“ဂွပ်”
အောက်ခံခွက်ထဲသို့ ဖုန်းကို ဆောင့်ချလိုက်သောအသံက ဆောင့်အောင့်ထွက်သွားသည်။
ထိုအသံနှင့် မရှေးမနှောင်းမှာပင် ထွက်လာသော တောက်ခေါက်သံမှာလည်း တစ်ခန်းလုံး
တုန်ဟည်းသွားသည်ဟု ထင်ရသည်။
စာကြည့်နေသော တစ်တန်းကျောင်းသားလေး “ဖြိုးဝေ” သည်ပင် လန့်သွားသဖြင့်
စာကိုမကြည့်ဘဲ ဖခင်ကို လှမ်းကြည့်လိုက်မိသည်။
ဦးမြင့်စိန် မကျေမနပ်နှင့် အံကို တင်းတင်းကြိတ်လိုက်မိသည်။
ဒီခေတ်က လူတွေဟာ ကတိသစ္စာ မရှိကြတော့ပါလား။ ညနေကမှ နှုတ်ဖြင့်
ကတိပြုခဲ့သောလုပ်ငန်းသည် ည (၉) နာရီမှာ ပျက်သွားလေပြီ။ ကျပ်သိန်း (၁၅၀၀) ဖြင့်
စကားပြောပြီးသားလုပ်ငန်းကို ယခုည (၉) နာရီကျမှ သိန်း (၁၃၀၀) ဖြင့် လာပြီး
ဈေးဆစ်နေသည်။
ဦးမြင့်စိန်၏ကန်ထရိုက်ဘ၀တစ်ခု
လုံးတွင် မဟုတ်တာ မလုပ်ခဲ့မှန်း သိပါလျက် ယခုလို
တင်စီးခြင်းမျိုးကို မည်သို့မျှ သည်းမခံနိုင်။ ထို့ကြောင့်လည်း
ဈေးလျှော့မပေးဘဲ လုပ်ငန်းကို ဖျက်လိုက်ပြီ ဖြစ်သည်။ ပေါချောင် မကောင်း
ကန်ထရိုက်တစ်ယောက်က ပစ္စည်း၊ ၀ိတ်အားတွေ လျှော့ပြီး သူ့အလုပ်ကို
ဝင်ပြီးလုပြီဖြစ်ကြောင်း ဦးမြင့်စိန် ပြေးမကြည့်ဘဲ သိသည်။
နှစ်အတန်ကြာက မြောက်ဒဂုံတွင် အတန်းကျောင်းကြီးတစ်ကျောင်း ပြိုကျသည်ကို
အမှတ်ရနေသည်။ ကျောင်းသူ၊ ကျောင်းသား၊ ဆရာမိဘ အတော်များများ သေဆုံးသွားကြသည်။
ကျောင်းအပ်ချိန်တွင် ဖြစ်သွားသောကြောင့် ပို၍ အသေအပျောက်များခြင်း ဖြစ်သည်။
“ပေါချောင်ကောင်း” ဆိုသော စကားသည် မှားနေသည်။ ပေါ-ချောင်နေမှတော့ ဘယ်သောအခါမှ
ကောင်းမည် မဟုတ်ပေ။ ယခုလို ပြိုကျခြင်းသည် ပစ္စည်းဝိတ်လျှော့ပြီး
ပေါ-ချောင်ဖြင့် ဆောက်ထားခြင်းကြောင့် မကောင်း၍ ပြိုကျခြင်းပင် မဟုတ်ပါလော။
မနေ့ညနေကျ နေ့ချင်းပြီး စာချုပ်မချုပ်လိုက်မိသော မိမိကိုယ်မိမိလည်း
အပြစ်တင်မိသည်။ ဧည့်ခန်းထဲတွင် စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်ရင်း
အချိန်ဖြုန်းနေမိသည်။ ဖြိုးဝေက (၉) နာရီဆို အိပ်နေကျ။ ယခု (၁၀)
နာရီထိုးတော့မည်၊ ဖခင်က မထသေး။ မိခင် မရှိတော့ကတည်းက ဖခင်ကို
ပုံချစ်နေရှာသော ဖြိုးဝေတစ်ယောက် ဖခင်နှင့်သာ အတူအိပ်ချင်သည်။
ဖခင်ပြောသော အိပ်ရာဝင်ပုံပြင်များကို နားထောင်ချင်သည်။ ထို့ကြောင့်လည်း
ဖခင်နားသို့ မရဲတရဲကပ်၍-
“အဖေ၊ အိပ်ကြစို့လေ”
“သွားအိပ်နှင့်ကွာ”
ဖြိုးဝေတစ်ယောက် အတွန့်မတက်ရဲတော့ဘဲ အိပ်ခန်းထဲသို့
ကုပ်ချောင်းချောင်းလေး ၀င်သွားသည်။ အရင်တစ်ရက်က “မအိပ်ချင်သေးဘူး” ဟု
ပြောကာ ယခုလို စီးကရက်တွေ ထိုင်ဖွာနေသော ဖခင်ကို သူက
နွဲ့ဆိုးဆိုးသည့်အနေဖြင့် လက်ကို ဆွဲခေါ်မိသည်။ သူ ထင်ထားသည်က
“သားကလည်းကွာ၊ အဖေ မအိပ်ချင်သေးဘူးလို့ ပြောလျက်သားနဲ့” ဟု ဆိုကာ
လိုက်ပါလာမည်ဟု ထင်သည်။ ထိုအရင်ညများက ဤကဲ့သို့ပင် လိုက်ပါလာခဲ့သည်
မဟုတ်ပါလော။
သို့သော် ထိုနေ့ညက အဖေကတော့ အိပ်ရာထဲသို့ မရောက်။ အဖေ့လက်ဝါးတစ်ဖက်ကသာ
ဖြိုးဝေ၏နားရင်းပေါ်သို့ ဖြောင်းခနဲနေအောင် ရောက်လာခဲ့သည်။ ဖြိုးဝေ
ယိုင်လဲမတတ်ဖြစ်သွားသည်။ နားအူသွားသလို မျက်စိလည်း ပြာခနဲ ဖြစ်သွားသည်။
နာတာထက် ဘာဖြစ်လို့ ရိုက်မှန်းမသိတာက သူ့ကို ပို၍ ၀မ်းနည်းစေသည်။
ငိုခြင်းသည် ကလေး၏သောကထွက်ပေါက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဖြိုးဝေ
ငိုမည်ပြုသောအခါ အဖေက-
“မင်း အသံတစ်ချက် ထွက်ကြည့်စမ်း။ မျက်ရည်တစ်စက်ကျကြည့်စမ်း။ သေအောင်ကို
ရိုက်ပစ်မယ်။ သေသွားတဲ့ မင်းအမေလိုပဲ ဘာမှ လူရိပ်လူကဲ နားမလည်ဘူး။ ဒီမှာ
အလုပ်ကိစ္စ အဆင်မပြေလို့ စိတ်တိုနေပါတယ်ဆိုမှ လူကို လာပြီး
ဆွဲလားရမ်းလားနဲ့”
ထိုအချိန်မှစပြီး အဖေ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်ပြီး
သုန်သုန်မှုန်မှုန်ဖြစ်နေချိန်ဆိုလျှင် “အပြစ်မရှိလည်း အဖေက သူ့ကို
