“Commonwealth of Learning”
(သို့) သင့်အတွက် နမူနာ...
မြန်မာတို့သည် တော်၏…ထက်၏… သို့သော် ညံ့၏… အဘယ့်ကြောင့် တော်၍ထက်ကာ ညံ့ရပါသနည်း… ဤမေးခွန်းအား မိမိကိုယ်တိုင်သို့လည်း အကြိမ်ကြိမ်ပြန်မေးခဲ့ဖူး၏… ထို့အတူ စူးစမ်း၏… လေ့လာ၏…မှတ်သား၏… သို့သော် တန်ဖိုးမထား… အဘယ့်ကြောင့်ဆိုသော် တန်ဖိုးဟူသည်ကို နားမလည်သောကြောင့်ဖြစ်၏… ထို့ပြင် ယှဉ်ပြိုင်၏… ကျော်တက်၏… ကျရှုံး၏… အဘယ့်ကြောင့်ဟူသော် စစ်မှန်သော ယှဉ်ပြိုင်ခြင်း၏ သဘောသဘာဝကို ခရေစေ့တွင်းကျ မစူးစမ်းမလေ့လာဖူးသောကြောင့်ဖြစ်၏… ထို့ထက်ပို၍ပိုကာ အတန်းအောင်၏… ကျောင်းပြီး၏… ဘွဲ့ရ၏… သင်တန်းမျိုးစုံပြေး၍တက်ကာ လက်မှတ်မျိုးစုံယူလိုက်သေး၏… သို့သော် အလုပ်မရှိ… အဘယ့်ကြောင့်ဆိုသော် မိမိသည် မည်သည့်နေရာ မည်သည့်အလုပ်မျိုး၌ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း မိမိကိုယ်မိမိ မသိခြင်းကြောင့်ဖြစ်၏…
ဆက်လက်၍ ဆိုရသော် မိမိတို့ကျောင်းမှ စာအုပ်များအား စာမေးပွဲပြီးကြသည့်နေ့မှစ၍ တွေ့ကရာသို့ပုံ၍ထပ်ကာ တစ်ပါးသူသို့လည်းပေး၏… အထမ်းသမားဆီသို့လည်း ရောင်း၏… ရံဖန်ရံခါ မီးထဲသို့ပါထည့်၏… မိမိတို့ သင်ခဲ့ဖူးသော စာပေများကို ပြန်လည်တွက်ချက် ကျက်မှတ်ကြည့်သူ (သို့) သေချာစွာ ပြန်လည်သုံးသပ်သူမှာ မရှိသလောက်ရှား၏… ကုန်ကုန်ပြောမည်ဆိုပါက ရှိများပင်မရှိ… အဘယ့်ကြောင့်ဆိုသော် စာပေတတ်မြောက်ခြင်းထက် အတန်းအောင်မြင်ခြင်းကသာလျှင် အခယာကျသည်ဟူသော မှားယွင်းသည့်အတွေးအခေါ်နှင့် အရိုးစွဲလာခဲ့သောကြောင့်ဖြစ်သည်… ဤသို့ဖြင့် အရွယ်ရောက်၍ လုပ်ငန်းခွင်သို့ ၀င်ကြသောအခါ၌ တော်၍ ထက်ကာ ညံ့သော ပုဂ္ဂိုလ်များဖြစ်လာရပေတော့သည်…
သို့ဖြစ်၍ ဤသည်ကို မကျေနပ်ကာ အနေအထိုင်မတတ်စွာဖြင့် “Commonwealth of Learning” ဟူသော ဤဆောင်းပါးဖြင့် ယနေ့မိတ်ဆက်လိုက်ခြင်းဖြစ်သည်… အဘယ့်ကြောင့် ဤဆောင်းပါးရေးဖြစ်ခဲ့ပါသနည်းဟု ဆိုလျှင် ကျွန်ုပ်၌ ဖြေစရာ တစ်ခုတည်းသာရှိပါသည်… ဤသည်မှာ အခြားမဟုတ်… မျိုးဆက်သစ် မြန်မာလူငယ်တို့အား စာပေတတ်မြောက်သည့် လူတစ်စု ဖြစ်စေလိုသောကြောင့်ပင်တည်း…
“တော်၍ ထက်ကာ ညံ့သော ပုဂ္ဂိုလ်များ…” ဟု ဖော်ပြခဲ့ပါသဖြင့် စာဖတ်သူ နားရှုပ်နိုင်ပေလိမ့်မည်… တော်သည် ဟူသည်မှာ လုပ်တာကိုင်တာတော်သည်… သေသပ်သည်… ကျနသည်… တိကျသည်ဟု အကြမ်းဖျဉ်းအားဖြင့် သိနိုင်သည်… ထက်သည်ဟူသည်မှာ မှတ်သားနိုင်စွမ်းအားကောင်းသည်… အလွယ်တကူ မှတ်ယူနိုင်သည်… သူများမမြင်နိုင်သည်ကို မိမိက ဖောက်ထွက်၍ မြင်တတ်သည်… တွေးတောတတ်သည်ဟု အကြမ်းဖျဉ်းဆိုနိုင်ပြန်သည်… သို့ဆိုပါလျှင် အဘယ့်ကြောင့် ညံ့သောပုဂ္ဂိုလ်များဟု တင်စားခံရပါသနည်း… ဤအချက်မှာ ဤဆောင်းပါးတစ်ခုလုံးအား မီးမောင်းထိုးပြစေမည့် ဇာတ်ခုံထောင့်တစ်နေရာသာ ဖြစ်တော့သည်…
စာရှုသူ ကျေးဇူးပြု၍ မျက်တောင်မခတ်လိုက်ပါနှင့်… သင့်အားမေးခွန်းတစ်ခုမျှ မေးခွင့်ပြုပါ…
“အဘယ့်ကြောင့် သင် ညံ့ရပါသနည်း…”
