အမျိုးသမီးများသည် မိမိတို့၏ အသက်အရွယ်အလိုက် စမ်းသပ် စစ်ဆေးသင့်သည်များ ရှိပေရာ အောက်တွင် ဖော်ပြထားသော စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် အမျိုးသမီးများအတွက် အနရယ်ရှိနိင်သော ရောဂါများဘေးမှ ကြိုတင်ကာကွယ်နိုင် မည် ဖြစ်သည်။
၁။ နှလုံးကျန်းမာရေးအတွက် စစ်ဆေးခြင်း
နှလုံးရောဂါသည် အမျိုးသမီးများတွင် အဖြစ်များသော ရောဂါတမျိုးဖြစ်ပြီး ရင်သားကင်ဆာနှင့် သေဆုံးသောဦးရေထက် အဆပေါင်း ခြောက်ဆခန့် ပိုများပါသည်။
နှလုံးသွေးကြောရောဂါ၏ ၈၀% သည် ကျန်းမာရေးနှင့် ညီမျှသော အစားအသောက်များကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း စသည့် လူနေမှုပုံစံပြောင်းလဲရုံဖြင့် ကာကွယ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုနှင့် များစွာ ဆက်စပ်နေသော သွေးထဲတွင်ရှိသော ကိုလက်စထရော ကိုစစ်ခြင်းဖြင့် မိမိအား အကျိုးဖြစ်စေမည့် ကိုလက်စထရော HDL မိမိအား ဆိုးကျိုးကိုဖြစ်စေနိုင်သော ကိုလက်စထရော LDL နှင့် သွေးထဲတွင်ရှိသော အဆီပမာဏ triglycerides တို့ကိုသိနိုင်ပါသည် ။
အကယ် အမျိုးသမီးတယောက်သည် နှလုံးခုန်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှုကျပ်ခြင်း များရှိပါလျှင် လေ့ကျင့်ခန်း လုပ်ပြီး နှလုံးကို စမ်းသပ်ခြင်းဖြစ်သော stress ECG ကိုလုပ်သင့်ပေသည်။ ယင်းသို့ လုပ်ခြင်းအားဖြင့် သင့်နှလုံးကို သွေးထောက်ပံ့မှု နည်းမနည်းကို သိရှိနိုင်ပေသည်။
ထို့အတူပင် သွေးပေါင်မြင့်တက်ခြင်းသည်လည်း သင့်ကို နှလုံးရောဂါဖြစ်ရန် တွန်းပို့နိုင်သည် ဖြစ်သဖြင့် သင့်မိသားစု ဆရာဝန်မှ သင့်အား သွေးပေါင်တိုင်း မည်ဖြစ်သည်။
သွေးချိုဆီးချို ဖြစ်ပွားခြင်းသည်လည်း နှလုံးရောဂါဖြစ်ဖို့ အလား အလာ များစွာရှိသည်မို့ သင့်တွင် သွေးချို ဆီးချိုရှိသော မိသားစုရာဇ၀င်ရှိမည်၊ သို့မဟုတ် သင့်ကိုယ်အလေးချိန်သည် ပုံမှန်ထက်ပိုနေမည်ဆိုပါလျှင် သွေးချိုဆီးချိုရှိမရှိကိုပါ စစ်သင့်ပေသည်။
၂။ သားအိမ်ခေါင်း ကင်ဆာအတွက် စစ်ဆေးခြင်း
အမျိုးသမီးတယောက်သည် လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိပြီး သုံးနှစ်အတွင်း သို့မဟုတ် အသက် ၂၁ နှစ်ပြည့်ပြီးသည့်အချိန်မှ စ သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးသည့် နည်းလမ်းတခုဖြစ်သည့် pap test ကိုပြုလုပ်သင့်ပါသည်။ pap test ဆိုသည်မှာ သားအိမ်ခေါင်းမှ ဆဲလ်အနည်းငယ်ကိုယူကာ ကင်ဆာဖြစ်စေနိုင်သော သို့မဟုတ် ကင်ဆာဖြစ်နေလျှင် ဖြစ်ပွားတတ်သော ဆဲလ်များ၏ ပုံစံ လကဏာများကို ရှာဖွေခြင်းဖြစ်သည်။
ထို့ကြောင့် သင့်အသက် ၃၀ မပြည့်မှီအထိ ယင်းစမ်းသပ်ခြင်းကို တနှစ်တခါ ပြုလုပ်သင့်ပါသည်။ အသက်၃၀ ပြည့်ပြီး pap test ၃ခါစလုံးတွင် ပုံမှန်ဖြစ်နေသော အမျိုးသမီးတယောက်သည် နောင် ၂နှစ် သို့မဟုတ် ၃နှစ်ကြာသော အခါမှ တခါလုပ်လျှင်လည်း ရနိုင်ပေသည်။
