“ဖော်မြူလာတွေ ရောင်းချနေတယ်…”
“ဖော်မြူလာတွေရမယ်… ဖော်မြူလာတွေ ရမယ်…”
“ဒီမယ်ကိုယ့်လူ… နေစမ်းပါဦးဗျ… ခင်ဗျားက ဖော်မြူလာတွေ တဖောင်ဖောင်နဲ့ အသံအိုးကွဲမတတ် အော်ဟစ်ရောင်းချနေလိုက်တာ… ကျူပ်တောင် အလကားနေ အလကား စိတ်ဝင်စားလာမိတယ်…”
“ဟား… ဟား… ဟား… ဖြစ်ရမယ်ကိုယ့်လူ… ကျုပ်နာမည်ကိုက ခင်ဗျားပြောသလိုပဲ… တဖောင်ဖောင်နဲ့ အသံအိုးကွဲနေတဲ့ ဖောင်အိုး ဖိုးအောင်ဗျ…”
“သြော် ဂလိုလား… ခင်ဗျားက ကိုဖောင်အိုးဆိုတဲ့ ကိုဖိုးအောင်ပဲကိုဗျ…”
“ဟုတ်ပြန်ပေရောလားဗျာ…”
“ဒါနဲ့ နေပါဦးဗျာ… ကျုပ်တစ်သက်နဲ့ တစ်ကိုယ်မှာ ခင်ဗျားလို ဖော်မြူလာတွေကို ဖောကျင်းသောကျင်း ရောင်းချနေတာ တစ်ယောက်မှ တွေ့ခဲ့ဖူးတာမဟုတ်ဘူး… ဒါ ပထမဦးဆုံးပဲဗျ…”
“အို… ဖြစ်ရမယ်လေ… ဖိုးအောင်နဲ့တွေ့ရင် ပထမဦးဆုံးကို ဖြစ်သွားစေရမယ်… ဖိုးအောင်ဆိုတဲ့ကောင်က သူ့ဘ၀ကို ပျိုးထောင်ခဲ့ပါပြီဆိုကတည်းက ဖော်မြူလာတွေနဲ့ ပထမဦးဆုံးမွေးဖွားခဲ့တဲ့ကောင်…”
“တယ်လည်းဆိုတဲ့ စာပဲကိုဗျ… ဆက်စမ်းပါဦးဗျာ…”
“ဟဲ ဟဲ ဟဲ… ဗြဲခနဲ ငိုချလိုက်တယ်ဗျာ… အမေမွေးမွေးချင်း…”
“အားရှားပါး… လေးစားသွားပြီ ကိုဖိုးအောင်…”
“လေးစားရမယ်လေဗျာ… ဖော်မြူလာတွေ ရောင်းချနေပါတယ်… အဘိုးအခ မယူပါဘူး…”
“တယ်လည်း လေးစားမိပါတယ်ဗျာ… ရောင်းစမ်းပါဦးတော့…”
“ဒီလိုရှိတယ်ဗျ… ဖော်မြူလာဆိုတာ အလွယ်ကလေးနဲ့တွေ့တာ… စောစောကပြောသလို ဗြဲခနဲ ငိုချလိုက်ရုံပဲ… ဟဲ ဟဲ… လောကကြီးထဲကို ရောက်ပြီလေ… ဒါဖော်မြူလာပဲဗျ…”
“အားရှားပါး… လန်ထွက်နေတာပါလား ကိုဖိုးအောင်ရယ်…”
“လန်ထွက်ရမယ်လေ… လန်ပြီးတော့ကို ထွက်နေရမယ်… တစ်ချို့လန်မထွက်တဲ့လူတွေက တစ်ထဲက တစ်နှုတ်ရင် သုညရတာကို ဘ၀လို့ထင်နေကြတာဗျ… ကျုပ်ဖော်မြူလာကတော့ မနှုတ်ဘူး… ကျုပ်ရည်းစားဦးနဲ့ ကျုပ်ဆို နှုတ်မနေကြတော့ဘဲ လမ်းခွဲလိုက်ကြတယ်လေ… ဖော်မြူလာလေဗျာ… ဒါမှ ညီမျှခြင်းရဲ့ တစ်ဘက်ဆီမှာ သူရောကိုယ်ပါ အတူရှိနေခွင့်တွေကို ပိုင်ဆိုင်နိုင်တဲ့ ဖော်မြူလာဗျ…”
