ပညာရေး
ပညာရေးဆိုတာကိုပညာရှင်များကအမျိုးမျိုးအဓိပါယ်ဖွင့်ကြပါတယ် ၊ ပညာဆိုတာ အသိပညာ ၊အတတ်ပညာ ၊ဥာဏ်ပညာ ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တခုခု လို့လဲဆိုပါတယ် ။
နောက် တမျိုးက အကြောင်းအကျိုးအကောင်းအဆိုးကိုပိုင်းခြားဝေဖန်တက်တာကိုပညာလို့လဲဆိုပါတယ်၊
ယနေ့အများကသိနေတာနားလည်နေကြတာကတော့ ပညာရေးဆိုတာ စာသင်တယ် ၊ ကျောင်းတက်တယ် ၊ ဒါပညာရေးလို့ဘဲနားလည်ကြပါတယ် ကျွန်တော့အနေနဲ့ပြောရရင်ယနေ့မိသားစုတိုင်းမိသားစုတိုင်းပညာရေးဆိုတာနဲ့ပတ်သက်လို့လုပ်
နေကြတာတွေဟာ ၊ မိသားစုဘ၀ရပ်တည်ဘို့အတွက်ရေရှည်းစီးပွါးရေးရင်းနှီးမြုပ်နှံမှုတခုလုပ်နေ
ကြတာလို့ဘဲပြောလိုပါတယ် မိဘတွေကသားသမီးလေးတွေမွေးလာရင်သူတို့နောင်ရေးအတွက်ဆိုပြီးပညာသင်ပေးကြတယ်
ကျောင်းထားကြတယ်ချမ်းသားတဲ့သူတွေ၊တက်နိုင်တဲ့သူတွေ(အရင်းအနှီးများများစိုက်ထုတ်နိုင်တဲ့
မိဘတွေကတော့)ကျောင်းကောင်းကောင်းထားတယ်၊နိုင်ငံခြားမှာကျောင်းထားတယ် ၊ရည်ရွယ်ချက် ကအလုပ်အကိုင်ကောင်းကောင်းရဘို့ဝင်ငွေများများရနိုင်တဲ့ပညာကိုသင်ရင်မြင့်မားတဲ့လူနေမှုအဆင့်အတန်းနဲ့ဘ၀ရပ်တည်မှုကိုရမယ် ။
ငွေကြေးသိပ်မတက်နိုင်တဲ့မိသားစုတွေကတော့ တော်ရုံတန်ရုံပြည်တွင်းမှာရှိတဲ့ကျောင်းများမှာထား
ပြီးတော်ရုံတန်ရုံအသင့်အသင့်ပညာရပ်မျိုး၊အသက်မွေးဝမ်းကျောင်းပညာတခုခုကိုသင်ယူပြီး၊ဘ၀ရပ်
တည်မှုကိုတည်ဆောက်မယ် ၊ ဒါ မိသားစုတခုစီ တခုဆီရဲ့ပညာရေးနဲ့ပတ်သက်လို့ယနေ့လုပ်နေကြတဲ့
သဘောဘဲ၊ပညာရေးနဲ့ပတ်သက်လို့ သိပ္ပံမောင်ဝ ရေးထားတဲ့ ( ကျောင်းထားရေး ) ဆိုတဲ့ဆောင်းပါးကိုဘတ်ကြည့်ရအောင်
ကျောင်းထားရေး ( သိပ္ပံမောင်ဝ )
တရံတခါသော်မောင်လူအေးနှင့်ခင်သန်းမြင့်တို့သည်ညစာစားပြိးနောက်အိမ်ရှေ့ဝရန်တာ လသာတွင်ထွက်၍ထိုင်ကြလေသည်၊သူတို့နောက်ဆက်တွဲမောင်လူမွေးလည်းသူတို့နှင့်အတူပါလာ
လေ၏၊