ရိုက်တတ်သည်” ဟု ဖြိုးဝေ အသေမှတ်ထားလိုက်သည်။ အဖေ ပြောတဲ့ အလုပ်ကိစ္စ
အဆင်မပြေ ဆိုတာကို သူနားမလည်ပါ။ သူ နားလည်တာက ကျောင်းသွားမယ်၊ ကစားမယ်၊
စားမယ်၊ အဖေနဲ့အတူ အိပ်မယ်၊ အဖေပြောတဲ့ပုံပြင်ကို နားထောင်မယ်။ ဒါပဲ သူ
သိသည်။
ခုတင်ပေါ် ရောက်တော့ အိပ်ရာထဲ လှဲချလိုက်သည်။ ဘေးနားမှာ အဖေ မရှိတော့
ဖြိုးဝေ တစ်ခုခုလိုနေသလို ဖြစ်နေသည်။ ဘာလိုနေမှန်းလည်း သူ မသိ။ (၁၂)
နာရီလောက်တွင် အိပ်ခန်းထဲသို့ ဦးမြင့်စိန် ၀င်လာသည်။ အိပ်ရာပေါ်သို့
လှဲချလိုက်သော်လည်း အိပ်၍မရ။ ကတိပျက်သော သူဌေးဦးစိန်မျက်နှာက မျက်စိထဲ
ပေါ်လာသည်။ အခုအချိန်မှာသာ ထိုသူအနားမှာရှိလျှင် အမှုန့်ကြိတ်ပစ်မိမည်
ထင်သည်။
ထိုအချိန်မှာပင် စူးရှရှအနံ့တစ်ခုက ဦးမြင့်စိန်၏နှာခေါင်းထဲသို့
ဝင်လာသည်။ ဦးမြင့်စိန်နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်ကြည့်လိုက်သည်။
သေချာပြီ။ သေးနံ့။ ဒီကောင် ဖြိုးဝေ သေးပေါက်ပြန်ပြီ။ ဦးမြင့်စိန်
မီးဖွင့်ပြီး အိပ်ရာခင်းကို ကြည့်လိုက်ရာ ဧရာမ သေးကွက်ကြီးကို
တွေ့လိုက်ရသည်။
“ဟေ့ကောင်- ထစမ်း”
ဦးမြင့်စိန်က ဖြိုးဝေလက်ကို ဆွဲဆောင့်ပြီး ထိုင်ခိုင်းလိုက်သည်။
ဖြိုးဝေးမှာ အသနားခံသောမျက်လုံးလေးနှင့် ဖခင်ကို ပြန်ကြည့်ရုံမှတစ်ပါး
ဘာမှမပြောနိုင်ရှာ။ သူ သေးပေါက်သောပြစ်မှုကြောင့် ကြိမ်ဒဏ် (၁၀) ချက်စီ
နှစ်ကြိမ် အရိုက်ခံရပြီးပြီ။ ယခု တတိယအကြိမ် အရိုက်ခံရဦးတော့မည်။ သူ
သတိထားသော်လည်း အိပ်ပျော်သွားသည်နှင့် သေးက ဘယ်လိုလုပ် ထွက်သွားမှန်း သူ
မသိ။
ဖြိုးဝေ သူ့အဖေကို လှမ်းကြည့်လိုက်သောအခါ အိပ်ခန်းထောင့်တွင် ထောင်ထားသော
ကြိမ်လုံးကို ဆွဲမယူဘဲ ဧည့်ခန်းဘက် ထွက်သွာသဖြင့် ဘယ်လိုအပြစ်များ
ပေးမှာပါလိမ့်ဟု သူတွေးသည်။ သူ့အဖေ အခန်းထဲ ၀င်လာသောအခါ
ပလတ်စတစ်ကြီးများနှင့် သူ ကစားသော သားရေကွင်းများ ပါလာသည်ကို တွေ့ရသည်။
သူနှင့် သားရေကွင်းပစ်တမ်း ကစားဖို့တော့ မဖြစ်နိုင်။ သူ့အဖေမျက်နှာက
ဒေါသကြောင့် ကြမ်းတမ်းခက်ထန်နေသည် မဟုတ်ပါလား။
အခန်းထဲ ရောက်သောအခါ ဦးမြင့်စိန်က ဖြိုးဝေတစ်ကိုယ်လုံးမှအ၀တ်များကို
ဆွဲချွတ်သည်။ ကိုယ်လုံးတီးဖြစ်သွားသောအခါ မတ်တတ်ရပ်ခိုင်းပြီး ဖြိုးဝေကို
လက်ပြန်ကြိုးတုပ်သည်။ ပြီးသောအခါ ဖြိုးဝေနှင့် (၁၀) ပေအကွာလောက်တွင်
သွားရပ်ပြီး သားရေကွင်းဖြင့် ပစ်ရန် စီစဉ်နေသည်။ သားရေကွင်းဖြ့် ပစ်လျှင်
ကြိမ်လုံးနဲ့ရိုက်တာလောက် မနာနိုင်ဟု ယူဆပြီး ဖြိုးဝေက ဟင်းချုလိုက်သည်။
မပစ်မီ သူ့အဖေ ပြောလိုက်သောစကားကြောင့် ဖြိုးဝေ လန့်ပြီး
တုန်တောင်သွားမိသည်။
“ကဲ- ဖြိုးဝေ၊ မင်းကို သေးပေါက်လို့ ငါ နှစ်ကြိမ်တောင် ရိုက်ခဲ့ပြီ။
ဒါပေမယ့် မင်းက မပြုပြင်ခဲ့ဘူး။ ငါ့ကို သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။
အပြစ်ရှိတဲ့နေရာကို အပြစ်ပေးမှ ပြုပြင်မှာ ဆိုတဲ့စကားပဲ။ အခုလည်း
သေးပေါက်မှုကျူးလွန်ခဲ့တဲ့နေရာကို အပြစ်ပေးရမယ်”
ဖြိုးဝေ သူ့အဖေကို မကြည့်ရဲတော့။ မျက်လုံးကို မှိတ်ထားလိုက်သည်။ “ရွှပ်”
ဟူသောအသံအဆုံးမှာပင် သူ့အင်္ဂါဆီမှ ပူခနဲဖြစ်သွားပြီး သူ “အား” ဟု
အော်လိုက်မိသည်။
“ဟေ့ကောင်- အသံမထွက်နဲ့”
ဟူသော အမိန့်ပေးသံကြောင့် နောက်အချက်တွေထိတိုင်း သူ အော်ချင်စိတ်ကို
မျိုသိပ်ပြီး ပါးစပ်ကို ပိတ်ထားသည့်ကြားက “အ” ဟူသော အသံလေးကတော့
ထွက်သွားသေးသည်။ အသည်းခိုက်အောင် နာသော်လည်း ဖြိုးဝေ မငိုရဲ။
မျက်ရည်တွေသာ တွေတွေကြီးကျနေသည်။ လေး၊ ငါးချက် ပစ်ပြီးသောအခါ
ဦးမြင့်စိန်က ဖြိုးဝေကို ဆွဲထုတ်သွားပြီး တံခါးမကြီးကို ဖွင့်ကာ
အိမ်အပြင်သို့ ထုတ်လိုက်သည်။
“သေးပေါက်တဲ့သူ ဆိုတာ အိပ်ရာပေါ် မအိပ်သင့်ဘူး။ အပြင်မြေကြီးမှာပဲ အိပ်”
“ဂျိမ်း....”
