“အိပ်မက်တစ်ခုအစပြုခြင်း”
ဘ၀တွေမှာ လျှောက်လှမ်းခဲ့ရတဲ့အချိန်ကာလတွေက များလွန်းနေခဲ့ပါပြီ၊ သာယာလှပတဲ့နေ့ရက်လေးတွေနဲ့ ကြုံတွေ့နိုင်ကြသလို၊ ၀မ်းနဲစရာကောင်းတဲ့ နေ့ရက်လေးတွေကလည်း အများအပြားပါပဲ၊ မည်သို့ပင်အကြောင်းတရားမျိုးစုံတွေ ရှိနေခဲ့ကြပါစေ၊ ရရှိလာမှုရဲ့ အကျိုးတရားတွေကတော့ အတူတူပင်ဖြစ်နေပါလိမ့်မည်။ ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ အေးချမ်းခြင်းတွေ၊ ပူလောင်ခြင်းတွေဟာ နောက်ဆုံးရှင်သန်နေချိန်ထိတိုင် ဆက်ကာဆက်ကာ ဖြစ်နေ၊ ကြုံနေကြရအုံးမှာပါ၊ ပြောင်းလဲလာခဲ့တဲ့..ပြောင်းလဲခြင်းတရားတွေနဲ့ထပ်တူ၊ အသိဥာဏ်တွေကလည်း ရင့်ကျက်လာချိန်တန်ပြီထင်ကြပါရဲ့…။
ထိုနည်းတူပါပဲ…ဘ၀ဆိုတဲ့ လောကဓံအဆိုးအကောင်းတွေရဲ့ကြားမှာ အထွေထွေသော လူတို့၏ နှုတ်မှု၊ ကိုယ်မှုတို့သည်လည်း အကျင့်စရိုက်မျိုးစုံတို့နှင့် တွေ့ထိနေကြရအုံးမှာပါ၊ မည်သို့ပင်ဖြစ်ပါစေ…လူတို့၏ အားသာချက်တစ်ခုသည် အသိဥာဏ်ရှိနေ သည်သာပင်၊ မတူညီသောဘ၀တွေမျိုးစုံမှာ..မတူညီသောလူတို့၏ ပေါင်းစပ်ဖန်တီးရမှုတို့သည်လည်း သဘာဝ အတိုင်းသာလျှင် ဖြစ်သည်၊ မေတ္တာတရားများနှင့် နှောင်ဖွဲ့နေကြသော လူသားတို့ အဘယ်သို့များဖြစ်ကုန်ကြသနည်း…။
မေတ္တာတရားဟူသည် အအေးမြဆုံးသောလက်နက်တစ်ခုပင်ဖြစ်သည်မဟုတ်ပါလား၊ သူတစ်ပါးအတွက်ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ဆိုသည့် ဒါနဟူရယ်မှမဟုတ်ပေ၊ မိမိတို့တွင်ပိုင်ဆိုင်ထားကြကုန်သော အစိုးမရနိုင်သောစိတ်နှလုံး၏ မေတ္တာတရားကို ထားနိုင်ခြင်းသည်ကပင် အမွန်မြတ်ဆုံးသောဒါနဟုပင်ဆိုနိုင်ပါသည်။ မေတ္တာတရားဆိုသည်ကား ထားရှိနိုင်ဖို့ရန်ဆိုသော်ငြား လည်း အမှန်တကယ် သူတစ်ပါးအပေါ်တွင် ထားရှိနိုင်စေဖို့ရာ အလွန်တစ်ရာမှပင် ခက်ခဲလွန်းလှပါသည်။
မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်းမှာ လူသားအားလုံးကို ငြိမ်းချမ်းစေသော မေတ္တာတရားပင်ဖြစ်ပါသည်၊ မေတ္တာဆိုသည် တစ်ဦးတစ်ယောက်တည်းအပေါ်တွင် ထားရှိခြင်းမျိုးမဟုတ်ဘဲ…လူသားအားလုံးတို့အပေါ်တွင်….ခန္တီ၏ပါရမီ သည်းခံခြင်းဆိုသည့် တရားနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာသောစေတဿိတ်တစ်ခုပင်ဖြစ်ပါသည်။ လူသားတွေရဲ့ပင်ကိုယ်စိတ်ကလေး ဟာ လှပပါတယ်၊ နူးညံ့သိမ်မွေ့မှုတွေရှိကြပါတယ်၊ အဘယ်ကြောင့် ဤတရားတွေမထား နိုင်ကြသနည်း၊