“အားရှားပါး… လိုက်မမှီဘူးဗျာ…”
“ဒါက ဒီလိုရှိတယ်ဗျ… ဥပမာ သူနဲ့ကျုပ်ပေါင်းလိုက်ရင် တစ်နဲ့တစ်ပေါင်းသလို နှစ်ဖြစ်သွားမယ်လေ… ကျုပ်က နှစ်မဖြစ်ချင်ဘူး… သူနဲ့ကျုပ်ညားရင် တစ်ပဲဖြစ်လိုက်ချင်တာ… ဘယ်ဘက်ကကြည့်ကြည့် တစ်ဖြစ်နေချင်တာလေ… ဒီတော့ နှုတ်လည်းမနှုတ်ဘူး… ပေါင်းလည်းမပေါင်းဘူး… လမ်းခွဲလိုက်တယ်ဗျာ… ဟဲ ဟဲ… ဖော်မြူလာဗျ… ဖော်မြူလာ…”
“အားရှားပါး… တကယ်ကို မိုက်တယ်ဗျာ… အဲ့ဒါတွေကို ကြိုက်တာ…”
“မိုက်ရမယ်လေဗျာ… မိုက်ရမယ်ဗျ… ဖိုးအောင်ရဲ့ဘ၀မှာ နယူတန်မလိုဘူး… အိုင်စတိုင်းမလိုဘူး… အာခီမိဒိလို ပစ္စည်းနဲ့ အလေးချိန်တူညီတဲ့ ရေတွေလည်း လျှံကျလာဖို့မလိုဘူး…”
“အိုးလေးလေး… ကြိုက်တယ်ဗျာ… ကြိုက်တယ် ကိုဖိုးအောင်ရာ…”
“ကြိုက်တယ်မလုပ်ပါနဲ့… ခင်ဗျား ဟိုနားနည်းနည်း တိုးစမ်းပါဦး…”
“ကဲ… တိုးလိုက်ပါပြီတဲ့ဗျား…”
“ဟော… အခုဆို ခင်ဗျား ရှေ့ကိုတစ်လှမ်းရွေ့သွားပြီ မဟုတ်လား… ဒါဖော်မြူလာပဲဗျ…”
“အားရှားပါး… ရေရေလည်လည်မိပြန်ပါရောလားဗျာ…”
“မိရမယ်ဗျ… မိကို မိနေရမယ်… ဖော်မြူလာလေဗျာ… ဖော်မြူလာ… ကျုပ်ဆိုတဲ့ ဖိုးအောင်က ဟိုးငယ်ငယ်ကျောင်းတက်ကတည်းက ဖော်မြူလာကိုပဲ ရောင်းစားနေတဲ့ကောင်ဗျ… အဘိုးအခ မယူပါဘူး…”
“ဆက်စမ်းပါဦးဗျာ… တကယ်ကို မနေနိုင်အောင် ကြားချင်လွန်းလို့ပါ…”
“ဆက်ရမယ်လေ ဆက်ရမယ်… ပြတ်သွားရင်တော့ ဆက်ကိုဆက်ရမယ်… ဒါလည်း ဖော်မြူလာပဲ… တစ်ချို့က သီချင်းလုပ်ဆိုကြတယ်ဗျာ… ၀လုံးလေးမှ ၀ိုင်းအောင်မရေးနိုင်ခင်တဲ့… ဟား… ဟား… ဟား… ကျုပ်ကတော့ ဟားမိတာအမှန်ပဲ… ၀လုံးကလေးကို ၀ိုင်းအောင်မရေးခင် ကျုပ်ဆိုတဲ့ဖိုးအောင်က သုညကလေးကို ၀ိုင်းအောင်ရေးကြည့်နေမိတဲ့ကောင်…”