ဟူသော တံခါးပိတ်သံကိုသာ ကြားလိုက်ရသည်။ အိမ်ရှေ့ဆင်ဝင်တွင် ဖြိုးဝေ
ဒီအတိုင်း ရပ်နေမိသည်။
မည်မျှကြာကြာရပ်နေမိသည် မသိ။ သံချောင်းခေါက်သံ နှစ်ချက်ကြားလိုက်ရသည်။
ချမ်းလည်းချမ်း၊ ခြင်ကလည်း ကိုက်သည်။ ထိုအချိန်မှာပင်
နောက်ဖေးတံခါးဖွင့်သံကြားရပြီး အမျိုးသမီးကြီးတစ်ယောက် စောင်တစ်ထည်နှင့်
ရောက်လာသည်။ သူ လှည့်မကြည့်ဘဲ သိပါသည်။ အိမ်ဖော် “ဒေါ်တိုး” ပင်။ ဒေါ်တိုးက
သူ့ကိုယ်ပေါ်တွင် စောင်ခြုံပေးကာ ပွေ့ခေါ်ဖို့ဖြစ်သည်။ ဒေါ်တိုးမှာ
လူမမည်ကလေးအတွက် ရှိုက်ပြီးငိုနေသည်။
“သားလေးရယ်၊ အဲဒါ သားလေးရဲ့အမေ မရှိတော့လို့ ခုလိုဖြစ်ရတာ သိလား။ လာ
သားလေး၊ အဒေါ့်အခန်းထဲ သွားမယ်”
ဒေါ်တိုးက သူ့လက်မှ ကြိုးတွေကို ဖြေပေးဖို့ ကြိုးစားတော့ သူ
ရုန်းကန်ဖယ်ရှားလိုက်သည်။
“ဒေါ်တိုး၊ သားလက်က ကြိုးတွေ မဖြေနဲ့လေ”
“ဘာဖြစ်လို့လဲ သားရဲ့”
“အဖေက သားကို အပြစ်ရှိလို့ ဒဏ်ပေးထားတာလေ။ သားက အိပ်ရာထဲ သေးပေါက်မိတာကိုး”
“သားရယ်၊ ဒီအရွယ်ဆိုတာ ဒီလိုပဲ ပေါက်မိကြတာပါပဲ။ ကြီးလာတော့ သူ့ဘာသာသူ
ပျောက်သွားတာပဲ”
“အဖေက မြန်မြန်ပျောက်စေချင်လို့ နေမှာပေါ့ ဒေါ်တိုးရဲ့”
“သားအဖေက သားကို အဲဒီလောက် ရိုက်နှက် နှိပ်စက်နေတာ သား မမုန်းဘူးလား”
“မမုန်းပါဘူး။ သားမှာ ချစ်စရာဆိုလို့ အဖေပဲ ရှိတာလေ။ ပြီးတော့ အဖေက
ပြောတယ်။ သားကို ချစ်လို့ ရိုက်တာတဲ့”
“အမလေးတော်- တကယ့် သူတော်ကောင်းလေးနဲ့မှ လာတွေ့နေရတာကိုး။ အဲဒါဆိုရင်လည်း
ပြီးတာပါပဲတော်။ ကျုပ်တို့ကတော့ ဘေးကနေကြည့်ပြီး သနားလိုက်ရတာ။ ခုတော့
အလကားပါပဲ”
ထိုကဲ့သို့ပြောဆိုပြီး ဒေါ်တိုး နောက်ဖေးပေါက်မှ ပြန်ဝင်သွားသည်။ မနက်
မိုးမလင်းခင် ဒေါ်တိုးက သူ့ကိုယ်ပေါ်မှစောင်ကို လာယူသွားသည်။
ဦးမြင့်စိန်သိလျှင် ဆူမှာစိုးသောကြောင့် ဖြစ်သည်။
မိုးလင်းလင်းချင်း ဦးမြင့်စိန်တစ်ယောက် ၀ရုန်းသုန်းကားနှင့် ထလာကာ
အိမ်ရှေ့တံခါးမကြီးကို ဆွဲဖွင့်သည်။ ဖြိုးဝေက သူထားခဲ့သည့်အတိုင်း
လက်ပြန်ကြိုးတုပ်လျက် မတ်တတ်ရပ်လျက်ကလေးပင်။ ဦးမြင့်စိန်
သူ့ရက်စက်မှုအတွက် စိတ်မကောင်းဖြစ်သွားသည်။ မျက်ရည်များ ၀ိုင်းလာကာ-
“သား”
ဟု ခေါ်ရင်း ဖြိုးဝေကို ကြိုးတွေဖြေပေးပြီး ပွေ့ချီယူလာသည်။ သူ
တစ်နာရီလောက်သာ ဒဏ်ပေးဖို့ စိတ်ကူးထားသော်လည်း အိပ်ပျော်သွားခြင်း
ဖြစ်သည်။ ဖြိုးဝေက စိတ်မဆိုး။ သူ့အဖေ၏ပါးကိုပင် ဖက်နမ်းနေသေးသည်။
“သားကို ချစ်လို့ ဆုံးမတာနော် အဖေ”
““အေးအေး- ဟုတ်တယ် သား၊ ချစ်လို့ ဆုံးမတာပါကွယ်”
ပြောရင်းဖြင့် ထွက်လာမည့်မျက်ရည်တွေကို ဦးမြင့်စိန် မျက်နှာကိုရှုံ့ပြီး
ပြန်သွင်းနေသည်။ ဖြိုးဝေကို သူကိုယ်တိုင် မျက်နှာသစ်ပေးလိုက်သည်။ အကျီ၊
ဘောင်းဘီတို့ကိုလည်း သူကိုယ်တိုင်ဝတ်ပေးနေသည်။ “ငါ့သားလေးကို နောက်
ဘယ်တော့မှ မရိုက်မိအောင် သတိထားမည်” ဟူ၍လည်း ဆုံးဖြတ်လိုက်သည်။
xxxxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxx
xxxxxxxxxxxx
ထိုနေ့က ဖြိုးဝေတစ်ယောက် ရင်ခုန်စွာဖြင့် သူ့အဖေကို မျှော်နေမိသည်။
ဦးမြင့်စိန်က သူ့အပေါ် ရောရောနှောနှော မနေသောကြောင့် တခြားကလေးတွေကို
“အဖေ့ကို တအားချစ်တယ်” ဆိုသောစကားကို နှုတ်က ထုတ်မပြောရဲ။ ထို့ကြောင့်
ဗလာစာအုပ်၏ပထမဆုံးစာမျက်နှာတွင် စာလုံးအကြီးကြီးဖြင့် “အဖေ့ကို
တအားချစ်တယ်။ သား- ဖြိုးဝေ” ဟူ၍ ရေးထားပြီး
ဦးမြင့်စိန်၏အလုပ်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ အဖုံးကို
လှန်လိုက်သည်နှင့် သူ ရေးထားသောစာကို အဖေတွေ့လျှင် သူ့ကိုလည်း
ပိုချစ်လာမည်ဟု ဖြိုးဝေက တွေးထားသည်။
သူ့အဖေသည် သူ့ကို တစ်ကြိမ်သာ နမ်းဖူးသည်။ ထိုညက သူ ခေါင်းကိုက်နေသဖြင့်
တော်တော်နှင့် အိပ်မပျော်။ သို့သော် မျက်လုံးကိုတော့ မှိတ်ထားသည်။ ည
တော်တော်နက်တော့မှ အဖေက သူ့ပါးကို ဖွဖွလေး လာနမ်းသည်။ ပျော်လွန်းလို့
သူခေါင်းကိုက်တာတောင် မေ့ပျောက်သွားသည်။ နောက်ညတွေမှာလည်း အဖေနမ်းတာ
