မနက်ဖြန်များအတွက် တွဲခေါ်မည့် ကရုဏာလက်များ
by Khin Hnin Kyi Thar on Friday, September 28, 2012 at 6:22pm ·
မနက်လင်းပြီ။ နေရောင်ခြည်နွေးနွေးလေး ကျပြီဆိုရင်ပဲ ပြည်မြို့ပလက်ဖောင်းပေါ်တွင် အိပ်စက်အနားယူနေ ကြသည့် မိသားစုတွေအားလုံး လူးလဲထပြီး အိပ်နေသေးသည့် ကလေးငယ်များကို နှိုးကြလေသည်။ သူတို့ လုပ်ငန်းစဖို့ အချိန်ရောက်ပြီဖြစ်သည်။ ဆာလာအိတ်များ၊ ပလတ်စတစ်အိတ်များကို ပခုံးမှာထမ်းကြပြီး လမ်းကြို လမ်းကြား၊ အိမ်ကြို အိမ်ကြားများဆီသို့ သူတို့ခြေဦးလှည့်ကြပြီ။ လမ်းတစ်လျှောက်ရှိ ပလတ်စတစ်အိတ်များ၊ ဘူးများကောက်ရင်း လူလစ်လျှင် ပစ္စည်းများယူရန်ကြရန်ဖြစ်သည်။ အချိန်ကား ရောင်နီရောက်စ ဝေလီဝေလင်းပင်ရှိသေးသည်။
“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”
ပြည်မြို့ရှိ မြကွမ်းတောင် ဓမ္မာရုံထဲမှ စာအံသံတို့ကား နံနက် ၉ နာရီထိုးသည်နှင့် စတင်ဝေစည်လို့နေပါတော့ သည်။ အမှတ်တမဲ့ ကြည့်မည်ဆိုလျှင်တော့ ကလေးငယ်များကို ဆရာ၊ ဆရာမများက စာသင်ကြားနေကြခြင်း ဖြစ်သည်။ ဘာမှမထူးဆန်းပေ။ သို့သော် သေချာလေ့လာကြည့်လျှင်တော့ ထိုကလေးငယ်များ၏ ဆာလာအိတ် များ၊ ပလတ်စတစ်အိတ်များ စုပုံထားသည်ကို အခန်းထောင့် တစ်နေရာတွင်တွေ့မြင်နိုင်မည်ဖြစ်သည်။
ထိုမြကွမ်းတောင် ဓမ္မာရုံထဲ၌ လမ်းဘေးပလက်ဖောင်းပေါ်တွင် အိပ်စက်ကြသော ပတ်ဝန်းကျင်က “သူခိုးလေးတွေ” ဟု သတ်မှတ်ခြင်းခံထားရသည့် ကလေးငယ်အယောက် ၆၀ ခန့် စာသင်နေကြလေသည်။ သင်ကြားနေသော ဆရာ၊ ဆရာမတို့ကလည်း မာန်အပြည့်၊ ကလေးတွေအားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင်စားမှု ကြောင့် အရောင်တွေ တလက်လက်တောက်လို့နေသည်။ မနက်ခင်းတို့ကားကျက်သရေရှိစွာ လှပလေသည်။ ထိုကလေးငယ်များကို စေတနာအပြည့်ဖြင့် စာသင်ပေးသည့်အဖွဲ့မှာ“ကရုဏာလက်များ ကွန်ရက်(ပြည်)” ဖြစ် သည်။
“အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ပြည်က လမ်းဘေးနေကလေးတွေကို အခြေခံ မူလတန်းပညာသင်ပေးပြီး က လေးငယ်တွေရဲ့ အကျင့်စာရိတ်္တ ကောင်းမွန်လာဖို့ပေါ့” ဟု ကရုဏာလက်များကွန်ရက်(ပြည်)မှ အတွင်းရေးမှူး မဇင်မာဝင်းက ၎င်းတို့အဖွဲ့၏ ရည်ရွယ်ချက်ကို ရှင်းပြလေသည်။
ထိုအဖွဲ့လေးသည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယခင်က YWCA နှင့် UNICEF တို့ ပူးပေါင်း၍ ဖွင့်လှစ်သော ကျောင်းတစ်ကျောင်းရှိခဲ့သော်လည်း ထိုကျောင်းကလေးရပ်လိုက်သည့် အချိန်မှစတင်ကာ ကရုဏာလက်များကွန်ရက်(ပြည်)အဖွဲ့အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ဇွန်လ ၁၇ ရက်နေ့မှာ အစ်မတို့အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမြင့်အေးက ဒီကကလေးတွေနဲ့ “စာသင်ချင်ပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ကြပါတယ်။ ကလေးတွေကို ရဲတွေက စခန်းခေါ်သွားပြီး နောက်တော့ ပြန် လွှတ်လိုက်တယ်။ အဲဒီကနေပြီးဦးအေးမြင့်အိမ်မှာပဲ စဖွင့်ဖြစ်ခဲ့တာ” ဟုမဇင်မာဝင်းက ဆိုသည်။