ခင်သန်းမြင့်သည်နေ့ခင်းကရောက်လာသောမဂ္ဂဇင်းတအုပ်ကိုပက်လက်ကလားထိုင်
ပေါ်တွင်ထိုင်၍ဖတ်နေလေသည်၊မောင်လူအေးမှာလဘက်ရည်ကြမ်းကိုမြေပဲဆားလှော်နှင့်
မြည်းရင်းအလုပ်အကြောင်းစဉ်းစားခန်းထုတ်နေ၏၊မောင်လူမွှေးကားမိဘနှစ်ယောက်အနား
ကြမ်းပြင်ပေါ်တွင်အရုပ်ကလေးများနှင့်ကစားနေလေသည်၊သူတို့သုံးယောက်အဘို့ညသည်
အေးမြသာယာသောညတညဖြစ်လသည်၊
မောင်လူမွေးသည်မိမိအနားကစားနေရာမှမကြာမကြာထထသွားပြိးလျှင်ဓါတ်မိးရောင်
အောက်တွင်ပြေးလွှားနေကြသောပိုးကောင်ပလူကောင်ကလေးများကိုဖမ်းကာကစား၏၊
သူ့အားချော့ခေါ်၍မရ၊ခြောက်ခေါ်၍မရ၊ငေါက်ခေါ်၍လည်းမရ၊ခက်လေတော့၏၊မောင်လူ
အေးတလှည့်၊ခင်သန်းမြင့်တလှည့်ထိုင်ရာမှထပြီးဆွဲခေါ်ရ၏၊မောင်လူမွှေးမှာမလိုက်ချင်
လိုက်ချင်နှင့်ရုန်းကန်ရုန်းကန်နှင့်ပါလာတက်သည်၊သူအားထထခေါ်ရသဖြင့်ခင်သန်းမြင့်
မှာမဂ္ဂဇင်းကိုကောင်းကောင်းမဘတ်ရ၊မောင်လူအေးမှာလည်းစဉ်းစားခန်းကိုကောင်းကောင်း
မထုတ်ရ၊တော်တော်တေတဲ့ကောင်ကလေး၊
အတန်ကြာလျှင်ခင်သန်းမြင့်သည်မောင်လူမွှေးအားစိုက်ကြည့်ပြိးလျှင် ပီတီသံဖြင့်
” မျွေးလေးဟာ တနေ့တခြားဝလာလိုက်တာနော် - အားရစရာကြီး ” ဟုဆို၏
” မွှေးစတုန်းကဆိုရင်ငယ်ငယ်လေးရယ်” ဟုမောင်လူအေးကထောက်ခံလိုက်၏၊
” စကားပြောမယ်မကြံသေးဘူးနောက်ဘို့က အရင်ဘဲ ”
” ဘယ်နောက်ရမှာတုန်း - ဟုတ်တာကိုပြောတာ - ဟုတ်တာပြောရင် ဥစ္စာပေါဆို
ပေါမဟုတ်လား နို့ပေမဲ့ထီမပေါက်တာခက်တယ် ”
” ဒါတွေကိုထားပါအုံး မွေးကလေးကိုကျောင်းထားဘို့စီမံရတော့မယ် ”
” အေင်မယ်လေး ဟဲ့ အခုမှတနှစ်ခွဲရှိသေးတယ်ဘယ်ကလာကျောင်းထားဘို့စီမံရမှာလဲ”
” အခုကထည်းကစီမံမှတော်ကာကျမယ် - အင်္ဂလန်ကနာမယ်ကျော်ကျောင်းတွေထားဘို့က
မမွေးခင်ကထည်းက နာမယ်စာရင်းသွင်းထားရတယ်ဆိုမဟုတ်လား ”
” ဒါကတော့ လွန်လွန်အားကြီးပါတယ်ဗျာ- ကိုင်းသူ့ကိုဘယ်လိုစီမံချင်သလဲပြော ”
” မြင့်သဘောမြင့် ငယ်ငယ်ကလေးထဲက ဘိလပ် အီတန်တို့ ဟားရိုး တို့လိုကျောင်းတွေမှာ