သိချင်လို့ ဖြိုးဝေ အိပ်မပျော်အောင် စောင့်နေသေးသည်။ သို့သော် မရ။
ခေါင်းအုံးပေါ် ခေါင်းကျပြီးသည်နှင့် မကြာမီ အိပ်ပျော်သွားတာများသည်။
သူ့အင်္ဂါကို သားရေကွင်းဖြင့် အပစ်ခံရသောနေ့မှစ၍ သူ မအိပ်ဘဲနေသည်မှာ (၃)
ညရှိပြီ။ အိပ်ပျော်သွားလျှင် သေးပေါက်မိမှာ စိုးရိမ်သောကြောင့်ပင်
ဖြစ်သည်။ သူ့အဖေကတော့ သူ မအိပ်ဘဲနေတာကို မသိ။ သေးမပေါက်တာကိုသာ သိသည်။
စာသင်ရင်း အိပ်ငိုက်လို့ အရိုက်ခံရတာလည်း (၃) ရက်တောင် ရှိပါပြီ။ ဟော-
အဖေတို့ ကားဝင်လာသံ ကြားရသည်။ အိမ်ထဲ ၀င်လာကြပြီ။ အဖေ့မိတ်ဆွေ
ဦးညွန့်လည်း ပါလာသည်ကို တွေ့ရသည်။ စားပွဲရှေ့ရောက်တော့ အဖေက
သူ့စာအုပ်ကို မကြည့်။ နံရံတွင် မှန်ဘောင်သွင်းထားသော စာတန်းတစ်ခုကို
လက်ညှိုးထိုးပြနေသည်။
“ဦးညွန့်၊ ဟိုမှာ ဖတ်ကြည့်လိုက်စမ်းပါ။
အိုးထိန်းသည်သည် အိုးကို နာနာရိုက်သည်မှာ အိုးကောင်းဖို့အတွက် ဖြစ်သည်။
ထို့အတူ ဆရာ၊ မိဘက တပည့်၊ သားသမီးအား နာနာရိုက်သည်မှာ လိမ္မာဖို့အတွက်သာ
ဖြစ်သည်။
ဦးညွန့်လည်း ကိုယ့်သားသမီးကို နာနာသာရိုက်ပြီး ဆုံးမဗျာ။
အရိုက်ခံရတဲ့တုတ်ချက်များလေ သူတို့ဘ၀ ပိုကောင်းလေပဲ။ ကျွန်တော့်သားဆို
ကြည့်ပါလား။ အိပ်ရာထဲ သေးပေါက်တာ သုံးရက်တောင် ရိုက်ယူရတယ်။
တတိယအကြိမ်ကျတော့ ရိုက်ပြီး အပြင်ဘက်မှာ ထုတ်ထားလိုက်တယ်။ အခု သေးပေါက်တာ
ပျောက်သွားပြီ”
သူ့အဖေကို လှမ်းကြည့်နေသော လိုက်ကာနောက်မှ ဖြိုးဝေတစ်ယောက် ယနေ့ထိအောင်
နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေသော သူ့ငယ်ပါကို ရုတ်တရက် အလန့်တကြား
လက်ဖြင့် ပြန်အုပ်ကိုင်မိသွားသည်။ အဖေက အပြစ်ရှိတဲ့နေရာကို ဒဏ်ပေးတာတဲ့။
“ဦးမြင့်စိန်ကလည်းဗျာ၊ ရိုက်မှလည်း မဟုတ်ပါဘူး။ ချော့မော့ပြီး ပြောလည်း
ရပါတယ်။ ကျွန်တော့်သားသမီးတွေကိုဆို ကျွန်တော်က အေးဆေးပဲ
နားဝင်အောင်ပြောပြီး ဆုံးမတယ်။ ရပါတယ်ဗျ။ ကျွန်တော်တို့မိဘတွေက
သားသမီးတွေနဲ့ ရင်းရင်းနှီးနှီးနေတယ်။ မိတ်ဆွေလို ပေါင်းတယ်။ အဲဒီတော့
ကျွန်တော်တို့ကလည်း ဘာဖြစ်ဖြစ် မိဘနဲ့ တိုင်ပင်ရဲတယ်။ ပြောရရင်
ကျွန်တော်တို့က မိဘကို ချစ်တာ၊ လေးစားကြည်ညိုတာပဲ ရှိတယ်။ မကြောက်ဘူး။
ကြောက်စရာလည်း မဟုတ်ဘူးလေ”
“အဲဒါဆိုရင် မှားတာပေါ့ဗျ။ သားသမီးဆိုတာ မိဘကို ကြောက်မှဖြစ်မှာပေါ့”
“ချစ်ခင်ကြည်ညိုတဲ့သားသမီးက မိဘစကားကို ရှေ့မှာလည်း နားထောင်တယ်၊
ကွယ်ရာမှာလည်း နားထောင်တယ်။ ကြောက်ရုံကြောက်တဲ့ သားသမီးက မိဘစကားကို
ရှေ့မှာသာ နားထောင်တာ။ ကွယ်ရာမှာ နားမထောင်ဘူးဗျ”
“ကျွန်တော်ကတော့ သားသမီးကို စိတ်ထဲကပဲချစ်၊ အပြစ်ထွက်မချစ်နဲ့၊
ကန်းတက်လိမ့်မယ်ဆိုတဲ့စကားကိုပဲ သဘောကျတယ်။ ကျွန်တော့်သားလေးကို
ကျွန်တော် တအားချစ်တယ်။ ဒါပေမယ့် ကန်းမတက်အောင် ကျွန်တော်ချစ်တာကို
ကိုယ်အမူအရာနဲ့ မပြဘူး။ နှုတ်နဲ့လည်း မပြောဘူး။ ကိုယ့်သားကို
နမ်းချင်ရင်တောင် သူအိပ်ပျော်တဲ့အချိန်မှ နမ်းတယ်”
“ဘာလဲ၊ ခင်ဗျားဆိုလိုတာက စိတ်ထဲက ချစ်နေရင် ပြီးတာပဲ။ ကိုယ်နဲ့ နှုတ်နဲ့
ပြစရာမလိုဘူး။ ဒီလိုလား”
“ဟုတ်တယ်လေ”
ဦးညွန့်ပြောသောစကားများမှာ သဘာဝကျနေသည်။ သို့သော် နှစ်ပေါင်းများစွာ
စွဲလာသော အယူဝါဒတစ်ခုကို ချက်ချင်း စွန့်ပစ်ဖို့ ဦးမြင့်စိန်
အခက်ကြုံနေသည်။ သူ့စားပွဲပေါ်မှ ဖြိုးဝေ၏ဗလာစာအုပ်လေးကို တွေ့လိုက်သည်။
တော်တော် စည်းကမ်းမရှိတဲ့ကလေး။ သူ့ကျောင်းစာအုပ်ကို ဘာကြောင့်
သူ့အလုပ်စားပွဲပေါ် လာတင်ထားရသနည်း။ လှမ်းအော်လိုက်မည်ပြင်ပြီးမှ
ဦးညွန့်၏ပြောစကားကို အမှတ်ရသွားပြီး ခက်ထန်စွာ မအော်မိတော့ပေ။
“သား- ဖြိုးဝေ”
“ခင်ဗျာ”
“ဒီမှာ သားစာအုပ် လာယူ”
“ဟုတ်ကဲ့”
ဖြိုးဝေ လက်ပိုက်ပြီး ဦးမြင့်စိန်ရှေ့သို့ ရောက်လာသည်။ သို့သော်
တရားသူကြီးရှေ့သို့ရောက်သော တရားခံကဲ့သို့ ဘေးဘီ မကြည့်ရဲဘဲ
အောက်သို့ငုံ့ရင်း ရောက်လာသည်။
“သားစာအုပ်က ဘာဖြစ်လို့ အဖေ့စားပွဲပေါ် ရောက်နေတာလဲ”
“ဟို....ဟို....”