သင့်အား လူညံ့ဟု ပြောမိပါသဖြင့် ပထမဦးစွာ ကျွန်ုပ်အား သင်ဒေါသထွက်ပေလိမ့်မည်… အကယ်၍ နီးကပ်နေပါက ကျွန်ုပ်အား ဆွဲမျှပင် ထိုးပေလိမ့်မည်… အဘယ့်ကြောင့် သင်ဤသို့ဖြစ်ရပါသနည်း…
(က) သင်သည် အလကားနေရင်း ဒေါသထွက်တတ်သူဖြစ်သည်။
(ခ) သင်သည် သင့်အား ညံ့သည်ဟု စေတနာရှေ့ထားပြောသူများကို မလိုလား။
(ဂ) သင်သည် သင့်အား လူတော် လူတတ်ကြီးဟု မြှောက်ပင့်ပြောဆိုသူများကိုသာ လိုလားသည်။
(ဃ) သင်တော်သည် ညံ့သည်ကိုလည်း သင်ကိုယ်တိုင်ပင် သေချာစွာမသိ။
(င) အဘယ့်ကြောင့် သင့်အား ညံ့သည်ဟု ပြောခံရသည်ကိုလည်း သင်မသုံးသပ်။
(စ) သင်သည် မိမိကိုယ်မိမိ မည့်သည့်နေရာ၌ တော်နေသည်ကိုလည်း သတိမထားမိသူဖြစ်သည်။
(ဆ) သင့်အား အဘယ့်ကြောင့် လူညံ့ဟု ပြောသည်ကို စိတ်ရှည်လက်ရှည် ပြန်လည်မေးခွန်းထုတ်လေ့မရှိ။
(ဈ) သင်သည် သင်၏ မာနကို ရှေ့တန်းတင်ကာ တယူသန်တော်နေသူ တစ်ဦးသာဖြစ်သည်။
(ည) သင်သည် တဘက်လူထံမှ ရှင်းလင်းချက်ကို စောင့်မျှော်တတ်ခြင်းမရှိဘဲ မိမိထင်ရာများကိုသာ တုန့်ပြန်ပြောဆိုကာ ဇွတ်တရွတ်လုပ်တတ်သူဖြစ်သည်။
(ဋ)သင်သည် အဘယ့်ကြောင့် မိမိအား ဤသို့ပြောဆိုခံရသည်နှင့် အဘယ်သို့ဖြစ်ကာ မိမိက ဤသို့တုန့်ပြန်ပြောဆိုခဲ့မိသည်ကို သေချာစွာအဖြေရရန် သွေးအေးသည့်အခါ၌လည်း ပြန်လည်သုံးသပ်ခြင်းမရှိသူဖြစ်သည်။
ယခုပင်လျှင် “ဋ” သို့ရောက်ခဲ့သော်လည်း ကျွန်ုပ်တမင်ချန်ထား မရေးဖြစ်ခဲ့သော “ဇ” တစ်ခုအား သင်သေချာစွာ ဖတ်ရှုသုံးသပ်မိလိမ့်မည် မဟုတ်ပေ… သို့ဆိုပါလျှင် အရာအားလုံးကို အကျဉ်းချုပ်ရသော် မြန်မာတို့၏ လစ်ဟာနေသော ကွက်လပ်မှာ တစ်ကွက်တည်းမျှသာဖြစ်သည်… ထိုတစ်ကွက်တည်းဟူသောအရာမှာ မြန်မာတို့သည် ရှေ့သို့သာအာရုံစူးစိုက်၍ နောက်ကွယ်မှ မလုံခဲ့သော အရာကို “ပြန်လည်သုံးသပ်မှု မရှိခြင်း…” သာဖြစ်တော့သည်…
“သင် အဘယ့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မဲထည့်ရပါသနည်း…”
“ဒါတော့ ဘယ်သိမှာလဲနော်… သူများထည့်တော့ ကိုယ်လည်းထည့်ရတာပေါ့…”
ဤအချက်ကလေးအား သုံးသပ်ကြည့်ပေးစေလိုပါသည်… မည်သည့်အရာတို့မှားကာ မည်သည့်အရာတို့ မှန်ခဲ့ကြပါသနည်း…
“သင့်ရှေ့၌ ပန်းသီးတစ်လုံးကြွေကျလာပါက သင်ဘာလုပ်လိုက်မည်နည်း…”
“ပန်းသီးပင်အောက်သို့ သူများထက်ဦးအောင်ပြေးကာ ကောက်စားလိုက်မိပေလိမ့်မည်…”
ဤအဖြေကို ဖြေသောကြောင့် ထိုသူအား ငတ်ကြီးကျသူဟု ပြောရန်သည်ပင် အင်မတန်ခက်ခဲလှသည်… သို့သော် ထိုသူ၏ အဖြေသည် လူသားတို့အား ဆွဲအားကို ပေးစွမ်းသည့် ကမ္ဘာကြီး၏ ကျေးဇူးတရားတို့ကို ရက်ရက်စက်စက် ကန်းပြစ်လိုက်ရာရောက်တော့သည်… ဤသို့ဖြေမိခဲ့ခြင်းတစ်ခုအတွက် ကျွန်ုပ်တို့ ရှက်တတ်နိုင်ကြပါစေ… ထို့ပြင် တက္ကသိုလ်၌ အရိုးစွဲနေသော ဟာသကလေးရှိပြန်သေးသည်…
“You နဲ့ I နဲ့ Money စပ်ပြီး မုန့်ဟင်းခါးသွား Eat ရအောင်…”
ဤသို့ပြောလိုက်ရုံကလေးမျှဖြင့်ပင် ၁၀ နှစ်တာကာလပတ်လုံး မိမိတို့အား ပညာသင်ပေးခဲ့ကြသော ဆရာ ဆရာမတို့၏ ရင်ဘတ်အား ခြေဖြင့်ဆောင့်ကန်သလိုသာရှိတော့သည်…
“Die Flower Open Go!”