သွားထားချင်နေတာဘဲ ”
” ဟာ ကိုယ်ကတော့ သဘောမတူပေါင် - သည်ကျောင်းတွေကိုဝင်ခွင့်ရဘို့ဟာလဲအင်မတန်
ခက်- ၀င်ခွင့်ရစေဦးတော့ မထားချင်ပါဘူးဗျာ ”
” ဘာဖြစ်လိုလဲ - သူဌေးဦးနုတို့ ၀န်ထောက်ဦးစားတို့သားတွေ ကိုဒီလိုငယ်ငယ်ကလေးထဲက
ဘိလပ်ကျောင်းတွေမှာသွားထားတယ်မဟုတ်လား - ဂုဏ်လဲရှိ အင်္ဂလိပ်အလေ့အထကိုလဲကျကျနန
တက်လာတယ်၊အင်္ဂလိပ်စကားဆိုလဲအင်္ဂလိပ်နဲ့မခြားပြောနိုင်တယ်-ကိုင်းမကောင်းဘူးလား”
” မကောင်းပေါင် ဦးနုသားပြန်လာတုန်းကအင်္ဂလိပ်မပါလာလို့ ဦးနုကြီးရင်ကွဲမတက်
ဖြစ်နေတာမမြင်ဘူးလား၊ဦးစားသာပြန်လာတော့အင်္ဂလိပ်စကားတော့ကောင်းကောင်းပြော
တက်ပါရဲ့မြန်မာစကားကျတော့ဟိုမကျသည်မကျနဲ့ပြောရီစရာကြီးဖြစ်နေတယ်၊မြန်မာစကား
မပြောတက်ဘူးဆိုတာရှက်စရာအကောင်းဆုံးမဟုတ်လား၊သူတို့ရှက်မရှက်တော့မပြောတက်
ဘူး၊ကိုယ်တော့ရှက်လွန်းလို့နောက်ပြီးတော့မြန်မာတွေကိုဘဲသူတို့နဲ့အဖက်မတန်သလိုမြန်မာ
ဓလေ့ကို ဘဲကဲ့ရဲ့ရပြန်ပြီ၊ကိုယ့်သားကလေးဒီကောင်တွေနဲ့တူမှာကိုကြောက်သဗျာ ”
”ဒါဖြင့်ရင်လဲ မောင်မွေး ၅ နှစ် ၆ နှစ်သားအရွယ်ရောက်ရင်စိန်ပေါမှာဖြစ်ဖြစ်၊ဒိုင်အိုမှာဖြစ်
ဖြစ်ထားရအောင် သဘောတူမလား ”
” မတူပေါင် ”
” လုပ်ပြန်ပြီ ဘာဖြစ်လို့လဲ ”
”ဘာဖြစ်ရမှာလဲ ဒီလိုအင်္ဂလိပ်ကျောင်းတွေကထွက်လာတဲ့ငနဲတွေဟာလဲအများအားဖြင့်
ဟိုမကျဒီမကျနဲ့ - လိမ္မော်သီးဖွင့်လိုက်ပါလိုဆိုလိုဆို - ၀မ်းဘဲဥမှည့်ပြီလားလို့မေးလိုမေး-ရေးချမ်း
ချမ်းလေးတခွက်ပေးပါလို့တောင်းလိုတောင်းနဲ့-ဘယ်လိုငနဲတွေလဲမပြောတက်ပါဘုးဗျာ ”
”အားလုံးလဲဒီလိုဟုတ်မယ်မထင်ပါဘူး-မြန်မာမိဘတွေကမွေးပြိးမြန်မာပြည်မှာကြီးကြတာ
ဘဲ-ဒီလောက်တောင်ဆိုးမယ်မဟုတ်ပါဘူး - ကိုယ်ကကဲတာ”
” တချို့ကျတော့ မြန်မာစကားတော့ကောင်းကောင်းပြောတက်ပေမဲ့အင်္ဂလိပ်ဆန်ဆန်လေး
ပြောလိုက်ရရင်ဂုဏ်ရှိတယ်ထင်ပြီးပြောကြတာဘဲ-ကိုယ်တို့ကောလိပ်မှာတုန်းကဒီလိုငနဲတွေနဲ
