စေတနာ ၀ိရတီ၊ ဟူဘိနှစ်ဖြာ၊ ပြဋ္ဌာန်းစွာသား၊ ကျင့်စာရိတ္တ၊ ၀ါရိတ္တဟု၊ သီလရနာ၊ မြတ်တန်းဆာလည်း၊ သတ္တ၀ါခပင်း၊ မင်းဆင်းရဲသား၊ မပိုင်းခြားဘူး၊ လေးပါးမျိုးနွယ်၊ ကြီးငယ်မဆို၊ ရွယ်ပျိုရွယ်ရင့်၊ ဆင်တိုင်းတင့်၏-လို့ မဃဒေ၀လင်္ကာသစ်မှာ ဆိုထားတယ် မဟုတ်ပါလား။
အထက်ပါ စကားရပ်ဟာ မင်းမျိုး ကုန်သည်မျိုး သူဌေးသူကြွယ် ဆင်းရဲသား ရဟန်း ပုဏ္ဏား ဘာသာမရွေး လူမျိုးမရွေး ဘယ်သူမဆို အချိန်မရွေး သီလဆိုတဲ့ မြတ်တန်းဆာ ဆင်ထားရင် ဆင်တိုင်း ဆင်တိုင်း လှပတင့်တယ်နေတယ် ဆိုတာကို ပြောထားတဲ့ စကားရပ်ပါ။
သီလဟာ စာရိတ္တသီလ ၀ါရိတ္တသီလရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။
ဝါရိတ္တသီလဆိုတာက ရှောင်ကြဉ်ရတဲ့သီလ၊ ရဟန်းဆိုရင် ၂၂၇-သွယ်သောသိက္ခာပုဒ်၊ ရှင်သာမဏေဆိုရင် ဆယ်ပါးသီလ၊ လူဆိုရင် ရှစ်ပါး ငါးပါးသီလတို့ကို ထိန်းသိမ်း စောင့်ရှောက်နေရပါမယ်။ လူဆိုရင် မည်သည့် ဘာသာဝင်မျိုး မဆို အသက်ရှိတဲ့ သတ္တ၀ါမှန်သမျှကို မသတ်ရဘူးပေါ့၊ လူတော့ မသတ်ရဘူး၊ သေးမွှားတဲ့ အကောင်လေးတွေတော့ သတ်ရတယ်။ ဒါမျိုးမဟုတ်ဘူးပေါ့။ ဒါဟာ ၀ါရိတ္တသီလရဲ့ သဘောပါပဲ။
စာရိတ္တသီလကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ္တရားတွေကို လုပ်နေရင် စာရိတ္တသီလလို့ ခေါ်တာပါပဲ။
ရဟန်း တကာ ဆရာ တပည့် မိဘ သားသမီး လင် မယား ကျင့်ဝတ်စ-သည်ဖြင့် ကျင့်ဝတ်ကိုယ်စီ ရှိကြတယ်လေ။ အဲဒီဝတ်တရားတွေ မလုပ်ရင် စာရိတ္တသီလ မပြည့်စုံဘူးပေါ့။
ဥပမာ---ရဟန်းက လူတွေကို ဓမ္မတွေ ဟောရမယ်၊ လူတွေက ပစ္စည်းလေးပါး လှူဒါန်းရမယ်။ ဆရာက အတတ်သင်ပေးရမယ်၊ တပည့်က သင်ယူထားရမယ် မှတ်သားထားရမယ်။ မိဘက မကောင်းတာကို တားမြစ်ရမယ်၊ သားသမီးက မိဘကို လုပ်ကျွေးပြုစုရမယ်။ လင်က ပစ္စည်းဥစ္စာ ရှာဖွေပြီး ပေးရမယ်။ မယားက သိမ်းဆည်းထားရမယ်-စ သည်ဖြင့်ပေါ့။ အဲဒီလို ပုဂ္ဂိုလ်အသီးသီးတွေဟာ သက်ဆိုင်ရာ သူ့ကျင့်ဝတ္တရားတွေနှင့် ပြည့်စုံနေမယ်ဆိုရင် စာရိတ္တသီလနှင့် ပြည့်စုံနေတယ်လို့ သတ်မှတ်ရပါတယ်။ မကျေပွန်ဘူးဆိုရင်တော့ စာရိတ္တသီလနှင့် မပြည့်စုံဘူးပေါ့။