သေပန်းပွင့်သွားမယ်ဟု အဓိပ္ပါယ်ရ၏… ဤအဓိပ္ပါယ်အား မည်သည့် က၀ိစာဆိုတို့မှ ဖော်ကျူးခဲ့သည်ဟု အတိအကျ မသိရပါသော်လည်း တက္ကသိုလ် ပရ၀ုဏ်တစ်ဝိုက်၌ ရေပန်းစားလွန်းလှပြန်တော့သည်…
“Open the ဒလဟော…”
သူငယ်ချင်းတစ်ယောက် ၀မ်းလျှောနေသည့်အခါ ကျွန်ုပ်တို့ ပြောတတ်ခဲ့ကြပါသည်… မည်သူ ၀မ်းလျှောသည်ဖြစ်စေ ဤသို့သာ သုံးနှုန်းပြောဆိုတတ်ခဲ့ကြပြီး ၀မ်းလျှောသည်ဟူသော ဝေါဟာရ တစ်ခု၏ စစ်မှန်သော စကားလုံးကိုမူ ရှာဖွေရန် သတိမထားတတ်ခဲ့ကြပေ… ဤသို့သော တောင်တောင်အီအီ ပီတိကလေးများဖြင့်သာ တက္ကသိုလ်ပရ၀ုဏ်၏ ဂုဏ်ကို ရောင်စုံထွန်းညှိခဲ့ကြပြီး ကျွန်ုပ်တို့ ကျောင်းပြီးခဲ့ကြပါတော့သည်… သို့ဖြစ်၍ ကျွန်ုပ်တို့ကျောင်းပြီးခဲ့ခြင်းမှာ ကျောင်းပြီးခဲ့ခြင်းသာ ဖြစ်တော့သည်…
ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်ုပ်ဖတ်လိုက်ရသော သူငယ်ချင်းတစ်ယောက်၏ ကဗျာမှ စာပိုဒ်ကလေးတစ်ချို့ကို ထုတ်နုတ်တင်ပြလိုပါသေးသည်… ကဗျာကလေး၏ ခေါင်းစဉ်မှာ “အိမ်မက်…” ဖြစ်သည်… ကလောင်ရှင်အား ဤနေရာမှ ခွင့်တောင်းကာ တင်ပြခွင့်ပြုပါတော့အံ့… အဆိုပါ သူငယ်ချင်း၏ ကဗျာမူရင်းအတိုင်း ကူးယူဖော်ပြရမည်ဆိုပါက အောက်ပါအတိုင်းဖြစ်သည်…
ဟိတ်....
တို့တြွေ့ပန်ဆုံကြပြန်ပြီ....
မခွဲနိုင်လို့
မင်းအနားကို
မရောက်ရောက်အောင်လာခဲ့တာပါ....
မင်းလက်ခံနိုင်တယ်ဆို
ငါ့ရင်ခွင်ထဲခိုဝင်လိုက်ပါ......
မမှီမကမ်း
လက်ကမ်းမိလား.....
ဝေေ၀၀ါးဝါး
ခွဲမရသေးခင်
ကြောက်အားလန့်အား
ဖမ်းစုပ်လိုက်တယ်....
ခပ်ပါးပါးစောင်
အတွေးတွေးတွင်သာ
ရှိခဲ့တယ်ကွယ်.......