ကောင်းကောင်းတွေ့ရတယ်၊ဒီကောင်တွေကိုချဉ်လွန်းလို့မပြောပါနဲ့တော့ ”
”ကိုကိုတို့ခောတ်က ဒီလိုဖြစ်ပေမဲ့အခုတော့ မောင်မွေးတို့ခောတ်ကျတော့ဒီလိုဖြစ်မယ်
မထင်ပါဘူး ”
”ကိုယ်တော့ အရင်ကလိုဘဲဖြစ်မယ်ထင်တာဘဲဗျာ - နောက်မှပြောင်းသွားရင်တော့-
မပြောတက်ဘူး-မြန်မာဆိုရင်လဲမြန်မာပီသမှကြိုက်တယ်-အင်္ဂလိပ်ဆိုရင်လဲအင်္ဂပီပီသသမှကြိုက်
တယ်-ဟိုမကျဒီမကျဂွစာ ကိုတော့ ချဉ်လွန်းလို့ ”
” ကိုင်းဒါဖြင့်ရှိစေတော့ ရန်ကုန်မြို့မကျောင်းမှာသွားထားရင်မကောင်းဘူးလား-ဆရာကြီး
ဦးလွင်လဲရှိတယ်-ဆရာကိုအောင်မင်းတို့-ကိုအေးသွယ်တို့ကိုစံထားတို့လဲရှိတယ်-ကိုတို့မိတ်ဆွေ
တွေမဟုတ်လား-သူတို့လက်အောက်မှာဆိုတော့စိတ်လဲချရတယ်-ငယ်ပေမဲ့ကိစ္စမရှိဘူး ”
”ကောင်းတော့ကောင်းပါရဲ့ ”
”ဘာကောင်းတော့ ကောင်းပါရဲ့လဲ - ဟိုမကျဒီမကျကျောင်းမှာမထားချင်ဘူးဆို-မြို့မကျောင်း
ဟာမြန်မာပီသတဲ့ကျောင်းမဟုတ်လားဦးဖော်ဂျီတို့သခင်နုတို့ဟာမြို့မကျောင်းထွက်တွေမဟုတ်ဘူး
လား၊သူတို့ထက်မြန်မာပီသတာရှိသေးလို့လား၊”
”အင်း ကောင်းတော့ကောင်းပါရဲ့ကျောင်းကိုခဏခဏဘွိုင်းကောက်လုပ်တာခက်တယ် ”
” ဘွိုင်းကောက်လုပ်တာကတော့ ဒီကျောင်းတကျောင်းထဲမှမဟုတ်ဘဲ-တခြားကျောင်းတွေ
လဲလုပ်တာမဟုတ်ဘူးလား-တက္ကသိုလ်ကျောင်းတွေတောင်ခဏခဏဘွိုင်းကောက်လုပ်နေတာမမြင်
ဘူးလား ”
” မြင်သားပေါ့ ”
” မြင်ရင်ဘာဆင်ခြေပေးနေစရာလိုသေးလဲ - ဘွိုင်းကောက်လုပ်တာကိုကောအပြစ်ဆိုချင်
သေးလား ကဲလေ ”
” အပြစ်တော့မဆိုချင်ဘာဘူးဗျာ-နို့ပေမဲ့ဘွိုင်းကောက်လုပ်ပြိးအစာငတ်ခံကြဘာကြနဲ့-မိဘ
လုပ်သူတွေကဘယ်လောက်စိတ်ပူကြမယ်ဆိုတာစဉ်းစားကြည့်လေ-မောင်မွှေးကိုမြို့ကျောင်းထားပါ
ပြီတဲ့-မောင်မွှေးကဘွိုင်းကောက်မှာခေါင်းဆောင်လုပ်ပါပြီတဲ့-သူတို့တောင်းတာမရတော့အစာငတ်ခံ
နေပါပြီတဲ့ - ကိုင်းမြင့်ဘယ်နဲ့နေမလဲ - ဘယ်လိုလုပ်မလဲ ”
