လေနုအေးအေး တိုက်စပြုလာပြီဆိုရင် အေးချမ်းမှုနှင့်
အတူဆောင်း ရောက်ပြန်ပါပြီ။ အေးချမ်းခြင်းကို အစပြုလို့နှင်းများလည်း များမကြာမီတစ်ဖွဲဖွဲ
ကျပါတော့မည်။ တစ်ဆောင်းသစ်ပြန်ပါရောလား…..။ ဆောင်းနှင်းမြူများနှင့် အတူမကြာခင်၂၀၁၂ကို
ကျွန်မတို့ နှုတ်ဆက်လမ်းခွဲရပါတော့မည်။ ထို့အတူ၂၀၁၃ကိုလည်း ရိုးသားခြင်း ၊ ကြိုးစားခြင်း
ချစ်ခင်မြတ်နိုးခြင်းဖြင့် ကြိုဆိုရပါတော့မည်။ ဒီနှစ်ရော လူကြမ်းလေး ကျွန်မကို Happy New Year
လို့နှုတ်ဆက်ပါဦးမလား…..။
၂၀၁၂နှစ်လယ်လောက်ထဲက သူ့ရဲ့စာ ၊ သူ့ရဲ့ကဗျာ ၊ သူ့ရဲ့ပုံရိပ်တွေသည် Online
ကမ္ဘာထဲတွင် လေလှိုင်းနှင့်အတူ ကွယ်ပျောက်သွားခဲ့ပါပြီ။ လူကြမ်းလေးရဲ့
စာတွေကဗျာ တွေသီကုံးမှုတွေ မတွေ့ရတော့လို့ သူရောကျမ္မာပါစ ၊ အလုပ်အကိုင် အဆင်ပြေပါစ ၊
သူပျော်ရွင်နှစ်သက်သော သူများနှင့်တစ်သားတည်း ကျ၍အေးချမ်းပျော်ရွှင်ပြီး နေနိုင်ပြီလား
လို့ဆောင်းအိမ်မက်ပမာ ကျွန်မအတွေးယောက်ယက်ခတ် တွေးနေမိပါသည်။
ယောကျာ်းလေးတွေက သူတို့ကိုသူတို့ မင်းသားလေး ၊ ကိုလူချော ၊ မိုးတိမ် ၊ တိမ်တိုက်
၊ ကောင်းကင် ၊ စူပါစတား စသည့်နာမည် လှလှလေးတွေ့မှည့်ပြီး စာတွေရေး ၊
ကဗျာတွေသီကုံးကြပေမဲ့ သူကတော့ သူ့နာမည်ကိုလူကြမ်းလေးတဲ့ နာမည်ကြမ်းပေမဲ့
လူကတော့ နူးညံ့သဘောကောင်းပါတယ်လို့ ကျွန်မအမြင်လေးနဲ့ တွေးမိပါရဲ့……။
လူကြမ်းလေးရေ…အခုဘယ်နေရာ ဘယ်ဒေသမှာရောက်လို့ ပျော်ရွှင်နေပါသလဲ
ကွယ်…။ နှင်းတွေလို ရောက်လာပြီး နှင်းတွေလိုပျော်ဝင်ပျောက်ပျက်သွားသလဲကွယ်။ သူနဲ့
ကျွန်မစတွေ့ပုံက ကျွန်မOnline စာမျက်နှာတွေ လိုက်ကြည့်တော့ သူ့စာမျက်နှာမှာ သူနဲ့
သူငယ်ချင်းဖြစ်မှ သူ့စာမျက်နှာကို ကြည့်ခွင့်ရမည်ဟု ရေးထားပါတယ် ဒီမိုကရေစီ မကျတဲ့
မိတ်ဆက်နည်းနဲ့ကျွန်မစတင်ပြီး လူကြမ်းလေးနဲ့မိတ်ဆက်ခဲ့ရပါတော့တယ်။
သူငယ်ချင်း ဖြစ်ခွင့်ရပြန်တော့ စာလေးကဗျာလေး သူ့ကိုလက်ဆောင်ပေးမယ် ရွယ်ပြန်တော့
လာပြန်ပြီ စာတမ်းတစ်ခု “ ထိုသူသည် မှတ်ချက်များကို စစ်ဆေး၍သာလက်ခံပါသည်။”
တဲ့လူကြမ်းလေး ရေအထပ်ထပ် လုံခြုံရေးချထားလိုက်တာ။ ကျွန်မဘည်းအရှုံးပေးပြီး သူငယ်ချင်းဖွဲ့
လက်ဆောင်ပို့လိုက်ပါတယ်။ ပေါ့ပေါ့ပါးပါး နေလိုက်ပါလား လူကြမ်းလေးရယ်။ မုန်းတာရေးရေး