အဲဒီတော့ မင်းမျိုး ကုန်သည်မျိုး သူဌေးသူကြွယ် ဆင်းရဲသား ရဟန်း ပုဏ္ဏား ဘာသာမရွေး ဘယ်သူမဆို အချိန်မရွေး စာရိတ္တ ၀ါရိတ္တသီလဆိုတဲ့ မြတ်တန်းဆာကို ဆင်ထားရင် ဆင်ထားတိုင်း ဆင်ထားတိုင်း လှပတင့်တယ်နေမှာ ဆိုတာ ဧကန်မလွဲပါဘူး။
အလှကြိုက်တတ်ကြတဲ့ ပျိုမေတို့ဆိုရင် ကိုရီယားဇာတ်ကားတွေကို ကြည့်ပြီး ဆံပင်တွေ နှုတ်ခမ်းနီတွေ ဖောင်ဘီတွေ စကဒ်တိုလေးတွေနဲ့ ပြင်ဆင်ထားလိုက်ကြတာ ယောက်ျားလေးတွေရဲ့ ရင်ထဲကို ဆူနာမီငလျင်ကြီး တုံလှုပ်သွားသလို တုံလှုပ်ပြီး ခံစား ဆွဲဆောင် သွားနိုင်ခဲ့ကြပါတယ်။
အရွယ်လွန် အဖွားကြီးများကျတော့ အထက်ကလို လှပအောင် ဆင်မြန်းပြန်ရင်လည်း ဘယ်လို ရှိနေမလဲဆိုတာ မှန်းဆကြည့်ကြပေါ့။ မီးလောင်ထားတဲ့ သစ်ငုတ်တိုပေါ်မှာ မျောက်အိုကြီး ကုတ်နေသလို ဖြစ်နေမှာ သေချာပါတယ်။
ကလေးအရွယ်ကိုလည်း အထက်ကလို လှပအောင် ဆင်ပြန်ရင်လည်း ဘီလူးရုပ်ကလေးလို ဖြစ်နေမှာ သေချာပါတယ်။
အဲဒါကြောင့် အ၀တ်အစား တန်းဆာဆိုတာ အရွယ်သုံးပါးနှင့် လိုက်လျောအောင် တန်းဆာ ဆင်နိုင်ပါမှ လှပနိုင်ကြမှာ ဖြစ်ပါတယ်။
သီလတန်းဆာကတော့ဖြင့် မင်းမျိုး ကုန်သည်မျိုး သူဌေးသူကြွယ် ဆင်းရဲသား ရဟန်း ပုဏ္ဏား ဘာသာမရွေး လူမျိုးမရွေး ဘယ်သူမဆို အချိန်မရွေး ဆင်ထားရင် ဆင်ထားတိုင်း ဆင်ထားတိုင်း လှပတင့်တယ်နေမှာ ဆိုတာ ဧကန်မလွဲပါဘူး။
ကဲ အဲဒါကြောင့် အရွယ်တိုင်း လှပချင်တယ်ဆိုရင်ဖြင့် သီလရတနာ မြတ်တန်းဆာကိုသာ အချိန်မရွေး ဆင်ကာထားကြပေတော့လို့ စေတနာ မေတ္တာထားကာ တင်ပြလိုက်ရပါတော့တယ်။
သီလရတနာ၊ မြတ်တန်းဆာ၊ ကိုယ်မှာဝတ်လို့ထား။
ကိုယ်မှာထားလျှင်၊ လှဆုံးပင်၊ အစဉ် ဖြစ်နေငြား။
(၂၉-၁၂-၂၀၁၂) စနေနေ့ ည ၉-နာရီခွဲ
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)