”ဒီလိုဆိုတော့ကျောင်းကိုမြန်မြန်လိုက်သွားပြီး ဘိုကေလေးကိုဆွဲခေါ်ခဲ့မှာပေါ့”
”အဲဒီလိုခေါ်လို့လိုက်ရင်ကောင်းပါရဲ့ - မေမေရယ်ပြန်မလိုက်ပါရစေနဲ့တော့-တိုင်းပြည်ကြီးအ
တွက်အသက်အသေခံတော့မယ်-ကျွန်တော့ကိုသနားရင်အိမ်ပြန်မခ်ါပါနဲ့တော့လို့သားကဆီးပြောရင်
ဘယ့်နဲ့လုပ်မလဲ ”
” အတင်းခေါ်မှာပေါ့ ”
”အတင်းခေါ်လို့မရရင်ဘယ့်နဲ့လုပ်မလဲ”
”သည်တော့လဲ အလိုက်အထိုက်ပေါ့လေ-သူတို့လဲအသေခံမှာမဟုတ်ပါဘူး-မိဘဆွေမျိုးတွေ
က၀ိုင်းဝန်းပြီးတောင်ပန်ရင်ရမှာပါ-သတင်းစာတွေကလဲလန့်ဖြန့်ပြိးဝိုင်းတောင်းပန်ကြမှာပေါ့-အာဏာ
ရှင်ကိုလှရွှေကိုဘဲကြည့်တော့”
”ဒါလဲဟုတ်တုတ်တုတ်ဘဲ--နို့ပေမဲ့မလိုတဲ့ဘက်က ငနဲတွေက အမျိုးမျိုးစွပ်စွဲပြိးမောင်လှရွေ
ကိုဆဲသလို ကိုယ့်သားကိုဆဲရင်တော့ ခံချင်ပါ့မလား ”
”ဒါကတော့ဘာကိစ္စရှိလဲ - မနာလိုလို့ဆဲတာ ဆဲပါစေလား - တော်တော်ကြာပျောက်သွား
မှာဘဲ ”
နို့ တချို့ကျောင်းသူကျောင်းသာတွေ ဖြစ်ပျက်ပြိး ထွက်ပြေးကြရင်တော့ဘယ့်နဲ့လုပ်မလဲ ”
”ဒါကတော့ဘယ်တက်နိုင်မလဲ - ဘယ်ကျောင်းမှာဘဲထားထား - ဘွိုင်ကောက်လုပ်ချင်လုပ်
မလုပ်ချင်လုပ်နေဖြစ်တာမျိုးဘဲ-ဒါတွေကိုတွေးပြီးပူမနေစမ်းပါနဲ့ ”
”ပူရသဗျာ -အခုကထဲက ပူထားမှအတော်ကျမယ်”
” ကိုင်းသည်လောက်တောက် အစိုးရိမ်ကြီးလှတာ ဘယ်ကျောင်းထားမယ်စိတ်ကူးသလဲ”
” ကိုယ်ကတော့ အိမ်မကွာ ကြမ်းမကွာ အိမ်ရှေ့ကမှန်သာကျောင်းမှာထားမယ်စိတ်ကူးတာ
ဘဲ”
”လုပ်ပြီသူလုပ်လိုက်မှဒီလိုချည်းဘဲ - အတည်ပြောနေရင်အတည်ပေါက်ပြောစမ်းပါ-
အနောက်တွေမညှပ်စမ်းပါနဲ့ ”
” နို့ အတည်ပြောနေတာဘဲဟာ - မှန်သာကျောင်းတိုက်မှာဆိုတော့ အိမ်နဲ့လဲနီးတယ်-ပိုက်
ဆံလဲအကုန်သက်သာတယ်-ကုသိုလ်လဲရတယ်-စာလဲတက်တယ် ”
”မဟုတ်တဲ့စကားကိုမပြောစမ်းပါနဲ့ - အခုခောတ်ကြီးထဲမှာ ဘုန်းကြီးကျောင်းထားတယ်ဆို
တာနေရာလား ”
” ကျောင်းထားတယ်ဆိုတာစာတက်တာလိုရင်းမဟုတ်ဘူးလား-အမြှော်အမြင်တိုးပွါးတာလို