သားအိမ်ခေါင်းကင်ဆာသည် United States တွင် သေဆုံးမှုများသော ရောဂါဖြစ်သော်လည်း pap test ကို ကျယ်ကျယ်ပြန့်ပြန့်စစ်ခြင်းအားဖြင့် ရောဂါကို အစောပိုင်းကာလတွင်ပင် သိရှိနိုင်သောကြောင့် သားအိမ်ခေါင်းကင်ဆာကြောင့် pap test ပုံမှန်မဟုတ်သော အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ ကိုဖြစ်စေရာတွင် အဓိက ဖြစ်သော ဗိုင်းရပ်စ်တမျိုးဖြစ်သည့် human papiloma virus (HPV) ကို စစ်ဆေးသင့်ပေသည်။ HPV သည် လိင်မှ တဆင့်ကူးစက်တတ်သော ဗိုင်းရပ်စ်တမျိုးဖြစ်ပြီး ယင်းသို့စစ်ခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာနှင့် ဗိုင်းရပ်စ် ဆက်စပ်မှုများ ကို သိနိုင်ပေသည်။
အမျိုးသမီးတယောက်သည် အသက်၃၀ နှင့် အောက်အရွယ်ဖြစ်ပြီး pap test သည် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် မသေချာခဲ့လျှင် HPV ဗိုင်းရပ်စ်ကို စစ်ရမည်ဖြစ်ပြီး ။ အသက်၃၀ အထက်ဖြစ်ခဲ့ပါမူ pap test လုပ်စဉ်ကတည်းကပင် HPV ဗိုင်းရပ်စ်ကို စစ်ရမည်ဖြစ်သည်။
ယခုအခါ ယင်း ဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးများပေါ်နေပြီဖြစ်ပြီး အသက် ၁၁ နှစ်မှ ၁၂ နှစ် မိန်းကလေးများ ကိုထိုးနိုင်သည်။ ယင်းဆေးကိုပင် အသက် ၁၃ နှစ်မှ ၂၆ နှစ် အထိ ယခင်ကာကွယ်ဆေးထိုးမထားသော သူများ၊ သို့မဟုတ် ဆေးပတ်လည်အောင် မထိုးထားသော သူများ ကို ထိုးပေးနိုင်ပြီဖြစ်သည်။ ယင်းဆေးကို ထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ရာတွင် ၉၀% ထိရောက်မည်ဖြစ်သည်။
၃ ။ရင်သားကင်ဆာအတွက် စစ်ဆေးခြင်း
အသက် ၄၀ နှင့်အထက် အမျိုးသမီးများ သည် ရင်သားကို ဓါတ်မှန်ရိုက်ခြင်းတမျိုးဖြစ်သော mammogram ကို တနှစ် သို့မဟုတ် ၂နှစ်တကြိမ် ပြုလုပ်သင့်ပေသည်။ အသက် ၅၀ နှင့်အထက် အမျိုး သမီးများတွင်တော့ ၁နှစ်တကြိမ် ပြုလုပ်သင့်ပေသည်။
ရင်သားကင်ဆာ ကို အဆင့် ၁ တွင် သိရှိနိုင်ခဲ့ပါလျှင် ၉၇% မှာ ကုသနိုင်သော ရောဂါဖြစ်သော်လည်း mammogram ကိုပြုလုပ်ရန် နှောင့်နှေးမှုများကြောင့် အခက်အခဲ များစွာ ရှိနေသေးပေသည်။
ထို့အပြင် အမျိုးသမီးများသည် အသက် ၂၀ မှ ၃၀ အတွင်း မိသားစုဆရာဝန်ထံတွင် ၃ နှစ်လျှင် တကြိမ် ရင်သား စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သင့်ပြီး ရင်သား တွင် မင်္သကာဖွယ် အဖုအကျိတ်များ ရှိမရှိကို စစ်ဆေးသင့်ပေသည်။ အသက် ၄၀ ကျော်လျှင် ရင်သား စမ်းသပ်မှုကို ၁နှစ်လျှင် တကြိမ် ပြုလုပ်သင့်ပေသည်။ သို့မဟုတ် မိသားစု ဆရာဝန်ထံမှ မည်သို့မည်ပုံစမ်းသပ်ရမည်ကို သင်ကြားသင့်ပေသည်။
၎။ အူမကြီး ကင်ဆာအတွက် စစ်ဆေးခြင်း
အူမကြီးကင်ဆာသည် အမျိုး သားများတွင် သာမက အမျိုးသမီးများတွင်လည်း ဖြစ်ပွားမှုများလာသော ရောဂါတမျိုးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၇ ခုနှစ်တွင် အူမကြီးကင်ဆာ ဖြစ်ပွားသော အမျိုးသမီး ၇၅၀၀၀ ယောက်ရှိသည်ဟုဆိုသည်။