ကျွန်ုပ်၌ အကျင့်တစ်ခုရှိပါသည်… မည်သည့်စာပေကိုမဆို ကလောင်ရှင်အား လေးစားသမှုဖြင့် သေချာစွာ ဖတ်တတ်သော အကျင့်ဖြစ်သည်… ထို့အတူ အဆိုပါ ကလောင်ရှင် သူငယ်ချင်း၏ ကဗျာစာသားလေးကို တလေးတစားဖတ်မိပါသည်… အစ ပထမ၌ အရေးအသားနှင့် အတွေးအခေါ်လေးပါ ကောင်းသော ကဗျာလေးဟု မှတ်ချက်ပေးမိပါသည်… သို့ဖြစ်၍ ဒုတိယ တစ်ကြိမ်ပြန်ဖတ်မိပါသည်… ထိုနည်းတူပင်… ရသမြောက်သော အချစ်ကဗျာလေးကို ဖွဲ့ဆိုထားသည်ဟု မှတ်ချက်ပေးမိပြန်ပါသည်… ဤသို့ဖြင့် နောက်ဆုံးတစ်ခေါက်ဖတ်မိချိန်၌ ကျွန်ုပ်ကိုယ်ကျွန်ုပ် တည်းခိုခန်းကြီးတစ်ခု အတွင်းသို့ ရောက်သွားသလို ခံစားရကာ တစ်ကိုယ်လုံးပါ ယားကျိကျိဖြစ်လာခဲ့ရတော့သည်… အဘယ်အချက်ကြောင့်ပါနည်း… စာရှုသူ မရှင်းလင်းလိုက်ပါက အထက်သို့တက်၍ သေချာစွာ ပြန်လည်ဖတ်စေလိုပါသည်…
ပွင့်ပွင့်လင်းလင်းဆိုရသော် ကလောင်ရှင် သူငယ်ချင်း၌ ထက်မြက်သော အတွေးအခေါ်ရှိပါသည်… ထို့ပြင် ဖွဲ့ဆိုနိုင်စွမ်းအားရှိသော ကလောင်ရှင်တစ်ဦးဟုလည်း ချီးမွမ်းလိုပါသည်… ဤသို့ဆိုပါလျှင် အဘယ်ကြောင့် ကလောင်ရှင်ရေးသားတင်ပြလိုသော အချစ်ကဗျာသည် တဏှာရသကို ဖော်ကျူးသော ကဗျာဖြစ်ခဲ့ရသနည်း… ကျွန်ုပ်၏ အမြင်ကို တင်ပြရသည်ရှိသော် ကလောင်ရှင် သူငယ်ချင်းမှာ မိမိရေးသားခဲ့သော ကဗျာကလေးအား သေချာစွာ ပြန်လည်သုံးသပ်ကြည့်ခြင်း ရှိခဲ့လိမ့်မည် မဟုတ်ဟု ထင်မြင်မိပါသည်… သို့ဖြစ်၍ သူငယ်ချင်း၏ ကဗျာကလေးမှာ ကောင်းပါလျှက်နှင့် ပျက်စီးကာ ရသ ပျောက်ခဲ့ရခြင်းဖြစ်သည်…
ဤသို့ဆိုပါမူ မမှားသောသူ ရှိပါမည်လောဟု စောဒက တက်စရာရှိပေသည်… မှန်ပါသည်… လူတိုင်း၌ အမှားနှင့် ကင်းကြလိမ့်မည် မဟုတ်ပေ… သို့သော် မိမိမှားလိုက်သော အမှားသည် ခွင့်လွှတ်နိုင်စရာ (သို့) ဖြည့်စွက်တွေးတောပေးနိုင်စရာ အမှားမျိုးဖြစ်လျှင် ပို၍ ကောင်းမွန်ပေလိမ့်မည်… ယခု ကလောင်ရှင် သူငယ်ချင်းမှားသော အမှားမှာ မိန်းကလေးတစ်ယောက်ဖြစ်သော မိမိ၏ အရှက်နှင့် ဂုဏ်သိက္ခာကိုပါ ထိခိုက်သွားစေနိုင်သော အမှားမျိုးသာဖြစ်တော့သည်… အကယ်၍ ကျွန်ုပ်က ကလောင်ရှင် သူငယ်ချင်း၏ စာမူ၌ “သင်မည်သို့ဖမ်းကာ စုပ်ခဲ့ပါသနည်း…” ဟု မေးသော မှတ်ချက်မျိုးပေးမိခဲ့ပါလျှင် ကျွန်ုပ်သာလျှင် လူယုတ်မာ တစ်ယောက်ဖြစ်ပေတော့မည်… ဤအချက်တို့ကို ထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်မီးမောင်းထိုးပြလိုသော “Commonwealth of Learning” ၏ စေတနာကို စာရှုသူတို့ နားလည်နိုင်ကြပေလိမ့်မည်…
တစ်ဖန်ဆက်လက်၍ ကျွန်ုပ်၏ အစ်ကိုဝမ်းကွဲတော်စပ်သူတစ်ယောက်အကြောင်း ဖောက်သည်ချလိုပါသေးသည်… ထိုသူမှာ မောင်ဇော်ဖြစ်သည်… မောင်ဇော်အား သူ၏မိခင်မှ ကျောင်း၌ သင်ယူခဲ့ရသည်များကို မေးမြန်းသည်…