ကရုဏာလက်များ ကွန်ရက် (ပြည်)ကို စတင်ဖွဲ့စည်းချိန်တွင် အဖွဲ့ဝင်သုံးဦးခန့်သာရှိခဲ့သော်လည်း ယခုအချိန် တွင် ၁၅ ဦးခန့်ရှိခဲ့ပြီး စာသင်သားကလေးငယ် အယောက် ၆၀ ခန့်ရှိနေပြီဖြစ်သည်။ ကလေးများသည် အငယ် ဆုံး သုံးနှစ်မှစတင်ကာအသက် ၁၉ နှစ်အထိရှိသော ကလေးငယ်များပါဝင်သည်ဟု သိရသည်။
ထိုအဖွဲ့လေးသည် ကလေးငယ်များကို နံနက် ၉ နာရီမှစတင်ကာ နံနက် ၁၁နာရီအထိ စာသင်ပေးပြီး နံနက်စာ ထမင်းကျွေးသည်ဟု မဇင်မာဝင်းက ဆိုသည်။
“မနက်စာတစ်နပ်ကို ကျပ် ၁၅၀၀၀ ကျတယ်လေ။ တစ်နေ့လုံးကိုတာဝန်ယူဖို့တော့ အဖွဲ့က မတတ်နိုင်တော့ ဘူး။ ဒီလိုပဲစာသင်ပြီးသွားရင် ထမင်းထုပ်လေးတွေယူပြီး ထွက်သွားကြတာပဲ” ထိုအဖွဲ့မှ အမှုဆောင်အဖွဲ့ဝင် ဖြစ်သူ မချောစုစုထွန်းက ၎င်းတို့အဖွဲ့အကြောင်းကို ရှင်းပြလေသည်။
မချောစုစုထွန်းက ဆက်ပြီး ကလေးငယ်များတွင် တချို့ကလေးငယ်များက ကြမ်းကြမ်းတမ်းတမ်းသင်ရပြီး တချို့ကလေးငယ်များက ချော့မော့ကာသင်ရသည်ဟုဆိုသည်။ သို့သော်ကျောင်းစဖွင့်ချိန်ထက် ကလေးငယ် များ၏ အပြုအမူများသည်အများကြီးပြောင်းလဲသွားသည်ဟု ပြောပြသည်။
“အစ်မတို့ကျောင်းလေးရဲ့ အခက်အခဲကတော့ ဒီကလေးတွေက အရမ်းဆူကြတယ်။ သူတို့ကို ဘယ်လိုငြိမ် သက်အောင်လုပ်မလဲပေါ့။ အမြဲအစည်းအဝေးလုပ်ပြီး ဘယ်လိုသင်ကြားနည်းစနစ်တွေ ပြောင်းလဲမလဲဆိုတာ အမြဲတိုင်ပင်နေရတယ်” ဟုမချောစုစုထွန်းက ရှင်းပြသည်။
လမ်းပေါ်မှ ကလေးငယ်များပပျောက်ရေးဆိုသည့် စိတ်ဓာတ်ဖြင့် အဖွဲ့ကိုလည်ပတ်နေရသော်လည်း ကလေး ငယ်အယောက် ၆၀ ကျော်ကို နံနက်စာ ပုံမှန်ကျွေးနိုင်ရန် အသည်းအသန်ရှာဖွေ အလှူခံနေ ကြရဆဲဖြစ်လေ သည်။ အကူအညီ မဲ့နေသော ကလေးငယ်များကို စာသင်ကြားဖို့၊ ပြုစုစောင့်ရှောက်ဖို့ ကြိုးစားနေသည့် ကရု ဏာလက်များ ကွန်ရက် (ပြည်) အဖွဲ့ကိုယ်တိုင်လည်း အကူအညီများကို ကြိုးစားရှာဖွေနေရဆဲ ဖြစ်သည်။
ကလေးငယ်များကို စာသင်ကြားရာတွင် စာဖတ်တတ်သည့် ကလေးနှင့် စာမဖတ်တတ်သော ကလေးဟူ၍ ခွဲ ခြားထားပြီး သင်ကြားသည်ဟု ဆိုသည်။ အင်္ဂလိပ်စာကိုတော့ အားလုံးက မရသည့်အတွက် အတူတူသင်ရ သည်ဟု သိရသည်။
“ကလေးတွေက ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် သိသိသာသာလေးပြောင်း လဲလာတယ်။ သူတို့ကို သူခိုးလို့ ပြောရင်မကြိုက်ဘူး။ သူများမသိအောင်ယူရင် ဘာဖြစ်လဲလို့ မေးရင် အရိုက်ခံရတယ်၊ သူခိုးလို့အပြောခံရတယ် လို့ ဖြေကြတယ်။ ပြီးတော့ အလှူရှင်တွေရဲ့ထမင်းကိုစားပြီး လူတွေကို လေးစားရမှန်း ချစ်ရ မှန်းနားလည်လာ ကြတယ်”ဟု အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အေးက ကလေးငယ်များ ပညာတတ်သွားမှ ပြောင်းလဲလာပုံများကို ရှင်းပြလေ သည်။
