ကျွန်မအလုပ်ကိုအသွား ကားပေါ်မှာထိုင်နေရင်းက မှတ်စုစာအုပ်လေးကိုထုတ် ဒီနေ့အဖို့ အလုပ်ခွင်အတွက် ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးတွေကို ပြန်လည်အမှတ်ရစေဖို့ ပြန်ကြည့်၊ ပြန်စဉ်းစားရင်း လိုက်ပါလာခဲ့ပါတယ်။ သိမ်ကြီးဈေးအရောက်မှာတော့ ထုံးစံအတိုင်း မီးပွိုင့်မိပြန်ပါတယ်။ မီးပွိုင့်က 50ကျော် ဆိုလေတော့ စောင့်လေအုံးတော့ပေါ့။ အဲ့ဒီမှာ ကျွန်မမျက်လုံးရောက်သွားရာ အရပ်ဒေသက ကျွန်မထက် တော်တော်ငယ်မဲ့ ကောင်မလေးနဲ့ကောင်လေးပါ။ ကြည့်ရတာတော့ စိတ်တူကိုယ်တူ အချစ်တွေ ညီမျှနေတဲ့၊ ချစ်ငှက်မောင်နှံလေးတွေဖြစ်နေကြသေးတဲ့ ချစ်သူစုံတွဲလေးအဖြစ်နဲ့ပေါ့။
ငယ်သေးလို့လဲ သတိထားမိသွားတာပါ။ သူတို့လေးတွေရဲ့ ခြေလှမ်းတွေကတော့ သိမ်ကြီးဈေး ဂုံးကျော်တံတားပေါ်တက်နေကြဆဲ ပါ။ ဖြစ်ချင်တော့ ကျွန်မစီးလာတဲ့ကားကလည်း မီးပွိုင့်ရဲ့တန်ခိုးကြောင့် တံတားအောက်မှာ ရပ်တန့်နေရခြင်းပါ။ သူမတို့နှစ်ယောက် ကလူကျီစယ်ကြရင်း ကောင်မလေးရဲ့ လမ်းလျှောက်ဟန်ကို ဒုတိယသတိထားမိသွားပြန် ပါတယ်။ သူစီးထားတဲ့ဖိနပ်က တော်တော်ကိုမြင့်ပါတယ်။ ထသွားလာသွားလောက်သာစီးသင့်တဲ့ဖိနပ်အမြင့် အမျိုးအစားပါ။ ပုံသဏ္ဍာန်ကြည့်ရတာတော့ ရှိုးအပြည့်ထုတ် လာပုံရပေမဲ့ ဖိနပ်ရဲ့အမြင့်အားကြောင့် ဒါမှမဟုတ် ဖိနပ်ပေါက်တဲ့ ဝေဒနာကြောင့်လျှောက်တဲ့ခြေလှမ်းတိုင်း မသက် မသာဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မတတ်အပ်သိနေပါတယ်။ ကျွန်မလဲ ဒေါက်မြင့်ကို နှစ်ခြိုက်ခုံမင် တတ်သူမျိုးပါ။ ဒါပေမဲ့ နေရာဒေသနဲ့ သွားရတဲ့ခြေလှမ်း အရေအတွက်များများလျှောက်ရမဲ့ အခြေအနေမျိုးကိုမှ ဒီဖိနပ်ကို မှားယွင်းစွာ ရွေးချယ်လာခဲ့မိတဲ့သူမကို ကိုယ်ချင်းစာလာမိပါတယ်။ ကျွန်မကဲ့ရဲ့တာ မဟုတ်ရိုးအမှန် ပါ။
နောက်တချက်ကတော့ သူမရဲ့ဝတ်စားဆင်ယင်ပုံပါ။ ခေတ်အမှီလိုက်နိုင်၊ ခေတ်ဆန်တဲ့ငယ်ရွယ်သူတစ်ဦးပါ။ စကပ်ကားကားအတို (ပေါင်လယ်)ကလေးကို ၀တ်ဆင်ထားပါတယ်။ လှလဲလှသလို၊ စကပ်အဖြူ၊ ဖိနပ်အဖြူနဲ့ဆိုတော့ သူမတော်တော်လေးကို ထင်ထင်ရှားရှားဖြစ်လို့နေပါတော့တယ်။ သူမစကပ်က ၀ဲဝဲကားကားလေးပါ။ သူမရဲ့ခြေလှမ်းတွေ လှေကားထစ်ဆီ တထစ်ပြီးတထစ်တက်လာလေ စကပ်အ၀ဲအကားလေးက တစ်ဆင့်ထက်တစ်ဆင့် လေထဲဝဲပြန်နေပါရောလား။
ဘုရား... ဘုရား.... ကျွန်မမျက်လုံးတွေကိုလွှဲလိုက်ရပါတယ်။ သူမကတော့ နောက်ထပ်လှေကားထစ်တွေကို မသိလိုက်မသိဖာသာပဲ ကျော်ဖြတ်သွားမှာပါ။ ဒီတံတားကြီးရဲ့ အောက်မှာရပ်နေကျတဲ့ကားတန်းကို အမှုမဲ့ အမှတ်မဲ့ပဲ သူမရှိနေမှာပါ။ ဒီကားထဲမှာရော ကျွန်မမြင်တဲ့ မြင်ကွင်းအထိ ရပ်တန့်သွားကြမဲ့သူတွေ ကျွန်မအမြင် ထက်ကျော်လွန်သွားကြမဲ့သူတွေ ဘယ်ရွေ့ဘယ်မျှလောက် ရှိနေအုံးမှာပါလိမ့်???