ချစ်တာရေးရေး Open ပေါ့ အခုတော့လူကြမ်းလေးက စတိုင်တွေရှိုးတွေ များနေတော့
ကျွန်မစိတ်မရှည်တော့ဘူး။
လူကြမ်းလေးရေ…ဘဝအတွက် တိုက်ပွဲဝင်နေလား ၊ အချစ်အတွက် ပျော်ရွှင်နေလား ၊
စာမျက်နှာသစ်တွေဖွင့်နေသလား ၊ ဝမ်းစာရေးအတွက် အချိန်နဲ့နပန်းလုံးနေသလား ၊
သားကောင်ဖြစ်နေသလား ၊ မုဆိုးဖြစ်နေသလား ၊ စိတ်တွေတတ်ကြွနေလား ၊
စိတ်တွေညစ် နေသလား ၊ ဘာဖြစ်ဖြစ်လူကြမ်းလေးရယ် နှစ်ဟောင်း၂၀၁၂မှာ စိတ်ဟောင်းတွေ
အတိတ်ဟောင်းတွေ ထားလို့၂၀၁၃မှာ စိတ်သစ်လူသစ်ကြိုးစား ကြရအောင် စာစုလေးတစ်ခု
ဖတ်ဖူးတယ် နင်ဖတ်ရအောင် ငါရေးလိုက်တယ်နော်။ “ ရှေးကံကြောင့်
မိုင်ပေါင်းထောင်ချီဝေး နေကြတဲ့သူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင်
ပခုံးချင်းရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့်မရဘူး” တဲ့ ဒီလိုဘည်း ကျွန်မနဲ့လူကြမ်းလေးလည်း
အတိတ်ကံပါခွင့်ရလို့ သူငယ်ချင်း တော်ခွင့်ရတာနော်။ ကျွန်မနှစ်သစ်ရောက်တိုင်း
လူကြမ်းလေးကိုလာပြီး Happy New Year လို့နှုတ်ဆက်မှာပါ။
လူကြမ်းလေးရော နှုတ်ဆက်ပါ့မလား။ လူကြမ်းလေးက မခင်တတ်ဘူး ချစ်တတ်တယ် တဲ့။
ကျွန်မကမချစ်တတ်ဘူး ခင်တတ်တယ်နော်။ ဆန့်ကျင်ဘက်သူငယ်ချင်း နှစ်ဦးရဲ့ကံကြမ္မာဟာ
ဘာဖြစ်မလဲ မသိချင်ပါဘူး လူကြမ်းလေးရယ်။ နင့်အိမ်ကလေး လာပါလို့ဖိတ်လို့ ကျွန်မသွားပြန်ရင်
နင်ကတစ်ခြားအိမ် ရောက်ပြန်ရော ၊ ပုန်းတဲ့သူကို ရှာရတာခက်တယ် လူကြမ်းလေး ၊
လျှာပေါ်ဝဲစကားလုံးတွေကို ပုံပြောကောင်းခဲ့ပေမဲ့ ရှာရတဲ့ သူကပင်ပန်းပါတယ် ဒါပေမဲ့ရှာမှာပါ။ နင့်ကို
Happy New Year နှုတ်ဆက်ချင်လို့ပေါ့။ Online ကမ္ဘာထဲမှာ နင်ရှိနေရင်တော့
ငါ့ကိုလာပြီး တွေ့မယ်လို့ ငါယုံကြည်ပါတယ်။
အေးချမ်းတဲ့ရာသီ နှင်းတွေကြားထဲမှာ ဘဝအတွက် ဒို့တွေကြိုးစားရင်းနဲ့ အနာဂတ်ကို
ခုနှစ်တွေတစ်နှစ်ပြီးတစ်နှစ် ဖြိုလို့ချီတတ်ကြရအောင်နော်။ သူများနိုင်ငံ ရပ်တည်ရတဲ့လူကြမ်းလေးရဲ့
ခံနိုင်ရည်စိတ်ဓာတ်တွေဟာ သံမဏိစိတ်ဓာတ်ဖြစ်အောင် ကြိုးစားပါ။ မူးယစ်ဆေးဝါး ဆွဲဆောင်မှု ၊
အရက် ၊ ဘီယာ ဆွဲဆောင်မှု ၊ မိန်းမ ၊ ဖဲ ၊ ဂျင် ဆွဲဆောင်မှု မကောင်းတာရှောင်ပြီး
စိတ်ကိုအကောင်းဆုံး မွေးလို့ ပြုပြင်ပြီးကြိုးစားပါ လူကြမ်းလေးရေ။နှုတ်ဖျားဂတိ မဟုတ်ဘည်း