“မောင်ဇော်ရေ… ငါ့သားတို့ကျောင်းက ဘာတွေသင်တုန်း အမေ့ပြောပြစမ်းပါဦး…”
“ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်သည်…”
“သြော်… ကောင်းလှပါလား ငါ့သားရယ်… အဲ့ဒါကို မှတ်ထားကြားလား…”
“ဟုတ်ကဲ့…အမေ…”
သို့နှင့်ပင် ညစဉ်မိုးချုပ်ချိန်ရောက်လာတတ်တိုင်း မိခင်ဖြစ်သူမှ အဆိုပါ မောင်ဇော်အား စာကျက်ရန်နှိုးဆော်လေ့ရှိသည်… မောင်ဇော်မှလည်း ဓာတ်ပြားဟောင်းကိုသာ ထုတ်၍ဖွင့်လေ့ရှိသည်…
“မိုးချုပ်ပြီ မောင်ဇော်ရေ… ဖယောင်းတိုင်ထွန်း စာကျက်တော့နော်…”
“ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်သည်…”
ဤသို့ဖြင့် စာမေးပွဲဖြေရာမှ ပြန်လာသော မောင်ဇော်အား မိခင်ဖြစ်သူမှ အားရ၀မ်းသာ မေးမြန်းလေတော့သည်…
“ဟော… ငါ့သားကြီး စာမေးပွဲဖြေပြီးလာပြီ… ဖြေနိုင်လား… ဘာတွေမေးတုန်း အမေ့ပြောစမ်းပါဦး…”
“ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်သည်…”
သို့ဆိုပါလျှင် စာရှုသူအနေဖြင့် အဆိုပါ မောင်ဇော်အား မည်သို့သော မောင်ဇော်ဖြစ်လာလေမည်ဟု ခန့်မှန်းမိပါသနည်း… သေချာပါသည်… မောင်ဇော်သည် ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်သာ ဖြစ်ခဲ့သည်… မောင်ဇော်၏ အနာဂတ်အမွှေးအတောင်နက်များကြား၌ ဒေါင်းတောင်ဖြူဖြူများရောစွက်ခဲ့သည်… ဤအချက်ကို ထောက်ရှု၍ သင်၏ညီကိုမောင်နှစ်မများနှင့် သင်၏ သားငယ်သမီးငယ်များအား သင်မည်သို့ထိန်းကျောင်းသင့်သည်ကို နားလည်နိုင်ပေလိမ့်မည်… အဆိုပါ ပုဂ္ဂိုလ်တို့အား အဘယ့်ကြောင့် ဒေါင်းယောင်ဆောင်စေလိုပါသနည်း…
ထိုမှတဖန် ဆက်လက်၍ ကျွန်ုပ်ကိုယ်တိုင် မှားယွင်းခဲ့သော အမှားတစ်ခုကို ထောက်ပြရပေဦးတော့မည်… ကျွန်ုပ်ရေးသားသော ကဗျာတစ်ပုဒ်အား ထုတ်ဝေခြင်းမပြုမှီ စီစစ်နိုင်စေရန်အလို့ငှာ စာရေးဆရာ အယ်ဒီတာတစ်ဦးထံသို့ ပြသခဲ့ဖူးသည်… ထိုကဗျာ၏ မူရင်းကို ထုတ်နှုတ်တင်ပြရမည်ဆိုပါက အောက်ပါအတိုင်းဖြစ်သည်…
“ခေါင်းစဉ်မရှိတဲ့ ငါ့ကဗျာ…”
တစ်ချိန်က…
ငါ့ကဗျာနဲ့ငါ…
သေချာအောင် ညှိလို့မရ…
ငါ့ကဗျာဟာ…
သူ့ခေါင်းစဉ် သူမသိ…
သူ့ကဗျာထဲမှာလည်း ငါမရှိခဲ့ဘူး….
ဒီလိုနဲ့…
ခေါင်းစဉ်မသိတဲ့ ငါ့ကဗျာဟာ…
ခေါင်းစဉ်မရှိတဲ့ ငါ့ကဗျာဖြစ်ခဲ့တယ်…
ငါနဲ့ မျက်နှာချင်းဆိုင်ဆုံတိုင်း…
တွေ့ဆုံဆွေးနွေးရေး ပြောတတ်တဲ့ ကဗျာက…
ငါ့ကွယ်ရာမှာ တွေ့ဆုံဆွေးနွေးပြီးခဲ့တယ်…
ဟုတ်တယ်…
ငါ့ကဗျာမှာ ခေါင်းစဉ်မရှိရတာဟာ…
ငါ့ကဗျာနဲ့ငါ ညှိမရလို့ဖြစ်တယ်…
ဒီတော့…
ခေါင်းစဉ်မရှိတဲ့ ငါ့ကဗျာရဲ့ ခေါင်းစဉ်ဟာ…
“ခေါင်းစဉ်မရှိတဲ့ ငါ့ကဗျာ…” ဖြစ်တယ်…
ငါလိုချင်ခဲ့တဲ့ ရင်ကြားစေ့ရေးက ငါ့အတွက်မှ မဟုတ်ဘဲ…
ငါလိုချင်ခဲ့တဲ့ ရင်ကြားစေ့ရေးက ငါ့လက်ခုပ်သံအတွက်ဖြစ်တယ်…
ငါရင်ကြားစေ့နေရင်းနဲ့ဘဲ ငါ့ကဗျာမှာ ခေါင်းစဉ်မရှိဖြစ်ခဲ့တယ်…
