာပါ"လို့ ဘလတ္တာက ရဲရဲကြီး ပြောသွားတယ်။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံးအဖွဲ့က ထောက်ပံ့မှုတွေကို အရင်းတည်ပြီး မြန်မာဘောလုံး အဖွဲ့ချုပ်က စီမံကိန်းရည်မှန်းချက်တွေ ချမှတ်ကာ အကောင်အထည်ဖော်နေပါတယ်။

နောက်ထပ် ဘောလုံးအကယ်ဒမီ ကျောင်းသစ်ကို ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာ ဖွင့်လှစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသရဲ့ ဖွံ့ဖြိုးမှုအတွက်နဲ့ မြန်မာ့ဘောလုံးလောက တိုးတက်မှုအတွက် အထောက် အကူဖြစ်စေခဲ့ပါတယ်။

အိုမန်နဲ့ပွဲမှာ ပရိသတ်တွေ ရိုင်းပြခဲ့တဲ့ အဖြစ်အပျက်မျိုးကို တားဆီးနိုင်ဖို့ဆိုပြီး သုဝဏ္ဏ္ဏကွင်းပတ်ပတ်လည်မှာ သံဆန်ခါတံတိုင်းတွေ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

မြန်မာပြည်က အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှ ယူ-၁၉ ပွဲမှာလို ကွင်းတွေထဲမှာ ရေမ၀ပ်ရလေအောင် သုဝဏ္ဏဘောလုံးကွင်းက အစချီပြီး ရန်ကုန်မြို့က လူငယ်လေ့ကျင့်ရေးကွင်းတွေ အားလုံးကို မြေလှန်ပြီး perforated pipe တွေချတဲ့ အစီအမံကိုလည်း စတင်ခဲ့ပါတယ်။

အဲဒီလို မြန်မာဘောလုံးလောက တိုးတက်စည်ပင် ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေသလို၊ တစ်ဖက် မှာလည်း ဘောလုံး လောကမှာ စနစ်ကျတဲ့ လည်ပတ်မှုတွေ ရှိလာဖို့ အဘက်ဘက်က ၀င်ရောက် ဆွေးနွေးမယ့်သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပခဲ့ပြီး၊ အထူး အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာဘောလုံး အဆင့်အတန်း မြင့်မားရေးနဲ့ ကြေးစားတန်း မြန်မာလိဂ် အကောင် အထည်ပေါ်လာဖို့ လိုအပ်ချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖွင့်ထုတ်တင်ပြ လာပါတယ်။ ယခင်နှစ်က မြန်မာနေရှင်နယ်လိဂ်မှာ အသင်း ၁၁ သင်းပဲ ရှိနေရာက ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရယူနိုက်တက်အသင်း ပါဝင်လာပြီး စုစုပေါင်း ၁၂သင်းထိ ရှိခဲ့ပါတယ်။

လာမယ့် ၂၀၁၂ ရာသီ အတွက်လည်း အသင်းတစ်သင်း ထပ်တိုးလာမှာဖြစ်ပြီး စုစုပေါင်း မြန်မာနေရှင်နယ်လိဂ် ၁၃ သင်းအထိ တိုးတက်လာမှာဖြစ်တယ်။

ထပ်တိုးလာမယ့် အသင်း တစ်သင်း ဖြစ်တဲ့ ချင်းယူနိုက်တက်အသင်းက အခု နှစ်ကုန်ပိုင်းမှာ အဆင်သင့် ဖြစ်နေပါပြီ။ သည်တိုးတက် ပြင်ဆင်နေမှုတွေရဲ့ နောက်ကွယ်မှာ အရိပ်မည်းကြီး တစ်ခု လိုက်နေ ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်၊ ဒုတိယ အကျော့ဖြစ်တဲ့ မြန်မာနဲ့ အိုမန်ပွဲမှာ မြန်မာပရိသတ်တွေ ကွင်းထဲကို ကျောက်ခဲတွေ၊ ဖိနပ်တွေ၊ ရေဘူးတွေ ပစ်ပေါက်ခဲ့ ကြတဲ့ အဖြစ်ဆိုးကြီးပါ။

ဒီအဖြစ်ဆိုးကြောင့် ဖီဖာက မြန်မာအသင်းကို ဆွစ်ဖရန့် ၂၅,၀၀၀ နှင့် တရားရေး ကုန်ကျစရိတ် ဆွစ်ဖရန့် ၅,၀၀၀ လျော်ကြေး ဒဏ်တပ်တဲ့အပြင်၊ ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်တဲ့အထိ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံဝင်မှုကို လက်ခံခဲ့ပြီး၊ ၂၀၁၈ ကမ္ဘာ့ဖလား အတွက် ခြေစစ်ပွဲမှာ ပါဝင်ခွင့် ပြုလိုက်ပါတယ်။ ဖီဖာရဲ့ အပြစ်ဒဏ် လျှော့ပေါ့ပေးမှုက တိုးတက်လာတဲ့ မြန်မာဘောလုံးအသင်းရဲ့ ပြင်ဆင်မှု တွေကို ပိုပြီး အသက်ဝင်သွားစေပါတယ်။