ဖခင်ကို ကြောက်သည့်စိတ်က လွှမ်းမိုးနေသောအခါ မှန်သော၊ အကျိုးရှိသော၊
နှစ်သက်မှုကို ဖြစ်စေနိုင်သော စကားကိုပင် ဖြိုးဝေ မပြောရဲတော့။ မလိုအပ်ဘဲ
အကြောက်လွန်နေခြင်းသည် နူးညံ့သော စိတ်ဝေဒနာတစ်မျိုးပင် ဖြစ်၏။
“ရော့- နောက် ကျောင်းစာအုပ်ကို တခြားနေရာမှာ မရှိစေနဲ့။ သူ့နေရာနဲ့သူထား”
“ဟုတ်...ဟုတ်ကဲ့”
“ကဲ- သွားတော့”
ဦးမြင့်စိန် စာအုပ်ကို လှမ်းပေးလိုက်သည်။ စာအုပ်ကိုယူကာ ဖြိုးဝေ
ထွက်သွားသည်။ ဦးမြင့်စိန်သည် ရှင်ဘုရင်ဘ၀က လာလေသလော မသိ။ ထိုကဲ့သို့
သူ့ကို မော်မကြည့်ရဲခြင်းကို သူ အလွန်နှစ်သက်သည်။ သူပြောသမျှကိုလည်း
မှားမှား၊ မှန်မှန် စောဒကတက်သည်ကို မကြိုက်။ ငြိမ်နားထောင်ပြီး
ခေါင်းညိတ်မှ ကြိုက်သည်။ စောဒကတက်လာသူ မှန်သမျှကို သူ့ရန်သူဟု
သဘောထားတတ်သည်။ ကုပ်ကုပ်ကလေးထွက်သွားသော သားဖြစ်သူကို ကြည့်၍
ဦးမြင့်စိန်က ဂုဏ်ယူဝင့်ကြွးစွာ ဦးညွန့်ကို ပြောလိုက်သည်။
“တွေ့လား ဦးညွန့်၊ ကျွန်တော့်သား ဘယ်လောက် အပိုးကျိုးသလဲ”
“အပိုးပါ မကဘူး၊ အညွန့်ပါ ကျိုးသွားတာ”
xxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxxx
xxxxxxxxxxx
ထိုနေ့က အလုပ်မှ အိမ်အပြန်ခရီးသည် ဦးမြင့်စိန်အတွက်
ပျော်စရာအကောင်းဆုံးဖြစ်နေသည်။ သူ လင်ခရူဆာကားစီးချင်နေသည်မှာ
နှစ်အတော်ကြာပြီ။ သို့သော် သူ့အဆင့်လောက်နှင့် သိန်းပေါင်း (၃၅၀၀)
အထက်မှာရှိသော ၎င်းကားနားသို့ မကပ်နိုင်ခဲ့။ ယခု သမ္မတကြီးလက်ထက်တွင်
ကားဟောင်းများအပ်ပြီး ကားသစ်များ သွင်းခွင့်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်လောက်က
သူဝယ်စီးနေသော ဆတ်ကားကို အလိုက်ပေးပြီး လင်ခရူဆာ (ဆိုက်ကနက်) ၂၀၀၆
မော်ဒန်တစ်စီး ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၁၁ ခုနှစ်ထဲမှာပင် ယခင်က သိန်းပေါင်း (၃၅၀၀) တန်
လင်ခရူဆာကားများသည် ယခုဆိုလျှင် သိန်းရာဂဏန်းလေးမျှသာ ရှိတော့သည်။
သူ့ကားသည် သိန်းပေါင်း (၁၂၅၀) သာ ကျသည်။ စီးသောအခါ ငြိမ်ပြီး
ငြိမ့်နေသောအရသာကို ခံစားရင်း သူ့အိမ်သို့ ရောက်လာသည်။
ကားသံကြားရသည်နှင့် ဒေါ်တိုးက တံခါးပြေးဖွင့်ပေးသည်။ ထုံးစံအတိုင်း
သားလေးကတော့ တိုက်ရှေ့မှ သူ့ကို ကြိုနေသည်။ ဦးမြင့်စိန်
ကားတံခါးဆွဲဖွင့်ပြီးသည်နှင့် ပြေးလာသောသားကို ပွေ့ချီ နမ်းလိုက်သည်။
မနေ့က ဦးညွန့်ပြောသောစကားများက သူ့နားထဲသို့ ထိုက်သလောက်ဝင်ခဲ့သည်
မဟုတ်ပါလား။
“အဖေ့ကားက အသစ်ကြီးနော်”
“ဟုတ်တယ် သားရ၊ အသစ်ကြီး။ အဖေ ဒီစကားကြီးစီးနိုင်အောင်
နှစ်တွေအကြာကြီးစောင့်ပြီး ငွေစုဝယ်ခဲ့ရတာ”
“သားလည်း စီးချင်တယ်”
“စီးရမှာပေါ့ဗျာ။ အဖေ့ကားက သားရဲ့ကားပဲပေါ့”
သားအဖနှစ်ယောက် စကားကောင်းနေကြစဉ်မှာပင် ဖုန်းခေါ်သံ ကြားရသဖြင့် သားကို
ခဏချပြီး ဖုန်းပြောရသည်။ ထိုအချိန်တွင် ဖြိုးဝေက ကားအသစ်ကြီးဆီသို့
ပြေးထွက်သွားသည်။
“ဟယ်လို ပြောပါ”
“ဆရာ၊ ကျွန်တော် ညိုဝင်းပါ”
သူ့အလုပ်ဆိုဒ်နံပါတ် (၂) မှ လက်ထောက်အင်ဂျင်နီယာ ညိုဝင်း ဖြစ်သည်။ သူ
ဒီနေ့ အလုပ်ဆိုဒ် (၁) မှာ အချိန်ကုန်သွားသဖြင့် (၂) ကို
သွားမကြည့်လိုက်ရပေ။ မည်သည့်အကြောင်းများ ပေါ်သည်မသိ။
“ကဲ- ညိုဝင်း ပြော၊ ဘာအကြောင်းပေါ်လို့လဲ”
“အလုပ်ဆိုဒ်ထဲက လက်သမားခေါင်းဆောင် အမိုးမိုးရင်း ဒိုင်းလွတ်ကျပြီး
ဘယ်ဘက်လက်မ ကြေသွားတယ် ဆရာ”
“အေး- အဲဒါဆိုလည်း ဆေးရုံပို့လိုက်ပေါ့”
“ပို့လိုက်ပြီ ဆရာ၊ လက်မက ဖြတ်ပစ်ရမှာလို့ ဆရာဝန်က ပြောတယ်။ လူနာက
အင်္ဂါချွတ်ယွင်းသွားတဲ့အတွက်ကြောင့် လျော်ကြေး (၅) သိန်းတော့ ပေးပါတဲ့။
ငွေ (၅) သိန်းဆိုတာ ဆရာတို့ အရက်ဝိုင်းတစ်ခါထိုင်ပဲ ရှိတာပါတဲ့”