ခေါင်းစဉ်မရှိခဲ့တာဟာ…
ခေါင်းစဉ်မသိခဲ့လို့ဖြစ်ပြီး…
ခေါင်းစဉ်မသိခဲ့တာဟာ…
ခေါင်းစဉ်မရှိခဲ့လို့ဖြစ်တယ်…
ငါ့ကဗျာကို ဖတ်နေတဲ့ လက်ခုပ်သံတွေထဲ…
မေတ္တာအလံတွေ တဖွဲဖွဲရွာကျ…
ငါ ထထကြည့်မိတိုင်း…
ငါ့ကဗျာက ရိုင်းရိုင်းနေတယ်…
ငါခိုင်းနှိုင်းပြနေတာက ခေါင်းစဉ်ရှိဖို့…
အခုတော့…
သူ့မှာ ခေါင်းစဉ်မရှိခဲ့ဘူး…
လျှာအရိုးမရှိတဲ့ ငါ့ကဗျာက…
ငါ့လျှာပေါ်က မြေတွေကို ဆွဆွသွားတတ်…
ငါ့လျှာတွေလည်း မြက်တွေထပ်လို့ ငတ်ခဲ့ပြီ…
ငါနပ်မှန်အောင် မစားခဲ့တာဟာ…
ငါ့ကဗျာမှာ ခေါင်းစဉ်မရှိခဲ့လို့သာ…
တူးပါ ဆွကြည့်ပါ…
ငါခင်းထားတဲ့ လမ်းပေါ်လျှောက်ရင်း…
ငါ့ခေါင်းစဉ်ကို ကျော်ကျော်နင်းသွားတယ်…
ငါ့ကဗျာမှာ ခေါင်းစဉ်မရှိခဲ့ဘူးကွယ်…
အခုတော့ ငါ့ကဗျာထဲ…
ခေါင်းစဉ်ကလေး ခပ်ရဲရဲ…
ထပ်ပြီးတော့ သဲကွဲချင်သေးတယ်…
သိရင်ပြောပါ ဘာလဲကွယ်…။ ။
ဖိုးအောင် (နည်းပညာ)
၎င်းအယ်ဒီတာမှ ထိုကဗျာကိုဖတ်၍ ပညာရှိပီပီ ပညာရှိစကားဆိုခဲ့ပါသည်…
“မောင်ရင့် ကဗျာလေးကောင်းပါတယ်… ဒါပေမယ့် ဘာမှတော့ အဓိပ္ပါယ်မရှိဘူးကွ…”
“ခွင့်လွှတ်ပါ ဆရာ… ကျွန်တော့်ကို အဲ့ဒါလေး တစ်ဆိတ်လောက် ရှင်းပြပါ…”
“ရင့်ကြားစေတယ်ဆိုတာ ဘာလဲမောင်ရင်…”
“ရင့်ကြားစေတယ်ဆိုတာ…”
“အဲ့ဒါပြောတာပေါ့… မောင်ရင်တို့ လူငယ်တွေက ဒို့တွေထက်တော်ပါတယ်… ရေးလည်းရေးတတ်ကြပါတယ်… ခက်တာက ကိုယ်ရေးတာကိုယ်လည်း နားမလည်ကြဘူး…”
“ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆရာ… ကျွန်တော့်အမှားကို ဖြစ်နိုင်ရင် ထောက်ပြပါ…”
“တကယ်တော့ ရင့်ကြားစေရေး မဟုတ်ဘူး… ရင်ကြားစေ့တယ်လို့ခေါ်တယ်… အဓိပ္ပါယ်ကို တကယ်ဘဲမောင်ရင် မသိလို့ရေးသလား… သတ်ပုံဘဲမှားသလား ဒါတော့ ငါမသိဘူး… ရင်ကြားစေ့တယ်ဆိုတာက ဟိုတစ်ဘက်က ရင်ဘတ်နဲ့ ဒီတစ်ဘက်က ရင်ဘတ်ကြား စေ့စပ်ညှိနှိုင်းမှုကို ဆောင်ရွက်ပေးတဲ့ အဓိပ္ပါယ်ပါ… ဒါကို မောင်ရင်က ရင့်ကြားစေရေးလို့ ရေးလိုက်တော့ မောင်ရင့်ကဗျာတစ်ခုလုံး ပျက်စီးသွားပြီပေါ့… အဓိပ္ပါယ်ကို ဘယ်လိုနားလည်ရမလဲ… ရင့်ရင့်ကြားကြားကြီး စေလိုက်တယ်လို့ဘဲ နားလည်ပေးရမလိုပေါ့…”
ဟုတ်ပါသည်… ကျွန်ုပ်၏ ထိုမှားယွင်းသော စာလုံးပေါင်းတစ်ခုက ကျွန်ုပ်၏ ကဗျာတစ်ခုလုံးကို ပျက်စီးစေခဲ့ရတော့သည်… ဤနေရာတွင် စာဖတ်သူတို့အား ကျွန်ုပ်ကိုယ်တိုင် ၀န်ခံမှုပြုလိုသည်မှာ အခြားမဟုတ်… ရင်ကြားစေ့သည်ဟူသော ထိုအဓိပ္ပါယ်ကလေးကို ထိုနေ့မှ စတင်၍ ကောင်းစွာသဘောပေါက်မိခဲ့ခြင်းသာဖြစ်သည်… သို့ဆိုပါလျှင် ကျွန်ုပ်ဟူသော ဖိုးအောင်(နည်းပညာ) အဘယ်မျှလောက်ထိ တော်၍ထက်ကာ ညံ့သည်ကို စာဖတ်သူနားလည်နိုင်ပေတော့မည်… ဤနေရာတွင် စာရှုသူအနေဖြင့် သုံးသပ်ကြည့်နိုင်ပါသေးသည်… အကယ်၍ ကျွန်ုပ်သည် မိမိရေးသားသောကဗျာမှာ မည်သူမည်သို့ပင်ပြောစေကာမူ ကောင်းသောကဗျာသာဖြစ်သည်ဟု တယူသန်ကာ မာနကိုရှေ့တန်းတင်ခဲ့မည်ဆိုပါက အဆိုပါ နက်နဲသော အဓိပ္ပါယ်ကလေးတစ်ခုအား အဘယ်မှာ အလွယ်တကူရနိုင်ပါအံ့နည်း…