နောက်ဆုံး တော့ ကျွန်တော်တို့ဟာ ရေတိုရေရှည် မျှော်မှန်းချက် တွေနဲ့ ရွက်လွှင့်နိုင်ကြဦးမှာပဲ မဟုတ်လား။ မြန်မာနေရှင်နယ်လိဂ်ရဲ့ တတိယ ရာသီမှာ စတင် ပါဝင်လာတဲ့ ရက္ခပူရ ယူနိုက်တက်က သူ့ရဲ့ ငယ်ရွယ်နုနယ်သေးတဲ့ သက်တမ်းမှာ ပြဿနာတချို့ ကြုံရပါတယ်။

ကစားသမားတွေနဲ့ နည်းပြတွေ လုပ်ခလစာ မရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲ ပြဿနာ ဖြစ်နေတဲ့ အခြေအနေကို မြန်မာ ဘောလုံးအဖွဲ့ချုပ်က စည်းဝေးထိုင်ပြီး နှစ်လကြာ စစ်ဆေးခဲ့ပါတယ်။ အဖွဲ့ချုပ် ရက္ခပူရအသင်း ပူးတွဲပိုင်ရှင် ဦးဇော်မင်းသိမ်းကို အသင်းရဲ့တာဝန် အားလုံး လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် ကိစ္စကို ဖြေရှင်းလိုက်ပါတယ်။

လာမယ့်ရာသီမှာ စကစားမယ့် ချင်းယူနိုက်တက်အသင်းကလည်း အသင်းဟောင်းတွေ ဆီက သင်ခန်းစာယူတဲ့အနေနဲ့ အသင်းပိုင်ရှင်က ကိုယ်တိုင်ကိုယ်ကျ ကွင်းထဲထိ ထဲထဲဝင်ဝင် စီမံကြပ်မတ်သွားမယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အရေးနိမ့်ခဲ့ရပေမယ့် မြန်မာ့ဘောလုံး သမားတွေမှာ အောင်မြင်မှုတွေနဲ့ မဝေးခဲ့ပါဘူး။

မြန်မာယူ ၁၉ အသင်းက BIDC ဖလားကို ကမ္ဘောဒီးယားမှာအရ ယူလာနိုင်သလို၊ ယူ-၂၃ အသင်းကလည်း အင်ဒိုနီးရှား ဆီးဂိမ်းမှာ တတိယကြေးတံဆိပ်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။

ဆီဂိမ်းမတိုင်မီ VFF ဖလားမှာ မြန်မာ ယူ ၂၃ အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူထားတဲ့ ဗီယက်နမ် ယူ-၂၃ အသင်းကို၊ ဆီးဂိမ်းပြိုင်ပွဲ ဆီးမီးဖိုင်နယ်မှာ မြန်မာက ၄-၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရလိုက်တာကြောင့် မြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကို ပြိုင်ဘက် အသင်းတွေကပါ ချီးကျူး ကုန်ကြတာပေါ့။

ပြည်တွင်းမှာတော့ မြန်မာနေရှင်နယ်လိဂ် ၂၀၁၁ ရာသီရဲ့ နောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက် အသင်းက ဧရာဝတီယူနိုက်တက် အသင်းကို အကျိတ် အနယ် ယှဉ်ပြိုင် အနိုင်ယူပြီး ချန်ပီယံဆု ရယူ သွားပါတယ်။

MFF ဖလားရှုံးထွက် ပွဲစဉ်မှာလည်း ရန်ကုန်ယူနိုက်တက်အသင်းက ဗိုလ်လုပွဲမှာ နေပြည်တော်အသင်းကို ဂိုးပြတ်သွင်းပြီး ဒီနှစ်အတွက် ဒုတိယဖလားကို အပိုင် သိမ်းလိုက်ပါတယ်။

ဘောလုံး လောကထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေသလို တခြား အားကစားတွေကလည်း နိုဝင်ဘာလ အင်ဒိုနီးရှားမှာ ကျင်းပတဲ့ (၂၆)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အပြင်းအထန် ပြင်ဆင်နေတဲ့ အခိုက်အတန့်ပါ။

ဆုရဖို့ နီးစပ်တဲ့ အားကစားအဖွဲ့တွေက ဒီနှစ်မှာလည်း အောင်မြင်မှုတွေ တသီကြီး ဆွတ်ခူးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အားကစား တော်တော်များများ အတွက်တော့ ဒီနှစ်ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်တာက ကျွန်တော်တို့ ရေမြေမှာ ကျင်းပမယ့် ၂၀၁၃ ဆီးဂိမ်းအတွက် ပြင်ဆင်မှု အခန်းကဏ္ဍ တစ်ခုပါပဲ။

ဒီနှစ်ဆီးဂိမ်းကို သွားလိုက်ရတဲ့အတွက် အားကစား အဖွဲ့တွေ အတွေ့ အကြုံ တော်တော်များများ ရလိုက်ပါတယ်။