ခုခေတ်မိန်းကလေးတွေ တော်တော်ကိုလှလာကြပါတယ်။ တချို့ဆိုမိန်းကလေးချင်းတောင် ငေးယူနိုင်လောက် အောင်ကိုလှကြပါတယ်။ အတော်ကို ကုသိုလ်ကံကောင်းကြ သူတွေပါ။ မွေးရာပါမလှမပကြရင်တောင် အလှပြင်ပစ္စည်းအမျိုးမျိုး၊ ခွဲစိတ်ကုသမှုအဖုံဖုံနဲ့ မိမွေးတိုင်း ဖမွေးတိုင်း ထက်လှပလာအောင် ပြုပြင်လို့ရနေတဲ့အချိန်အခါဆိုတော့ အပြင်ထွက်ရင် အလှတွေကိုပဲမြင်နေရတာမျိုးပါ။ ၀တ်စားဆင်ယင်မှု ပေါ်ပေါ်လော်လော်မှလှကြရတာ မဟုတ်ပါဘူး။ နေ့ထူးနေ့မြတ်တွေမှာ တွေ့ရတတ်တဲ့ မိန်းမငယ်လေးတွေဆို အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ထည်ပြားချပ်ချပ်ပေမဲ့ မြန်မာအ၀တ်အစားနဲ့ လိုက်ဖက်နေတာတွေ မကြာခဏတွေ့ရတတ်ပါတယ်။ အချိန်အခါ၊ နေရာဒေသတိုင်းမှာ ရင်စေ့လက်ရှည်နဲ့ ထမီစွန်တောင်ဆွဲရမယ်လို့ မဆိုလိုပါဘူး။ ကျွန်မလဲ အဲ့ဒီလိုမ၀တ်နိုင်ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်ဌာနပေါ်မူတည်ပြီး ခေတ်ဆန်ခြင်းဆီမရောက်သေးတဲ့ လိုက်လျောညီထွေလေးဖြစ်စေတဲ့ အ၀တ်အစား တွေကိုတောင် အလုပ်ခွင်မှာ ရှောင်ကြဉ်ခဲ့တာကြာပါပြီ။ ကိုယ်မ၀တ်ဖြစ်လို့ သူများကို မ၀တ်စေချင်တဲ့ မစ္ဆရိယစိတ်မျိုးလဲမရှိပါဘူး။ သတိမမူဂူမမြင် ဆိုရိုးကရှိလေတော့ သတိမူသင့်တဲ့ နေရာလေးကို ဆင်ခြင်နိုင်ဖို့ရာ မီးထိုးပြရုံလေးပါ။ ခေတ်မှီတာကောင်းသလို၊ ခေတ်ဆန်တာကလဲ အ၀တ်အစားနဲ့ လိုက်လျော ညီမယ်ဆိုရင် အင်မတန်လှပလိုက်ဖက်ပါတယ်။ မြန်မာပြည်ကမြန်မာမိန်းကလေးများ အဘက်ဘက်က အလေးထားပြီး ဖုံးစေ၊ ဖိစေချင်တဲ့ စိတ်တခုကြောင့် ဒီpostကို ရေးသားလိုက်ရခြင်းပါ။ အထူးသတိပြု ရှောင်ကြဉ်ရင်ဖြင့် စာစီရကျိုး အချိန်ပေးရကျိုးနပ်ပါတယ်......