ဆက်လက်၍ ဖော်အဲဗားစာမျက်နှာ၌ ကလောင်ရှင် ကိုကြီးမိုင်း အဆိုပြုတင်သွင်းခဲ့သော “ဖူး…ငုံ…လှိုင်…ပွင့်…ဝေ…” ဆောင်းပါးထဲမှ ကိုကြီးမိုင်း၏ စေတနာကို ထုတ်နှုတ်တင်ပြပါဦးမည်… ကိုကြီးမိုင်းသည် မိမိထက်ငယ်ရွယ်သော ညီငယ် ညီမငယ်လေးများအား စာရေးသားကြရာ၌ သေချာကျနစွာ ရေးသားကြရန်နှင့် စာကောင်းတစ်ပုဒ်ရရှိလာစေရန် အဆင့်ဆင့်မည်သို့ရေးသားသင့်သည်ကို ပန်းကလေးများ၏ ဖူးပုံ ငုံပုံ ပွင့်လန်းပုံ ညှိုးနွမ်းပုံတို့ဖြင့် ပမာပေးကာ ပန်းပေါင်းစုံဝေဆာနေသော တောကြီးတစ်ခုအတွင်းသို့ မိမိတို့အားဆွဲခေါ်လိုက်သည့်ပမာ ရေးသားပေးထားပေသည်… ထို့ပြင် ထိုသို့ရေးသားကြရာ၌ မိမိတို့၏နောက်ကွယ်တွင် ဝေဖန်မှုများ အဆင်သင့်စောင့်ကြိုနေကြသည်ကိုပါ သတိပေးပြောကြားထားသည့်အပြင် စာရေးသူတို့၏ အသက်မွေးဝမ်းကျောင်း နက်နဲပုံကို ပန်းသီရှင်ကလေးများဟု တင်စားထားပြန်ပေသည်… သို့ဖြစ်၍ ကိုကြီးမိုင်း၏ စေတနာကို အသိအမှတ်ပြုကာ အောက်ပါ ကဗျာကလေးကို စပ်ဆို၍ ကျွန်ုပ်မှတ်ချက်ပေးမိပါသည်…
“ကိုကြီးမိုင်းဆိုအပ်သော ပင်မြင့်စံပန်း…”
ညီငယ် ညီမငယ်တို့ရေ…
ကိုကြီးမိုင်း ရေးသလိုပါ့…
သွေးလိုက သင့်ကလောင်…
ဘယ်ဆီကို ယောင်လို့မှန်း…
လမ်းတော့ဖြင့် တန်းစေ…
အနမ်းဝေမယ့် ဒီပန်း…
ဘယ်လိုဘဲ ပွင့်လန်းလာစေတော့…
ချော့ချော့ ခြောက်ခြောက်…
လျှောက်သာ ပြေးသာ…
ရှဉ့်ရာလည်းလွှဲ ပျားလည်းစွဲစေ…
လွဲမသွေ ဝေဖန်ကြမှာမို့…
ကိုယ့်ကိုယ်ကို သေဒဏ်ခတ်…
ကိုယ်ရေးသမျှ မြတ်ကြလေ…
အမှတ်ရစေ ကိုယ့်စာဖွဲ့…
သူ့ရင်ကို နွဲ့သွားအောင်နှူး…
သူရူးသွားတာ ကိုယ်တော်သမို့…
ဝင့်လို့ချီ သင့်ဖူးတံချောင်း…
အပွင့်ကောင်းကောင်းလည်း ပန်…
ဟန်မကျ ပြန်စိုက်…
ငိုက်ကျလို့ အညွန့်မကျိုးခင်…
ပန်းသီရှင် သင့်ရဲ့လက်…
အခက် အရွက် ထွက်စေကြောင်း…
ရေကိုလည်း လောင်း…
ပေါင်းကိုလည်း သင်…
အမြစ်ကိုလည်း ရှင်ရမယ်…
အပင်ကိုလည်း မြင့်ရမယ်…
အဖူးကို ဦးစွာနမ်း…
အငုံနဲ့ အလွမ်းသင့်…
အပွင့်နဲ့ လေကိုနှောက်…
ရောက်လေရာ မွှေး…
တွေးတတ်ဖို့တော့ ခပ်လိုလို…
အပျိုလို တန်ဖိုးထား…
သွား… သွား မကစားနဲ့လေ…
မေတ္တာရေ လောင်းလိုသမျှ…
ဖူးငုံက သင် စ ပါလို့…
အပွင့်နဲ့ ချစ်တေးသီ…
ညှိုးလေပြီ ဘယ်မနွမ်း…
ရနံ့နဲ့ လန်းလို့တင့်…
ကြွေလွင့်ပြီ ဘယ်မရှုံး…
ဖတ်သူတို့ နှလုံးဘ၀င်…
ပြုံးရွှင်ရွှင် ငိုရှိုက်…
အူလှိုက်လှိုက် သဲခိုက်ခိုက်…
အပျိုစင်ကို သင်ကြိုက်ရင်ဖြင့်…
မရှိုက် မနမ်း…
ခပ်လှမ်းလှမ်းက သင်လေ့လာ…
တွေ့ရာမှာ ဘယ်မပြော…
စောတာကို သိ…
လောစရာ အပိုမရှိ…