ဟုတ်တော့ ဟုတ်သည်။ ဦးမြင့်စိန် (၃၉၀၀၀) တန်သော
နှစ်ချို့ဝိုင်တစ်ပုလင်းကို သူငယ်ချင်းသုံးယောက်နှင့်အတူ သောက်ဖူးသည်။
ကုန်ကျစရိတ် အားလုံးရှင်းလိုက်တော့ (၅) သိန်းပင်
နည်းနည်းကျော်သွားသေးသည်။ သို့သော် အဲဒါက ကိုယ့်ခန္မွာမို့ ကိုယ်သဒ္မွါတာ။
အောက်တန်းစား အလုပ်သမားတစ်ယောက် ငွေ (၅) သိန်း အကုန်မခံနိုင်။
“ဘာလို့ (၅) သိန်း ပေးရမှာလဲကွ။ လက်တစ်ချောင်းပဲ ဖြစ်တာ တစ်သိန်းပဲ
ပေးမယ်။ တကယ်လို့ (၅) သိန်းလိုချင်ရင် နောက်ကျန်တဲ့လက် လေးချောင်းကို
ငါကိုယ်တိုင် တူနဲ့ထုတာကိုခံရမယ်လို့ ပြောလိုက်”
“ပေးလိုက်မှ ကောင်းမယ်ထင်တယ် ဆရာ။ တော်ကြာ ဟိုတိုင် ဒီတိုင်နဲ့ ပြဿနာ
လိုက်ရှင်းနေရရင် ဆရာ ပိုကုန်နေလိမ့်မယ်”
“တိုင်ချင်တဲ့နေရာတိုင်လို့ ပြောလိုက်ကွာ။ ဘယ်လောက်ကုန်ကုန် လိုက်ရှင်းမယ်”
ကြည်နေသောစိတ်ကလေး နောက်သွားပြီ။ ထိုကဲ့သို့ အပြောမျိုးတွေကြောင့်
ယင်းလက်သမားခေါင်းဆောင်ကို ဦးမြင့်စိန် ကြည့်မရ။ လက်သမားခေါင်းဆောင်သည်
အကျင့်တော့ကောင်းသည်။ သို့သော် အလုပ်သမားများနှင့် ပတ်သက်လာလျှင် သူ့ဘက်က
မနာဘဲ အလုပ်သမားဘက်က ရှေ့နေလိုက်တတ်သည်။ ထိုအချက်ကြောင့်ပင်
ဦးမြင့်စိန်က လက်သမားခေါင်းကို မုန်းခြင်း ဖြစ်သည်။
တခြားအလုပ်သမားဆိုလျှင် တောင်းသောငွေကို ပေးချင်ပေးဦးမည်။
ထိုသူဖြစ်နေခြင်းကြောင့် ပိုပြီး မပေးလိုခြင်း ဖြစ်သည်။ သူလိုချင်တာ
ရိုးရိုးမတောင်းဘဲ ဘာကြောင့် သူတို့အရက်ဝိုင်းကိစ္စ ထည့်ပြောရသနည်း။
ယခုအချိန်သာ ထိုသူ့ကိုတွေ့ရလျှင် အလျော်မပေးဘဲ ကျန်နေသော
သူ၏လက်လေးချောင်းကို စားပွဲပေါ်တင်ပြီး ကြေမွသွားအောင် ထုပစ်လိုက်ချင်သည်။
ဝယ်လာခါစ သူ့ကားကို တစ်ကြိမ် ထပ်ကြည့်ချင်သောကြောင့် ကားရှိရာသို့
ထွက်လာခဲ့သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ဒေါသတွေ ငယ်ထိပ်ထိ
တက်သွားသည်။ သူ့သားက သူ့ကားကို အိမ်ရိုက်သံချောင်းရှည်ဖြင့်
တဂျစ်ဂျစ်မြည်အောင် ရေးခြစ်နေပါရောလား။
“ဟင်- ခွေးမသား လူမိုက်”
ဦးမြင့်စိန်၏ညာဘက်လက်ဝါးသည် ဖြိုးဝေ၏နားရင်းပေါ်သို့
ခပ်ပြင်းပြင်းကျသွားသည်။ “ဖြောင်း” ဟူသော အသံနှင့်အတူ ဖြိုးဝေခန္မွာကိုယ်က
မြေကြီးပေါ် ပုံကျသွားသည်။ ဖြိုးဝေ၏လက်ထဲမှ သံချောင်းလည်း အရှိန်နှင့်
လွင့်ထွက်သွားသည်။ မနေ့က ဦးညွန့် ပြောခဲ့သောစကားတွေကို ဦးမြင့်စိန်
တစ်လုံးမှ မမှတ်မိတော့။
လောလောဆယ် သူသိသည်က ဖြိုးဝေကို မှတ်လောက်သားလောက်အောင် ဒဏ်ခတ်ဖို့သာ
တာစူနေလေသည်။ ဖြိုးဝေမှာလည်း ကြောက်လွန်းအားကြီးပြီး ငိုဖို့ပင်
မေ့နေသည်။ ကြောင်တက်တက်ဖြစ်နေသော ဖြိုးဝေကို သူ့အိမ်ထဲသို့ ဆွဲခေါ်လာသည်။
“လာခဲ့စမ်း။ မင်း အိပ်ရာထဲမှာ သေးပေါက်တုန်းကလို ကျူးလွန်တဲ့နေရာကိုပဲ
အပြစ်ပေးရမယ်။ ဒါမှ မင်းအပြစ်ကို မင်းပိုမှတ်မိမှာ”
ဖြိုးဝေ၏ညာလက်ကို သူ့လက်ဖြင့် မလှုပ်နိုင်အောင် ကိုင်ကာ စားပွဲပေါ်
တင်လိုက်သည်။ စားပွဲပေါ်တွင် အသင့်တွေ့ရသော ဖန်တုံးဖြင့် ထုသည်။
နာရုံလောက် ခပ်သာသာထုလိုက်မည်ဟု မှန်းထားသော်လည်း ကားအပေါ် တပ်မက်သော
လောဘ၊ အလုပ်သမားအပေါ် မကျေနပ်သောဒေါသတို့ ဖုံးလွှမ်းသွားသောအခါ
ဦးမြင့်စိန်တစ်ယောက် အချက်ပေါင်းများစွာ အားကုန် ထုချလိုက်သည်။ ဖြိုးဝေ၏
ကြောက်လန့်တကြားအော်သံ၊ သူ၏ အားကုန်ထုသံတို့က တိုက်ခန်းထဲတွင် ဆူညံနေသည်။
ထိုအချိန်မှာပင် မီးဖိုးထဲမှ ထွက်လာသော ဒေါ်တိုးက လှမ်းကြည့်ရင်း-
“အမယ်လေး ဆရာရယ်၊ ကလေး သေပါပြီ”
ဟု အသံကုန်အော်လိုက်သောအခါတွင်မှ ဦးမြင့်စိန် သတိပြန်ဝင်လာသည်။