ဒါပေမယ့် ပိုက်ကျော်ခြင်းအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကျော်ဇင်မိုး ကြုံတွေ့ခဲ့တာကတော့ ရွှေနှစ်ခု ဆွတ်ခူရမယ့်အစား ဒိုင်လူကြီးတွေ ညစ်လုံးထုတ်လို့ ရွှေတစ်ခုတည်းယူပြီး စုတ်တသပ်သပ်နဲ့ ပြန်လာခဲ့ ရတယ်။

အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ဗိုလ်လုပွဲမှာ အိမ်ရှင်အင်ဒိုနီးရှားကို အရှုံးပေးလိုက်ရတဲ့ ပွဲမှာ စင်ကာပူ၊ မလေးရှား ဒိုင်နှစ်ယောက်နဲ့၊ ဘရူနိုင်း၊ လာအို စည်းကြပ်ဒိုင်တို့က ပွဲစဉ်တစ်လျှောက်လုံး ပြောင်ပြောင်တင်းတင်း ဘက်လိုက်ခဲ့တာပါ။

ဦးကျော်ဇင်မိုးက ကွင်းထဲဆင်းပြီး 'မင်းတို့လွန်တာ ခြောက်မှတ်ထိ ရှိနေပြီနော်'ဆိုတဲ့သဘောနဲ့ လက်ခြောက်ချောင်း ထောင်ပြပြီး ဒိုင်လူကြီးတွေကို သတိပေးရတဲ့အထိပါ။

အဲဒီပွဲမှာ မြန်မာကစားသမားတွေ စိတ်မထိန်းနိုင်တဲ့အဆင့် ရောက်ပြီး ပွဲရပ်တဲ့အထိ ဖြစ်သွားလို့ နည်းပြ၊ အုပ်ချုပ်သူတွေက အားကစား သမား ပီသအောင် ဆက်လက်ကစားဖို့ တိုက်တွန်းလို့ အင်ဒိုနီးရှားတွေ သက်သာရသွားပါတယ်။

အဲဒီလို အရှုပ်အရှင်း၊ အခက်အခဲတွေကြားမှာ ရုန်းကန်ရင်း မြန်မာ့ အားကစားဟာ နိုင်ငံအတွက် ရွှေ ၁၆၊ ငွေ ၂၇၊ ကြေး ၃၇ ရယူပေးခဲ့ပါတယ်။

နိုင်ငံအလိုက် ရပ်တည်မှုမှာ နံပါတ်(၇) နေရာမှာသာ ရှိနေပေမယ့် အထောက်အပံ့တွေ အင်မတန် ချို့တဲ့ခဲ့တဲ့ ကျွန်တော်တို့ အားကစား သမားတွေရဲ့ ဘ၀နဲ့ အားထုတ်မှုဟာ ကျွန်တော်တို့ အတွက် အဖိုးမဖြတ်နိုင်ပါဘူး။

ချီးမွန်းစရာ အလွန်ကောင်းပါတယ်။ သူတို့တွေ အောင်မြင်မှု ရရှိတဲ့အခါမှာလည်း ကျွန်တော်တို့တစ်တွေပဲ ချီးမွမ်းအားပေးရမှာပါ။ နည်းတဲ့ အောင်မြင်မှု မဟုတ်ပါဘူး။

ရွှေ ၁၀ ခု ဆွတ်ခူးပေးခဲ့တဲ့ မြန်မာ့ လှေလှော်အဖွဲ့က နဂါးလှေနည်းပြ ဦးဖေ၀င်းဆို ထိုင်း၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့က သူတို့အသင်းကို နည်းပြပေးဖို့ ချဉ်းကပ် ခေါ်ယူခံရတဲ့ အထိပါ။ ကျွန်တော်တို့ဆီက ပညာရှင်တွေကို နိုင်ငံခြားက သဘောကျလို့ ငှားရမ်းသလို ကျွန်တော်တို့ အားကစား အဖွဲ့တွေကလည်း နိုင်ငံခြား ပညာရှင်တွေ အသုံးပြုလာတာ တွေ့ရပါတယ်။

အားကစားအဖွဲ့ချုပ် တော်တော်များများက ကျွမ်းကျင်တဲ့ နိုင်ငံခြားသား နည်းပြတွေကို စာချုပ်နဲ့ ငှားရမ်းလာလို့လည်း ကျွန်တော်တို့ အားကစားသမားတွေ နည်းစနစ် ကောင်းတွေ ရရှိပြီး ထူးချွန်လာတာပါ။

တိုင်းပြည်က ပိုပြီး ပွင့်လာတာနဲ့အမျှ၊ မြန်မာနဲ့ နိုင်ငံခြားသား တွေဟာ တစ်ဦးကိုတစ်ဦး အသိအမှတ် ပြုပြီး ပညာတွေ နည်းနာတွေ နှီးနှောဖလှယ် လာကြတာ တွေကို အခန်းကဏ္ဍ တော်တော်များများမှာ တွေ့လာရပါပြီ။

ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ မြန်မာ့အားကစား တိုးတက်ရုံမကပဲ၊ မြန်မာ့ရိုးရာ အားကစားတွေကိုပါ ကမ္ဘာက လိုက်တု လိုက်ကစားလာမယ့် သဘောရှိပါတယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>