သူ့ရင်ကို မထိသေးသမျှ…
ရင်ချိသမျှ သင်ခံ…
အကြင်နာမှန် ဘယ်မပျောက်…
သစ္စာရေ သင်သောက်ဖို့မလို…
ကိုကြီးမိုင်း ဆိုခဲ့သလိုပါ့…
ပျိုပျိုအို အကုန်ရှိုက်နမ်း…
ပင်မြင့်စံ ပန်းမို့တည်း…။ ။
ဖိုးအောင် (နည်းပညာ)
ထိုမှတ်ချက်ကလေးအား စာရှုသူ မည်သို့မြင်မိပါသနည်း… ပထမဦးစွာ ကိုကြီးမိုင်းတင်သွင်းသော အဆိုပါ ဆောင်းပါးကလေးကို စာရေးသူပြောလိုသော အချက်အား နားလည်သဘောပေါက်နိုင်ရန် အကြမ်းဖျဉ်းဖတ်ရသည်… နောက်တစ်ခေါက်အနေဖြင့် မည်သည့်အချက်တို့မှ သင်ခန်းစာယူသင့်သည်ဆိုသည်ကို မိမိအတွက်ကျန်အောင် နှိုက်ထုတ်နိုင်စေခြင်းအလို့ငှာ သေသေချာချာဖတ်ရပြန်သည်… နောက်ဆုံးတစ်ခေါက်အနေဖြင့် မိမိမှ ကလောင်ရှင်အား ဂုဏ်ပြုချီးမွမ်းစကားဆိုနိုင်ရန် ကလောင်ရှင်၏ စာပိုဒ်အတိုင်း အဓိပ္ပါယ်မလွဲစေဘဲ သဘောသဘာဝ တူစေမည့် ကဗျာကို စပ်ဆိုနိုင်ရန်အတွက် ကလောင်ရှင်၏ မူရင်းစာသားပါ စာလုံးများကို လေ့လာရပြန်သည်… ဤသို့ဖြင့် ကလောင်ရှင် ကိုကြီးမိုင်းပေးသော ဆောင်းပါးမှ ကျွန်ုပ်အတွက် ကဗျာတစ်ပုဒ် အမြတ်ကျန်ရစ်ခဲ့ရသည်… သို့ဆိုပါလျှင် မှတ်ချက်ဟူသည် အလွယ်တကူ ပေး၍မရကောင်းမှန်း စာရှုသူ နားလည်သဘောပေါက်နိုင်ပေလိမ့်မည်… ငယ်စဉ်ကလေးဘ၀က ကျွန်ုပ်တို့ ရရှိခဲ့သော ကျောင်းစာအုပ်များပေါ်မှ (ညံ့ သင့် တော် ကောင်း အရမ်းကောင်း) တို့သည် ကျွန်ုပ်တို့၏ နုနယ်သော နှလုံးသားကို လှုပ်ကိုင်ဆွဲရမ်းစေနိုင်ခဲ့သော ဆရာ ဆရာမတို့၏ အချစ်ခံ အမုန်းခံ ၀ါဒမျှသာ ဖြစ်တော့သည်… သို့ဆိုပါလျှင် ယနေ့ဖော်အဲဗား၌ လူလားမြောက်လာကြသော ကလောင်ရှင်တို့သည် နှလုံးသားမရှိသော ကလောင်ရှင်များ ဖြစ်နိုင်ပါမည်အံ့…
ကဲ… သူငယ်ချင်းတို့ရေ… ဒီကနေ့ ပြောသမျှ ဟောသမျှထဲက သဘောမကျသည့် အရာဆိုတာရှိခဲ့သော် မိမိတို့အိမ်ဂေဟာထံ သည်းခံ၍သာ ပြန်ကြပါကုန်လော…
“သြော်…လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှာ ၀မ်းစာခဲခက်… မုရင်းထမင်း ချဉ်ပေါင်ဟင်းနှင့် ဆန်တွင်းက နက်လွန်းလို့… အသက်ရှိစဉ် မသေခင်ကို ကောက်လျင်ကြီးဆန် နီတာလန်နှင့် ငါးသန်သေးနုပ် ရေလုံပြုပ်များကို တလုပ်ကယ်၀၀ စားလိုက်ရလျှင်ဖြင့် အာကပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့… မရပ်မနား ရေကိုရောင်းလို့ ၀မ်းကျောင်းပါငြားကဘဲ… စားရသည့်နေ့ တလလုံးတွင်မှ သုံးနပ်လောက်ကယ်သာ တွေ့ရတယ်… ငွေ့နှယ်ကြေးနှယ် ဘဟာ့နှယ်များကို ကွယ်လေငဲ့ ပိတ်ပိတ်ပျောက်… အမွဲတကာ့ထွတ်ခေါင် ဖွတ်မင်းနောင်မှာ ပြာတောင်ကြီးပေါက်ကရော့ … ပြောင်မြောက်အောင်မွဲနိုင်တဲ့ ငါ့ကိုယ်နော်…"
သူငယ်ချင်းများအားလုံး အသပြာမွဲခဲ့သော်မှ ပညာမမွဲခဲ့သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း…
ဖိုးအောင်(နည်းပညာ)