သူ့သား၏လက်ချောင်းလေးများ ငါးချောင်းစလုံး ကျိုးကြေပြီး သွေးတွေကလည်း
သူ့လက်အပါအ၀င် စားပွဲတစ်ပြင်လုံး အိုင်ထွန်းနေပါပြီ။ ဖြိုးဝေလည်း
ပျော့ခွေကျပြီး သတိလစ်သွားလေပြီ။
“သား....သားလေး ဖြိုးဝေ၊ အဖေ မှားပါပြီကွယ်။ ဒေါ်တိုး၊ လာပါဦးဗျ။
သားလေးကို ကယ်ပါဦး”
ဦးမြင့်စိန် သတိလစ်နေသော သားငယ်ကို ပွေ့ဖက်ရင်း အရူးတစ်ယောက်လို
အော်ဟစ်ငိုယိုနေသည်။
“ဆရာ၊ ငိုနေလို့ မပြီးသေးဘူး။ ဆေးရုံပို့ရအောင်။ တော်ကြာ သွေးလွန်သွားရင်
အသက်အန္တရာယ်ရှိတယ်”
“အေး- သွားမယ် သွားမယ်၊ ဘယ်နှနာရီထိုးပြီလဲ”
သူ့လက်ပတ်နာရီကို ငုံ့ကြည့်သော်လည်း ဂဏန်းများကို မမြင်ရတော့။
မျက်ရည်တွေက ဖုံးနေပြီ။ တိုင်ကပ်နာရီကို မော့ကြည့်သောအခါ နာရီကို
ချက်ချင်း မတွေ့ရဘဲ အိုးထိန်းသည်နှင့်ဥပမာပေးပြီး ကလေးကို
ရိုက်သင့်ကြောင်း ရေးထားသည့် စာတန်းကို သွားတော့သည်။ သားကို လက်တစ်ဖက်က
ပွေ့ထားရင်း ကျန်လက်တစ်ဖက်ဖြင့် စာတန်းကိုဖြုတ်ကာ ကြမ်းပြင်သို့
ကိုင်ပေါက် ခွဲပစ်လိုက်သည်။
“သွားစမ်း။ ဒီစာတန်းကြီး မြှောက်ပေးလို့ ငါ့သားကို ငါ လူမဆန်စွာ ရိုက်မိတာပဲ”
ဒေါ်တိုးက ကလေးကို စောင်ဖြင့်ပတ်ကာ ပွေ့ထားစေပြီး သူ ကားကို သတိထားမောင်းနေရသည်။
“ဆရာ၊ ဟိုဟာ တရားခွေ မဟုတ်လား။ ဖွင့်လိုက်ပါလား။ ဆရာ့စိတ်တွေလည်း ငြိမ်သွားတာပေါ့”
သူနှင့် သူ့သား တရားနာရအောင်ဆိုကာ ဦးညွန့် ထည့်ပေးလိုက်သော တရားခွေ
ဖြစ်သည်။ သူ့စက်ထဲထည့်ပြီး ဖွင့်လိုက်သည်။ ကြည်လင်ပြတ်သားသော
ဆရာတော်တစ်ပါး၏တရားသံ ပေါ်လာသည်။
“ကောယိယပြည်နဲ့ ဒေ၀ဒယပြည်တို့ဟာ အစိရ၀တီမြစ်ရေနဲ့
လယ်ယာစိုက်ပျိုးကြပါတယ်။ တစ်နှစ်မှာတော့ မိုးခေါင်တဲ့အတွက် မြစ်ရေဟာ
အင်မတန် နည်းပါးနေပါတယ်။ ဒါကြောင့် နှစ်ပြည်ထောင်သုံးဖို့
မလောက်နိုင်ဘူးဖြစ်နေတော့ လယ်သမားတွေ မြစ်ရေလုကြရင်း ရန်ဖြစ်ရာကနေ
ဘုရင်နဲ့တကွ တစ်ပြည်လုံးအထိ ပါလာပြီး စစ်ပွဲဖြစ်ဖို့အခြေကို
ရောက်ခဲ့ပါတယ်။ နှစ်ပြည်ထောင်တပ်တွေဟာ မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ တပ်ချပြီး
တိုက်ခိုက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအချိန်မှာ ဘုရားရှင်
ကြွရောက်တော်မူလာပြီး ဖျန်ဖြေတော်မူပါတယ်။ နှစ်ပြည်ထောင်လုံးဟာ
ဘုရားရှင်ရဲ့ဆွေမျိုးတွေချည်းပါပဲ”
ဦးမြင့်စိန် စဉ်းစားရပြီ။
“သြော်- ငါဟာ တန်ဖိုးဖြတ်လို့ ရတဲ့ ကားအတွက် တန်ဖိုးဖြတ်လို့မရတဲ့
သားရဲ့လက်ချောင်းလေးတွေကိုတော့ ပစ်ခဲ့တာပါလား”
ဆေးရုံရောက်သည်နှင့် ခဏအကြာမှာပင် ခွဲစိတ်ခန်းထဲသို့ ၀င်သွားသည်။
ခွဲစိတ်ခန်းက ပြန်ထွက်လာတော့ ည (၁၀) နာရီကျော်နေပြီ။ သားက
လက်တွန်းလှည်းပေါ်မှာ ပက်လက်ကလေး။ သတိရသေးဟန် မတူ။ သားရဲ့ညာဘက်လက်ကတော့
ပတ်တီးတွေ ဖြူဖွေးနေသည်။ သားကိုကြည့်ရင်း မျက်ရည်တွေက အတားအဆီးမဲ့စွာ
ထွက်လာသည်။ ခွဲစိတ်ခန်းမှ ပထမဆုံးထွက်လာသော ဆရာဝန်ကြီး၏စကားက သူ့နားထဲမှ
မထွက်။
“ဦးမြင့်စိန်၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး
ခွဲစိတ်တာပဲဗျာ။ လက်မတစ်ချောင်းတော့ အကောင်းပြန်ဖြစ်မယ်။ ကျန်တဲ့
လေးချောင်းကတော့ အရိုးတွေပါ ကြေသွားတော့ ဖြတ်ပစ်လိုက်ရပြီ”
လက်သမားခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မိဘဆွေမျိုးတွေလည်း ငါ့လို
ခံစားကြရမှာပဲ။ ငါ ကိုယ်ချင်းမစာတတ်လိုက်တာ။ ထုခြေချင်တာက
လက်သမားခေါင်းဆောင်ရဲ့ လက်လေးချောင်း၊ တကယ် ထုခြေမိတာက မိမိသားရဲ့
လက်လေးချောင်း။ သူတစ်ပါးကို ပျက်စီးစေချင်တဲ့ဒေါသဟာ အခု ဘာမှကို
မကောင်းကျိုးပေးနေပါပေါ့လား။ တစ်ရက်ကျရင် လက်သမားခေါင်းဆောင်ကို
ကိုယ်တိုင်သွားပြီးအားပေးမယ်။