ရင်းမဟုတ်ဘူးလား-လိမ္မာရေးခြားရှိတာလိုရင်းမဟုတ်ဘူးလား-အဲဒီလို လိုရင်းချက်တွေကိုရရင်
ကျောင်းထားရကျိုးနပ်ပြီမဆိုနိုင်ဘူးလား - မှန်သာကျောင်းမှာထားရင်ခုနပြောတဲ့လိုရင်းချက်တွေကို
မရဘူးလို့ပြောနိုင်မလား”
” ကိုကိုပြောလိုက်မှဖြင့်ဘောက်ချည်းဘဲ - ဘုန်းကြီးကျောင်းမှာထားလို့ကြီးလာရင်ဘာလုပ်
စားမလဲ”
” အိုဒါကတော့သူ့ကုသိုလ်နဲ့သူုဖြစ်လာမှာပေါ့ - စာတက်တာကတခြား - အလုပ်အကိုင်ကတ
ခြားပါ-စာတက်တိုင်းလဲအလုပ်အကိုင်ကောင်းကောင်းရတာမဟုတ်ပါဘူး-အလုပ်အကိုင်ကောင်း
ကောင်းရသူတိုင်းလဲစာတက်တာမဟုတ်ပါဘူး-ပွဲစားကြီးဦးချမ်းသာဟာဘယ်လောက်ပိုက်ဆံရှိသလဲ
အင်္ဂလိပ်စာ အေ ဘီ စီ ဒီတောင် တတ်လို့လား - သူဌေးကြီးကြွယ်ဝဟာဘယ်လောက်ချမ်းသာလဲ-
ဘီအေ အောင်လို့လား ”
”သည်လို ဘောက်စကားတွေမပြောနဲ့လေ-ရှေးခောတ်နဲ့မတူဘူး-အခုခောတ်မှာခောတ်စာ
တွေတက်မှအလုပ်ကောင်းကောင်းရတယ် -သိရဲ့လား ကိုဘောက်ကြီးရဲ့ ”
” ဟာ အလုပ်ကောင်းကောင်းရတာတခြား စာတက်တာမတခြားဘဲ -အလုပ်ကောင်းကောင်း
လိုချင်တဲ့သဘောနဲ့စာသင်ကြားကြတဲ့အတွကတိုင်းပြည်မှာဆူပူနေကြတာမဟုတ်လား-အလုပ်လက်
မဲ့ပညာရှိကြီးတွေများနေကြတယ်မဟုတ်ဘူးလား-အဲဒီစိတ်တွေကိုဖျောက်လိုက်မှနေရာကျမယ်၊
အလုပ်လက်မဲ့တွေပျောက်ကုန်မယ်-”
”ဘာတွေလျှောက်ပြောနေတယ် မသိပါဘူး ”
” အလုပ်ကောင်းကောင်းရအောင်ဆိုပြီးပညာသင်ကြရော-အလုပ်ကောင်းကောင်းမရတော့
ဘယ်အလုပ်ကိုမှမလုပ်ချင်ကြတော့ဘူး-ဟိုလပ်ရား - ဒီလပ်ရား နဲ့ဖြစ်နေပြီး-လူတေလူလေတွေဖြစ်
ကုန်ပါရော-တိုင်ူပြည်လဲဆူကုန်ပါရော၊”
” ဒါတွေကိုနားမည်ဘူး ကိုကိုပြောတဲ့အတိုင်းဘဲထားပါဥိး-ဘုန်းကြိးကျောင်းမှာထားပြီး-နောင်
ဘုန်းကြီးကျောင်းကထွက်တော့ဘာလုပ်စားမတဲ့လဲ ”
” ကိုယ့်သဘောတော့ဘုန်းကြီးကျောင်းမှာစာသင်လိုစာတက်တော့-သင်္ကန်းဝတ်စေချင်တော့