လမ်းဘေးနေ ကလေးငယ်များ သက်ကြီးရွယ်အိုများအတွက် ၂၀၀၈ ခုနှစ်တွင် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် သီးခြားပြဋ္ဌာန်းထားသည်ကိုမတွေ့ရဘဲ ပုဒ်မ ၉၆ တွင် “ပြည်ထောင်စု လွှတ်တော်သည် ဇယား(၁)တွင် ဖော်ပြထားသော ပြည်ထောင်စု ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းရန် ပြည်ထောင်စု တစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်”ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
လူအများက “သူခိုးလေး” ဟု စွပ်စွဲကာမေ့ထားကြသည့် ထိုကလေးငယ်တို့ယခုတော့ စာသင်နေကြပြီ။ ထို ကလေးများ စာတတ်မှ၊ အသိပညာများ တိုးပွားလာမှ ထိုကဲ့သို့သော ကလေးများလျော့နည်းသွားကြမည် ဖြစ် သည်။ ကလေးငယ များအား ဖမ်းဆီးကာ လူကုန်ကူးခြင်းမှလည်း ကင်းလွတ်ကြမည်ဖြစ်သည်။
ပြည်မြို့မှ ကရုဏာလက်များ ကွန်ရက်အဖွဲ့ထံသို့ လာရောက်စာသင်နေသော ကလေးငယ်များသည် နေ့လယ် တွင်ပလတ်စတစ်ကောက်ရန် ထွက်ခွာသွားကြသော်လည်း နောက်တစ်နေ့မိုးလင်းလာလျှင်တော့ စာသင်ရန် ရောက်ရှိလာကြလေသည်။သူတို့အားလုံးထိုအဖွဲ့၏နွေးထွေးမှု၊ ကြင်နာမှုအောက်တွင် ပျော်ရွှင်နေကြပြီ။ စာ သင်ပေးနေသည့် ဆရာ၊ ဆရာမများကိုချစ်ရမှန်းသိနေကြပြီဖြစ်သည်။
မည်သည့်အကျိုးအတွက်မှ မမျှော်မှန်းဘဲ ကလေးများကို ပညာသင်ကြားပေးနေသော ထိုအဖွဲ့အတွက် မိမိ တတ်နိုင်သည့်ဘက်မှ စာအုပ်၊ ခဲတံစသည်တို့အပြင် အ၀တ်အထည်အဟောင်းလေးများပါ လှူဒါန်းနိုင်ကြောင်း ထိုအဖွဲ့၏လက်ကမ်းစာစောင်ထဲတွင် ဖော်ပြထားသည်။
ထိုအဖွဲ့၏ အနာဂတ်မျှော်မှန်းချက်မှာ ထိုကလေးငယ်များအတွက် စောင့်ရှောက်ရေးဂေဟာတစ်ခုဖွင့်လှစ်ပြီး စာသင်ကြားပေးရန်ပင်ဖြစ်ကြောင်း သိရသည်။
ကရုဏာလက်များကွန်ရက် (ပြည်)အဖွဲ့သည် ပြည်မြို့ ဘုရားနီလမ်းရှိ မြကွမ်းတောင်ကျောင်းတိုက်၊ မြကွမ်း တောင်ဓမ္မာရုံတွင် ကလေးငယ် ၆၀ ခန့်ကို စာသင်ကြားပေးနေခြင်းဖြစ်သည်။ ဆက်သွယ်လိုပါက ဖုန်း ၀၉-၄၃၁၅၆၆၀၃ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။
အနောက်ဘက်ဆီသို့ နေ၀င်လာပြီ။ ငှက်ကလေးများ အိပ်တန်းတက်ရန်ပြင်ကြသလို ထိုလမ်းဘေးကလေးငယ် တို့သည်လည်း သူတို့နားခိုရာဖြစ်သော ပြည်မြို့၏ ပလက်ဖောင်းများဆီသို့ ပြန်လာကြပြီ။ သူတို့တစ်နေ့လုံး လိုက်လံစုဆောင်းထားသော ပလတ်စတစ်ဘူးများကို ထုပ်ပိုးကြသိမ်းကြနဲ့ ဆူညံနေသည်။ တချို့ကတော့ ရောင်းဖို့ ယူဆောင်သွားကြလေသည်။ သည်လိုနှင့် နေ့ပေါင်းများစွာကို ဖြတ်ကျော်ကြလေသည်။
မနက်ဖြန်မိုးလင်းလာလျှင်တော့ သူတို့စာသင်ကြရန် မြကွမ်းတောင်ဓမ္မာရုံသို့ရောက်လာမည်ဖြစ်သည်။ ထို မျှော်လင့်ချက်တစ်ခုကပဲ သူတို့၏ မနက်ဖြန်ဖြစ်လေတော့သည်။
(ခင်နှင်းကြည်သာ)