ထို့နောက် သူသည် ဟန်းဖုန်းကိုထုတ်ကာ လက်ထောက်အင်ဂျင်နီယာထံ
ဆက်ကြည့်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် မနက်တွင် ငွေ (၅) သိန်း
သွားပေးရန် အမိန့်ပေး ပြောကြားလိုက်သည်။ သူ့သား၏ညာဘက်လက်လေးကို
ကိုင်ကြည့်ရင်း ရှိုက်ကြီးတငင် ငိုနေမိရာ သူ့မျက်ရည်များက သားလက်မှ
ပတ်တီးပေါ်တွင် ရေနှင့်လောင်းချလိုက်သလို စိုရွှဲသွားသည်။ နံနက် (၄)
နာရီသာသာလောက်မှ သား သတိရလာသည်။ သတိရသည်နှင့် သားပါးစပ်မှ ပထမဆုံး
ကယောင်ကတမ်းထွက်လာသောစကားက-
“အဖေက ချစ်လို့ ရိုက်တာနော်။ သား သေးမပေါက်အောင် ညမအိပ်ဘဲ နေတာ။
ဗလာစာအုပ်ထဲမှာ အဖေ့ကို တအားချစ်တယ်လို့ ရေးထားတယ်။ အဖေက ဖွင့်မဖတ်ဘူး”
တဲ့။
ကယောင်ကတမ်းထွက်လာသောစကားများကို နားထောင်ရင်း တစ်နေ့က ဦးညွန့်
အိမ်လာစဉ် သူ့စားပွဲပေါ် သားရဲ့ဗလာစာအုပ်လေး လာတင်ထားသည်ကို သူ ဖျတ်ခနဲ
အမှတ်ရလိုက်သည်။ အိမ်ရောက်မှ သားရဲ့ဗလာစာအုပ်လေးကို
လှန်ကြည့်လိုက်ဦးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ မိုးလင်းတော့ သားက
ကြည်ကြည်လင်လင်လေး ဖြစ်နေသည်။
“အဖေ”
“သား လူလေး၊ သက်သာရဲ့လား သား”
“သက်သာပါတယ်”
သားက ငုံးတိတိဖြစ်နေသော သူ့လက်ကို မြှောက်ကြည့်ရင်း ဦးမြင့်စိန်ကို
မေးခွန်းထုတ်သည်။
“အဖေ၊ သားလက်လေးတွေက အတပ်ပြန်ထွက်ဦးမှာလားဟင်”
“သားရယ်”
ဦးမြင့်စိန် မဖြေနိုင်တော့ပါ။ သားရင်ဘတ်ပေါ် မျက်နှာအပ်ပြီး
ကလေးငယ်တစ်ယောက်လို ငိုနေမိတော့သည်။ ဘေးနားမှာ ထိုင်နေသော ဒေါ်တိုးကိုလည်း
သူ မရှက်နိုင်တော့။ ပြတ်သွားသော လက်ငုတ်တိုလေးများက အတပ်ပြန်ထွက်မည်ဟု
ထင်နေရှာသော အသိဥာဏ်နုနယ်သည့် လူမမည်ကလေးတစ်ယောက်ကို သူက မတရား ရက်စက်စွာ
အနိုင်ကျင့်ခဲ့သည် မဟုတ်ပါလော။
“ဆရာ၊ ညက သားလေး ဘာမှမစားရသေးဘူး။ ဆာရှာရော့မယ်။ ကျွန်မ တစ်ခုခု ဆင်းဝယ်လိုက်မယ်လေ”
“နေ နေ၊ ကျွန်တော် သွားလိုက်မယ်။ သားကြိုက်တာကို ကျွန်တော်သိတယ်။ သား၊
ဒေါ်တိုးနဲ့ ခဏနေရစ်။ အဖေ သားဖို့ စားစရာတစ်ခုခု သွားဝယ်လိုက်ဦးမယ်
သိလား”
မျက်ရည်များကို လက်ကိုင်ပ၀ါဖြင့်သုတ်ကာ ဦးမြင့်စိန် ဆေးရုံပေါ်မှ
ဆင်းလာသည်။ မိုးအတော်လင်းသွားပြီ ဖြစ်၍ ဆေးရုံသည် ၀င်ကြ၊ ထွက်ကြသော
လူနာများ၊ လူနာစောင့်များနှင့် အတော်စည်နေပြီ။ သူ့ကားနားသို့
ရောက်သည်နှင့် မနေ့က ကားဘော်ဒီတွင် သား ခြစ်ကစားထားသောနေရာကို
ဆေးပြန်မှုတ်ဖို့ သတိရသဖြင့် လှမ်းကြည့်လိုက်မိသည်။
မောင်းသူထိုင်သောဘက်တွင် တံခါးမှာ ရေးခြစ်ထားခြင်း ဖြစ်သည်။
သူက သံချောင်းဖြင့် ကားကို လျှောက်ခြစ် ကစားသည်ဟု ထင်ခဲ့သည်။
သေချာကြည့်လိုက်သောအခါ စာကြောင်းတစ်ကြောင်းဖြစ်နေသည်ကို တွေ့ရသည်။
စာကြောင်းကို ဆုံးအောင် ဖတ်ပြီးသည်နှင့် “သားရယ်” ဟုသာ ဆိုနိုင်ပြီး
ဦးမြင့်စိန်တစ်ယောက် ကားဘေးတွင် ခွေလဲကျသွားတော့သည်။ ခပ်လှမ်းလှမ်းမှ
လူတွေ ဦးမြင့်စိန်ဘေးနားသို့ ပြေးလာကြသည်။ တစ်ခဏအတွင်း လူတွေ
အုံသွားသည်။
တစ်ယောက်က ဆရာဝန်ကို ပြေးခေါ်ဟန်တူသည်။ ဆရာဝန်တစ်ယောက် ပါလာသည်။
ဝိုင်းကြည့်နေသူများက ဆရာဝန်ကို နေရာဖယ်ပေးကြသည်။ ဆရာဝန်က
ဦးမြင့်စိန်၏လက်ကောက်ဝတ်ကို သွေးစမ်းကြည့်သည်။ နားကြပ်ဖြင့်
နှလုံးခုန်သံကို နားထောင်သည်။ ဆရာဝန်က ပရိသတ်ကို တစ်ချက်လှမ်းကြည့်ပြီး
ခေါင်းယမ်းပြလိုက်သည်။ “အသက်မရှိတော့” ဟူသောအဓိပါယ်ပင် ဖြစ်၏။ ကားမှာ
သူ့သား ဖြိုးဝေ ရေးထားသည်က...........
“အဖေ့ကို သား တအားချစ်တယ်”
(ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ခံစားရေးဖွဲ့ပါသည်။ ဤ၀တ္ထုကို
သားသမီးရှိသော မိဘတိုင်း ကူးယူ ဖြန့်ဝေခွင့်ပြုပါသည်။)