“ကြိုက်တယ်ဗျာ… ရေရေလည်လည်ကြီးကို ကြိုက်တယ်…”
“ကြိုက်ရမယ်လေဗျာ… မကြိုက်လို့မရဘူးဗျ… “က” ကြီးနဲ့ “ယ” ပက်လက်လို ဘယ်ဘက်က ကြည့်ကြည့်မှန်နေတာမျိုးကိုမှ ကျုပ်ကလည်းကြိုက်တာဗျ… ဟိုတလောလေးက ကျုပ်ဆီက ကဗျာရေးနည်းတွေ လာလာသင်နေတဲ့ ကောင်လေးက ကျုပ်ကိုပြောတယ်…”
“အားရှားပါး… ကဗျာဖော်မြူလာတွေလည်း ရှိပြန်တာပဲပေါ့လေ…”
“ရှိတယ်လေ… အဘိုးအခမယူပါဘူး… ရှိတာမှ အပြည့်… ဟောဒီရင်ဘတ်နဲ့အပြည့်ဗျ…”
“လုပ်စမ်းပါဦး ကိုဖိုးအောင်ရာ… ကျုပ်လည်း အတုခိုးချင်လွန်းလို့…”
“မခက်ပါဘူး… လွယ်ပါတယ်… ဖော်မြူလာရှိရင်ဖြစ်ပါတယ်… ကောင်လေးကပြောတယ်… သူ့ကဗျာတွေ အရမ်းအစွမ်းထက်ထက်လာပြီတဲ့…”
“အားရှားပါး… အစွမ်းထက်တဲ့ အဆင့်ထိကို ရောက်သွားတယ်…”
“ရောက်ရမယ်လေ… သူကဗျာရေးနည်းသင်တန်းစလာတက်တဲ့နေ့မှာပဲ ကျုပ်ငယ်ငယ်က ကျောင်းစာအုပ်ထဲက စာရွက်အလွတ်တစ်ခုကို စုတ်ဖြဲပြီး သူ့ကိုပေးလိုက်တယ်…”
“အိုးလေးလေး… ကဗျာရေးနည်းတွေပေါ့လေ…”
“ဒါပေါ့ဗျ… သူကြိုက်တာကိုရေး… ခဲတံနဲ့မရေးနဲ့… စိတ်ကူးနဲ့ရေး… ဒါဟာ ကဗျာရေးနည်းဖြစ်တယ်လို့ပဲ သူ့ကိုပြောလိုက်တယ်… ပြီးတော့ အဲ့ဒီ စာရွက်အလွတ်တစ်ခုနဲ့ပဲ သူကျုပ်ဆီ ပြန်လာပြီး ကဗျာတွေရွတ်ပြတယ်… သူ့ရည်းစားနဲ့ကွဲကြည့်လိုက်တာ အဲ့ဒီစာရွက်ပေါ်မှာ ကဗျာတွေကို ပြည့်နှက်သွားတယ်ဆိုပဲ…”
“အားရှားပါး… ရေရေလည်လည်ကို လိုက်မမှီဘူးဗျာ…”
“ဟုတ်တယ်ဗျ… ဖော်မြူလာ… ဘာမှ မရှိတာကိုက ဖော်မြူလာဗျ…”
“အားရှားပါး… ကိုဖိုးအောင်ပြောသလို ဘာမှကို မရှိချင်တော့ဘူးဗျာ… ဆက်လုပ်စမ်းပါဦး ကိုဖိုးအောင်ရာ…”
“ကိုယ့်လူရေ… ဟိုမှာ ကျုပ်မိန်းမ တုတ်နဲ့လိုက်လာတာတွေ့တယ်ဗျ… ပြန်ကြစို့ရဲ့…”
“အားရှားပါး…”
လေးစားစွာဖြင့်…
ဖိုးအောင်(နည်းပညာ)