သားတို့ အိမ်ပြန်ကြရအောင် အမေ
"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။
ဘယ်လိုလုပ်ပေးရမလဲ"
အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို
မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို
မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး
ချက်ချင်း ထွေးထုတ်လိုက်မိတယ်။
"အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား"
"ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။
သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
"အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်"
"သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့"
"နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။
အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. "
သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။
"သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"
တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက်
နှုတ်ဆိတ်သွားတယ်။
"အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို
ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊
ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့
အမေရယ်"
"ဒါပေမဲ့.. သားရယ်..."
အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။
သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။
ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ်
မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်
ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့်
ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို
အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး
တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။
သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ
အမေရယ်...
"မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ"
"မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ
နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ
ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့"
ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း
သူရှေ့ဆက် မတွေးရဲတော့ဘူး။
အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့
ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ
တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို
သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား
တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ
မကြားရဘူး။
ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ
စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့
အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို
တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။
မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို
အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့
သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။
ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက
မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။
"အမေ.. သား .. သွားတော့မယ်"
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့
လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့
ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား..
မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ
တကယ်အိုခဲ့ပါပေါ့လား....
သားတို့ အိမ်ပြန်ကြရအောင် အမေ
(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို
ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့
ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။
" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို
ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။
သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး
ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။
(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို
လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု....
အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့
ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့
သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ
အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို
ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...
"တော်ပြီ.. မသိမ်းကြပါနဲ့တော့" သူ အော်လိုက်မိတယ်။
"ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ"
ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။
"ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ
အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်"
ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက
သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
"ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"
"ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်"
"မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို
လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ"
(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ
ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။
လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက်
သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့
အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။
"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ"
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား..
ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်"
"အမေ.... " သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။
သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...
"သားတို့ အိမ်ပြန်ကြရအောင် အမေ"
Monday, September 17, 2007
အိုသွားတဲ့ တစ်နေ့
"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ
ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း
ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"
ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ
ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ
ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။
ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။
စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ
အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ
နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။
"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"
"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"
အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။
ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။
အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့
အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့
အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက်
မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။
"အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ"
"အေးပါ သမီးရယ်"
ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ
"အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ"
လို့ ၀ိုင်းအော်ကြတယ်။
"အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့
သမီးတို့ကို ကြည့်ချင်လို့"
"အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ"
ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။
"တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို "သမီးတို့ရေ အိမ်ကို
လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်" လို့
ဖုန်းဆက်ခေါ်ရင် "ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့
မအားဘူး" လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ
စိတ်မကောင်းဖြစ်လိမ့်မယ်" လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက "သမီး အဲလို
မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ" တဲ့။ နောက်ဆုံး သမီးတွေနဲ့
တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ
စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။
ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက "အေး.. ဒါဆိုရင် အမေ
ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်" လို့ ၀မ်းသာအားရ ပြန်ပြောတယ်။
ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့
ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက
ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။
" ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား"
"သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး"
အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ
ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။
အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ
အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို
တိုက်ချွတ်ဆေးနေရင်း "အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ
မရှိတော့လို့ဖြစ်မယ်" လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။
အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့
ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ
မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့
ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး
မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။
ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန်
ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့
ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ
အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ
သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ
မျှော်လင့်မိပါတယ်။
အမေ့လက်
မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။
ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။
ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)
ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့ မူပိုင်
"မေမေ ဘာလို့ ငိုတာလဲ"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်"
"သား နားမလည်ဘူး မေမေ"
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်"
"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်"
"မိန်းမတွေက ဒီလိုပဲ သားရာ"
ကြီးပြင်းလာတဲ့ အထိ မိန်းမတွေ ဘာလို့ငိုတယ်ဆိုတာကို သား နားမလည်ခဲ့ဘူး။
နောက်တော့ သူဟာ ဘုရားသခင်ကို ဖုန်းဆက် မေးမြန်းပါတော့တယ်။
"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်"
"မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင်
ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုးနိုင်အောင်
ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊
နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင်
သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"
"တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့
တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ
ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ လည်း ဖန်တီးခဲ့တယ်"
"ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို
ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း
ဖန်တီးခဲ့တယ်"
"ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီး
ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင်
မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"
"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို
ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ
သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်"
"မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ်
အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊
မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ
စိတ်ရဲ့ တံခါးပေါက်ပဲ"
ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို
ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ
သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
မိန်းမသားတိုင်း လှကြပါတယ်။
↧
သားတို့ အိမ်ပြန်ကြရအောင် အမေ
↧