ဦးနှောက်ဂတိနဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ကြိုးစားပါ။
လူကြမ်းလေး အမိမြေပြန်လာတဲ့လမ်း သားရွှေအိုး ထမ်းခဲ့စမ်းပါဟယ်။ မိမိစိတ်သာ အဓိကမို့
မိမိမပါရင်ဘာမှမဖြစ်ပါဘူး။ မိမိစိတ်ပါလို့သာ မကောင်းမှုကိုကျုးလွန်တာ မဟုတ်လား။
လူကြမ်းလေးရေ…၂၀၁၂က အငို ၊ အရှိုက် ၊ အလွမ်း ၊ အဆွေး ၊ နာကျည်းမှု ၊ ရက်စက်မှု
၊ စော်ကားခံမှုတွေကိုမေ့ပြီး ၊ ၂၀၁၃မှာ အပျော်အရွှင်အရီအမော အားသစ်တွေနဲ့
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပစ်တိုင်းထောင်လို စိတ်မွေးပြီးနေလိုက်ပါနော်။ ၂၀၁၃နှစ်ဆန်း
တစ်ရက်နေ့ဇန်နဝါရီ ၁ရက်နေ့ကြရင် ဘုရားပန်းအသစ် အင်္ဂျာီအသစ်နဲ့ ကံငါးပါးကိုထိန်းနော်
Onlineပေါ်မှာရှိတဲ့အခိုက် နင့်ကိုငါဆုံးမရတာနော်။ Onlineနဲ့ခွဲခွာသွားရင် နင့်ကိုငါတွေ့ရမှာ
မဟုတ်ဘူး ဒါပေမဲ့ ငါဘယ်ရောက်ရောက် နင့်ကိုတော့ နှုတ်ဆက်မှာပါ။ အမြဲတမ်းစိတ်ချမ်း
သာမဲ့အရိပ်လေး ပေးခဲ့တဲ့နင့်ရဲ့သဘောဖြူစင်မှုကို ဘယ်ခုနှစ်ရောက်ရောက် မမေ့ပါဘူး။
အသက်တွေကြီးကြီးလာသလို အသိပညာတွေလည်း ရင့်ရင့်လာပါစေ လူကြမ်းလေးရယ်။
တစ်နေ့နေ့မှာ ငါတို့တွေခွဲသွားကြရင် နင်သတိရနေပါ လူကြမ်းလေးရေ…နင့်ရဲ့
အိမ်မက်ကမ္ဘာထဲကို ငါခဏခဏလာခဲ့ပါမယ်။ နင့်ရဲ့စာတွေကဗျာတွေကို ၂၀၁၃နဲ့အတူ
ငါမျှော်လင့်နေမယ်။ ဘာဖြစ်ဖြစ်၂၀၁၃ဟာ နင့်အတွက်ကံကောင်းသော နှစ်ဖြစ်ပါစေလို့
ငါဆုတောင်းပါတယ်။
ကဗျာထောင်သောင်း စာပေါင်းကုဋေ
သူရေးကိုယ်ဖတ် ကိုယ်ရေးသူဖတ်
တော်တကတော် ကောင်းတကာ့ကောင်း
အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင်
Onlineကမ္ဘာ သီကုံးခြယ်သ
အားကျစရာ တုနှိုင်းပျော်ရာ
သတိရတဲ့ နင်တစ်ယောက်တော့
စာကဗျာမသီ လက်မှိုင်ရယ်ချ
နှင်းတွေလိုလာ နှင်းတွေလိုပျောက်
မုန်းမုန်းမေ့မေ့ စိမ်းစိမ်းကားကား
လှောင်သလိုလို ပြောင်သလိုလို
နှုတ်မဆက်ဘည်း ထွက်ခွာသွားလည်း
မမေ့ပါဘူး လူကြမ်းလေးရယ်
နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ပြုံးဖို့
မှတ်မှတ်ရရ နှုတ်ဆက်ပါရစေ
အသွင်ပြောင်းပြီး ပုံစံပြောင်းစေ
Onlineကမ္ဘာ အရောက်လာပြီး
HappyNewYaer ငါလာပြောမယ်
နင်အမြဲစောင့်နေ လူကြမ်းလေးရေ…။
ကိုယ်ပိုင်ရေးသား သီကုံးသည်။