ရှင်သန်ခြင်းဆိုသည့်အချိန်ကာလနှင့် သေဆုံးခြင်းဆိုသည့်အချိန်ကာလတွေကြားမှာပင် ဖြစ်ပျက်ပြောင်းလဲမှုတရားတွေက မြန်ဆန်လွန်းလှသည်၊ မေတ္တာတွေပေးဝေငှလိုက်လို့ ကုန်သည်ရယ်လို့ရှိနိုင်မည်မဟုတ်ပါ…ထပ်တူအကျိုးတစ်ခုသာ ခံစားရအုံး မည်သာ၊ တူညီသောအကျိုးဆက်ကို…တူညီသောလူသားတိုင်း ခံစားကြရမည်မှာ မလွဲမသွေပါ။ ဘာကြောင့်များ မပေးနိုင်ကြရ သနည်း။ လူတို့၏ချမ်းသာခြင်းအစစ်အမှန်သည်…ရောင့်ရဲကျေနပ်နေခြင်းသာဖြစ်ပေသည်၊ အရာဝတ္ထုတစ်ခုကို လိုချင်လျှင် တစ်ခုတော့ သောကရတတ်ရကြစမြဲသာဖြစ်သည်၊ ထိုသို့သောကတွေသည် လိုချင်သောအရာနှင့် အားပြိုင်ညီမျှမှုမရှိပါက ဆင်းရဲခြင်းဆိုသော ဒုက္ခတရားတွေသာ ရလာမည်မှာ မလွဲနိုင်ပေ။ ၀ဋ်မှာအမြဲ…ငရဲမှာအပဆိုသော စကားသည် အမှန်ဆိုသည် စကားတစ်ခုအဖြစ်ရယ်သာမဟုတ် လက်တွေ့သဘောမျှသာဖြစ်ပါသည်။ ကိုယ်ပြုသောကံကိုယ့်ထံပြန်စမြဲသာဖြစ်ပေသည်။ အကုသိုလ်၏ အစုအဝေးသည် ကြီးထွားလာလေလေ အကျိုးပေးလည်းနည်းသောတရားမဟုတ်နိုင်ပေ။ ကုသိုလ်၏အစုအဝေး သည် သေးငယ်သော်ငြားလည်း အကျိုးပေးကြီးထွားစေနိုင်သော မျိုးစေ့တစ်ခုမျှသာဖြစ်ပါသည်။
ကျွန်ုပ်တို့လူသားတွေ မေတ္တာတရားတွေထားတတ်ဖို့ရာ မေ့နေတတ်ကြပြန်ရောလား၊ ကြမ်းကြုတ်မှုတွေရော ရှေ့ဆက်နိုင် ကြပြီလား၊ ကြောက်ရွံ့မှုမရှိသော သတ္တိများဖြင့် လောကကြီးကို အကျည်းတန်စေခဲ့ပြီလား၊ ဘယ်သောအခါမှ ဆုံးစေနိုင်အုံး တော့မည်လဲ၊ အကောင်းအဆိုးတွေကိုပျောက်ကွယ်စေနိုင်ခဲ့သော တဏှာကိုရော ပယ်သတ်နိုင်ခဲ့ကြပြီလား၊ တဏှာဆိုသည်မှာ လူတို့၏ ဖန်တီးနိုင်သမျှကို စေစားရာဖြစ်သော တပ်မက်ခြင်းတစ်ခုသာဖြစ်သည်၊ ထိုတပ်မက်ခြင်းကိုသာ နည်းပါးစွာဖြင့် လူတို့ ဆင်ခြင်နိုင်ကြလျှင်ဖြင့်….ကမ္ဘာကြီးလည်းငြိမ်းချမ်းစေမည်လော၊ ထိုသို့သောတပ်မက်ခြင်းဆိုသည့် တဏှာကိုပင် မစွန့်ပယ် နိုင်သည့်တကား…မေတ္တာဖြင့်နှလုံးသွင်း ဆင်ခြင်တုံတရားများထားရှိခဲ့နိုင်လျှင်ဖြင့်…တဏှာဆိုသည့် တပ်မက်ခြင်းကိုပင် အနိုင် ရရှိနိုင်ပေလိမ့်မည်။ ကျွန်ုတို့လူသားတွေ အိပ်မက်ရှည်ကြီးကို မက်နိုင်ဖို့ရာ…တစ်ညတာတော့ အိပ်စက်ရပေအုံးမည်၊ တစ်ညတာ အိပ်စက်နိုင်ခြင်းမရှိပါပဲလျက်..အိပ်မက်ရှည်ကြီးမက်နိုင်ဖို့ရာတော့ ဖြစ်နိုင်လိမ့်မည်မထင်မိပါ….။
နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com