အူမကြီးကို မှန်ပြောင်းဖြင့်ကြည့်ခြင်းဖြင့် စအိုမှ စပြီး အူမကြီးတလျှောက်တွင် ကင်ဆာဖြစ်နိုင်သော လကဏာများကို ၊ အလုံး များ ၊ ကို မြင်နိုင်မည်ဖြစ်သည်။
မှန်ပြောင်းမကြည့်ခင်တရက်တွင် ညွှန်ကြားထားသော အစားအသောက်များကို စားသုံးရမည်ဖြစ်ပြီး ထိုနေ့မတိုင်ခင်တညတွင် ၀မ်းနှုတ်ဆေး သောက်သုံးရမည်ဖြစ်သည်။ ထို့အပြင် လိုအပ်ခဲ့ပါလျှင် သင့်အား ၀မ်းချူပါလိမ့်မည်။
ယင်း သို့မှန်ပြောင်းဖြင့်ကြည့်ရာတွင် စမ်းသပ်ခံမည့် လူအား သွေးပြန်ကြောမှတဆင့် သင့်စိတ်ကို ငြိမ်အောင်၊ သင့်၏ ကြွက်သားများ အနည်းငယ် ပျော့ပျောင်းလာအောင် လုပ်ကာ ကင်မရာ တပ်ထားသော မှန်ပြောင်းအသေးကလေးဖြင့် သင့်စအိုပေါက်မှတဆင့် သင်၏ အူမြူကီး အထိ ကြည့်မည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုတွင် အဖြစ်အများဆုံးသော ကင်ဆာရောဂါကို ကြိုတင်သိရှိနိုင်မည်ဖြစ်သည်။
အသက်၅၀ကျော်လျှင် အူမကြီးကင်ဆာ ဖြစ်နိုင်သော အမျိုးသား အမျိုးသမီးတိုင်းသည် ၁၀ နှစ်တကြိမ် မှန်ပြောင်းကြည့်သင့်ပေသည်။ သင့်မိသားစုတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ ရှိခဲ့ပါလျှင် ထိုသူရောဂါဖြစ်ပွားမှုကို သိသောသင့်မိသားစုဝင်၏ အသက်ထက် ၁၀ နှစ်ကြို ပြီး သင်၏ မှန်ပြောင်း ကြည့်မှုကို ပြုလုပ်သင့်ပေသည်။
၅။ အရေပြား ကင်ဆာအတွက် စစ်ဆေးခြင်း
အသက် ၁၈ နှစ်ပြည့်ပြီးသော သူတိုင်းသည် အရေပြားဆရာဝန်ထံတွင် အရေပြားစစ်ဆေးခြင်းကို နှစ်စဉ်ပြုသင့်ပေသည်။ ထိုသို့ ဆံစ မှ ခြေဖျားအထိ ပုံမှန်မဟုတ်သော အစက်အပျောက်ကလေးများကို လေ့လာခြင်းဖြင့် သင့်၏အရေပြားကင်ဆာ ဖြစ်ပွားမှုကို ကြိုတင်သိရှိနိုင်ပေလိမ့်မည်။ လစဉ်လတိုင်းတွင်လည်း သင့်ကိုယ်တိုင်ပင် မှန်တချပ်ဖြင့် သင်၏ ဦးရေပြားကို စစ်ဆေးသင့်ပေသည်။ ထို့နောက် သင့်လက်ဖ၀ါး၊ ခြေဖမိုး၊ နှင့် လက်မောင်းအောက်တို့တွင် မှည့်အသစ်များ ပေါ်လာမလာကို သေချာစစ်ဆေးသင့်ပြီး သံသယဖြစ်စရာ အမည်းစက်ကလေးများပေါ်လာပါက မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
melamoma ဟုခေါ်သော အရေပြားကင်ဆာတမျိုးသည် အရေပြားကင်ဆာအားလုံး၏ ၄% ခန့်သာဖြစ်ပွားသော်လည်း အသေအပျောက်အများဆုံး အရေပြားကင်ဆာအဖြစ် နေရာယူထား လေသည်။ ၂၀၀၇ တွင် အမေရိကန်ပြည်ထောင်စုတွင် melamoma ဖြစ်သော လူနာအသစ် ၆၀၀၀၀ ရှိပြီး ၈၀၀၀ ထက်မနည်း သေဆုံးနိုင်သော ထိုရောဂါသည် အစောပိုင်းကာလများတွင် သိရှိနိုင်ပါက အသက်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် သင်သည်အမျိုးသမီး တဦးဖြစ်ခဲ့ပါလျှင် အဆိုပါ စမ်းသပ်မှု ၅ ခုကိုပြုလုပ်ခြင်းဖြင့် သင့်ကံကြမာဆိုး ကိုအတန်အသင့်ရှောင်ရှား နိုင်မည်ဖြစ်ပြီး အကယ်၍ သင်သည် အမျိုးသားတစ်ဦးဖြစ်ကာ သင်နှင့်သက်ဆိုင်သူအား ယင်းစစ်ဆေးမှုများကို ပြုလုပ်စေခဲ့ပါလျှင် အနာဂတ်တွင် ထိုသူမ အပေါ်တွင် သင်ဖြစ်ပွားရမည့် စိုးရိမ်ပူပန်မှုများကို အတန်အသင့် လျော့ပါးစေမည်ဖြစ်သည်။
မွန်းသက်ပန် (ဆေး-၁)
ဖတ်မိသမျှ ပြန်လည်တင်ပေးခြင်းသာဖြစ်ပါသည်။