တာဘဲလေ-သင်္ကန်းဝတ်ရင်းနဲ့သာသနာဝန်ထမ်းသွားရင်လဲကောင်းတာဘဲမဟုတ်လား၊သာသနာ့ဝန်
ကိုမထမ်းချင်လို-့တိုင်းရေးပြည်ရေးလိုက်စားသွားမယ်ဆိုရင်လဲ-နောင်ကိုကြီးပွါးဘို့အများကြိးမြင်
တယ်”
” အမိန့်ရှိပါအုံး ”
” မနောက်နဲ့အတည်ပြောတာ-အခုဘဲကြည့်ပါလား-ရဟန်းပျိုတွေဘယ်လောက်တန်ခိုးကြီး
ကြသလဲ-တိုင်းပြည်ခေါင်းဆောင်တွေကိုသူတို့ကြိုးကိုင်နေကြတယ်မဟုတ်လား-အမတ်ချုပ်ကြီးတွေ
နန်းရင်ဝန်ကြီးတွေတောင်သူတို့ကိုဘယ်လောက်ကြောက်ရသလဲ-အခုခောတ်မှာရဟန်းပျိုတွေဒီ
လောက်တန်ခိုးကြိးနေရင်-နောင်မောင်မွေးတို့ခောတ်ကျရင်ဘယ်လောက်တန်ခိုးကြီးမလဲဆိုတာစဉ်း
စားကြည့်ပေတော့-ရှေးတုန်းကတော့ ဘီအေ-အမ်အေ၀တ်လုံဆိုရင်အင်မတန်တန်ခိုးကြီးတယ်
မဟုတ်လား-အခုဘယ်မှာတန်ခိုးကြီးတော့လို့လဲ-နောင်မွေးတို့လက်ထက်ကျရင်အင်္ဂလိပ်စာတက်
တွေအလကားဖြစ်ကုန်မယ်ဆိုတာမှတ်ပါ-ရဟန်းပျိုတွေကအင်္ဂလိပ်စာတက်တွေထက်အဆတရာ
မကတတန်းခိုးကြီးမှာအမှန်ဘဲ-ဒီတော့မောင်မွှေကိုအင်္ဂလိပ်ကျောင်းထားပေမဲ့အကျိုးထူးမှာမဟုတ်
ဘူး-ရှေ့ရေးကိုမြင်မှနေရာကျမယ်-မောင်မွှေးတို့လက်ထက်ကျရင်-ရဟန်းပျိုတင်တဲ့ဘုန်းကြီးကျောင်း
သားမင်တိုင်ပင်အမတ်တွေ-ရဟန်းပျိုတင်တဲ့-ဘုန်းကြီးကျောင်းသားဝန်ကြီးချုပ်တွေ-ရဟန်းပျိုတင်
တဲ့ဘုန်းကြိးကျောင်းသား-နန်းရင်းဝန်တွေဖြစ်ချင်ဖြစ်နေမှာ၊မောင်မွှေးဟာ ပထမကြီးတို့ပထမကျော်
တို့အောင်ပြိး-မြန်မာပြည်မှာ ပထမဦးဆုံးရဟန်းပျိုတင်တဲ့ဘုန်းကြီးကျောင်းသားနန်းရင်းဝန်ကြီးမဖြစ်
ဘူးလို့ပြောနိုင်မလား”
” တော်ပါတော့ စကားရှည်နေတာနဲ့ ၁၁ နာရီတောင်ထိုးသွားပြိ-သည်လိုမဟုတ်ကဟုတ်က
ဘောက်စကားတွေကိုပြောနေရမယ်ဆိုရင်-မိုးလင်းတာတောင်ဆုံးမှာမဟုတ်ဘူး-သူ့ဘောက်စကား
တွေကိုနားထောင်နေတာနဲ့ဘဲ-၀တ္တုတပုဒ်တောင်ဘတ်လို့မပြီးဘူး-”
ဟုဆိုကာပေါင်ပေါ်တွင်အိပ်နေသော ကလေးကိုချီကာ အိမ်ထဲသို့ဝင်သွားလေတော့သတည်း
သိပ္ပံမောင်ဝ
ဒဂုန်မဂ္ဂဇင်း
စက်တင်ဘာလ ၁၉၃၉ .