သံယောဇဉ်နဲ့ဖွဲ့နှောင် ချစ်ခြင်းနဲ့ ခိုင်မာခဲ့တဲ့ တို့နှစ်ယောက် အနေဝေးလို့ သွေးအေးသွားမယ်ဆိုရင် အဝေးမှာ မနေပါနဲ့လား ချစ်သူ…
တို့နှစ်ယောက်ကြားက တည်မြဲခဲ့တဲ့ တည်မြဲနေဆဲဖြစ်တဲ့ သူငယ်ချင်းသံယောဇဉ်၊ ၁၅၀၀ ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်ခိုင်မြဲပါတယ်ပြောပြော အနေဝေးမှုကြောင့် သွေးအေးမှုတွေနဲ့ ပျက်ပြယ်မသွားစေချင်တာကြောင့်ပါ…
အချစ်မှာ အကြောင်းပြချက် မရှိပါဘူးလို့ ခံယူထားတဲ့ တို့နှစ်ယောက်လုံးအတွက် ဘယ်အရာတွေ ဘယ်လောက် အစားထိုးဝင်ရောက်လာပါစေ တုန်လှုပ်မှုမရှိ တွဲလက်မြဲခဲ့ပေမဲ့ တို့နှစ်ယောက်ကြောင့်ပဲ ဒီတွဲလက်တွေ ပြုတ်ကျသွားမှာ စိုးမိပါတယ်…
တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး တစ်နေ့လေးတောင် တွေ့ဖို့ ခက်ခဲသွားပြီဆိုရင် မင်းအသံ မင်းဟန်လေးတွေကို တယ်လီဖုန်းထဲကပဲ မှတ်မိနိုင်အောင် ငါ ကြိုးစားနေထိုင်ပါ့မယ်…
ငါ့အနားမင်းမရှိပေးနိုင်ပေမဲ့ မင်းအနားငါရှိနေသလို ဒီမက်ဆေ့ခ်ျ ဝတ္တရားလေးတွေနဲ့ မင်းအတွက် အားအင်တွေ ဖြည့်ဆည်းပေးရင်းနဲ့ပေါ့…
ဂွဒ်မောနင်း….
ဆေးသောက်ဖို့ မမေ့နဲ့နော်…
အိပ်ရာနိုးပြီလား…
မနက်စာ စားလိုက်အုန်းနော်…
၁နာရီ ထိုးပြီနော်…
ထမင်းစားချိန်ရောက်ပြီ…
ညနေရောက်နေပြီ ရေချိုးတော့နော်…
အလုပ်သွားရအုန်းမယ် မဟုတ်လား…
ဂွဒ်နိုက်…
အိပ်မက်လှလှ မက်ပါစေ……….
“အမြဲတမ်း သတိရနေပေးပါ” ဆိုတဲ့ မင်းရဲ့  မှာတမ်းစကား ငါလက်မခံချင်ပေမဲ့ ဒီထက်ဝေးမသွားဖို့ နားလည်လက်ခံချင်ယောင်ဆောင်ပေးခဲ့တယ်ဆိုတာ မင်းသိပါလေစ ချစ်သူ…
တစ်ခါတစ်လေမှာ အရာရာ ငါ့အတ္တ ငါ့ဆန္ဒနဲ့ မင်းဘက်လှည့်မကြည့်ပဲ ပြောခဲ့၊ ပြုမူခဲ့တာတွေဟာ တစ်နေ့ မင်းအတွက် ကောင်းကျိုး ဖြစ်လာမယ်ဆိုရင် မင်းရဲ့  အပြစ်တင် စကားသံတွေအောက် ငါကျေနပ်စွာ ငြိမ်ခံနေလိုက်ပါ့မယ်…
တို့နှစ်ယောက်နီးစပ်ဖို့ ဘာမဆို မင်းလုပ်ရဲပေမဲ့ လုပ်ခွင့်မပေးနိုင်တဲ့ ငါ့ကို အပြစ်မမြင်ပါနဲ့ ချစ်သူ…
ချစ်သူအပေါ် အချစ်တစ်ခုထဲနဲ့ မရောင့်ရဲနိုင်ခဲ့ဘဲ ချစ်သူကောင်းကျိုးလိုလားစွာနဲ့ အမုန်းတွေ မခံယူချင်ပါပဲ မင်းအပြုံးပျက်ပြယ်သွားအောင် ငါစွမ်းဆောင်မိခဲ့ပါတယ်…
ငါမလိုချင်တဲ့ အမုန်း ဒီအပြုံးနောက်က ဘယ်တော့များ ထွက်ပေါ်လာမလဲ စိုးရိမ်စိတ်နဲ့ပေါ့…
ငါ့အနားမှာ မင်းရှိနေဖို့ထက် ချစ်တဲ့စိတ်နဲ့ ရင်ထဲရှိနေတယ်ဆိုရင် တို့နှစ်ယောက် ဘဝ စွယ်တော်ရွက်လိုပဲပေါ့နော်…
မင်းဟာ ငါ့ရဲ့  လိုနေတဲ့ တစ်ခြမ်းမို့ မျှော်လင့်ချက် ရောင်ခြည်လေး နေဝင်မိုးချုပ်သွားမှာ စိုးမိပါရဲ့ …
မလွန်ဆန်နိုင်တဲ့ ကံတရားလှည့်ကွက်တွေထဲမှာ လွန်ဆန်ခြင်းနဲ့ တို့နှစ်ယောက်ပေါင်းစပ်နိုင်ဖို့ ငါ့အနားက ခေတ္တခဏလေးပဲ ထွက်ခွာသွားပါ ချစ်သူ…
မင်းရဲ့ ဆန္ဒ ငါ့ရဲ့  မျှော်လင့်ချက်လေး ပြည့်ဝလာတဲ့တစ်နေ့တော့ ငါ့အနား မင်းအပြေး လှမ်းလာခဲ့ပါနော်…
မင်းကြားချင်တဲ့ စကားသံတွေ ငါ့နှုတ်က အမြဲပွင့်အံမကျလာပေမဲ့ ရင်ထဲမှာတော့ ရေတံခွန်လို အမြဲစီးဆင်းနေလျက်ပါ…
မင်းချစ်မိခဲ့တဲ့ ငါ့ရဲ့ အရိပ်လေးတွေ တစ်ခြားသူမမြင်နိုင်အောင် ဖုံးကွယ်ထားရင်းနဲ့ မှာချင်ပါတယ် မင်းအတွက် ဒီစကားသံလေးတွေ-
မြင်လှည့်ပါ
မင်းရဲ့ အနီးမှာရှိတဲ့ ငါ့ကိုလေ
ပြောလှည့်ပါ
မင်းဘဝမှာရင်ဖွင့်စရာတွေ ကြုံလာတဲ့အခါ
ခေါ်လှည့်ပါ
ငါ့အကူအညီကို လိုအပ်လာတဲ့အခါ
ထားခဲ့ပါ
ငါ့ထက်ပေးဆပ်နိုင်သူကို မင်းတွေ့သွားတဲ့အခါ……
ရင်ထဲကအချစ် လှစ်ဟာမပြခဲ့ပေမဲ့ ချစ်တာတွေ မင်းသိနိုင်ဖို့ ဒီမေတ္တာစာလေးနဲ့ ဖွင့်ကာပြပါရစေတော့နော်………………..
(ကိုယ်တိုင်ရေး)