တတိယပိုင်းမှာကတော့facebookမှာကျနော့်အစ်ကိုေ၇းထားတာတွေကိုဖော်ပြပါ့မယ်.
၁။ နှစ်ဦးနှစ်ဖက် ညှိပါ
သားသမီးတွေဟာ နည်းနည်းသိလာလို့ နည်းနည်း အပြစ်မြင်လာလျှင် မိဘတွေကို အထင်သေးတတ်ကြတယ်၊ တပည့်တွေလည်း ဒီအတိုင်းပါပဲ၊ ဆရာသမားတွေကို ခြေရာတိုင်းသလိုလိုနဲ့ အထင်သေးတတ်ကြပါတယ်၊ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှု ခံရကာစမှာ လူငယ်တွေဟာ မိမိကိုယ်ကိုဟုတ်လှပြီးထင်ပြီး အထင်ကြီး ဘဝင်မြှင့်တတ်တယ်၊ ပခုံးချင်းယှဉ်ချင်တဲ့စိတ်တွေ ဝင်နေတတ်တယ်၊ လူကြီးတွေကို လိုတာထက်ပိုပြီး ကြောက်ရွံ့ခြင်း၊ လေးစားလွန်ခြင်း အားကြီးလျှင် မကောင်းပါ၊ မရိုမသေမလေးမစား ပြုလုပ်ဆက်ဆံပြောဆိုတာလျှင်လည်း မကောင်းပါဘူး၊ သူတို့ရဲ့ဂုဏ်ကို ကြည့်ပြီး အစွန်းနှစ်ဖက်ညီအောင် ညှိတတ်ဖို့ အထူးလိုအပ် လှပါတယ်။(အရှင်ဣဿရိယ (ရွှေစေတီတောရဆရာတော်)
၂။လှည်းစားတတ်သောသဘာဝများ
၁။ ချစ်ခြင်းမေတ္တာကို အရင်းပြု၍ တတ်မက်ခြင်း ရာဂတဏှာသည် မေတ္တာ အယောင်ဆောင်ကာ လှည့်ပတ်တတ်သည်။
၂။ သနားကြင်နာခြင်း ကရုနာကို နီးကပ်တူညီသော စိုးရိမ်သောက ပူပန်မှုက လှည့်ဖြားတတ်သည်။
၃။ မုဒိတာဟန်ဆောင်၍ မြူးထူးရွှင်ပျခြင်း ပဟာသတရားက လှည့်ဖြားတတ်သည်။
၎။ ဥပေက္ခာဗြဟ္မဝိဟာရတရား ယောင်ဆောင်၍ ကုသိုလ်ကောင်းမှု တို့၌လုံ့လမပြု စိတ်ချလက်ချနေတတ်သော နိက္ခိတ္တဓုရတရားက လှည့်ဖြားတတ်သည်။
၅။ ဝဋ်ဆင်းရဲ၌ ထိတ်လန့် သံဝေဂရခြင်း ဟန်ဆောင်၍ စိတ်ဆင်းရဲ ကြောက်လန့်ပူပန်ခြင်း ဒေါသက လှည့်ဖြားတတ်သည်
၆။ စုံစမ်းဆင်ခြင် ပိုင်းခြားဝေဖန်သော ပညာ နှင့် ဆင်တူသည့် သူတပါးအပေါ် မယုံသင်္ကာဖြစ်ခြင်း အဘဒ္ဒိယ တရားက လှည့်ဖြားတတ်သည်။
၇။ မကောင်းမှုကို ကဲ့ရဲ့ခြင်းဟူသော သူတော်တရားနှင့်တူသဖြင့် သူတပါးကိုဝေဖန် ကဲ့ရဲ့ အပြစ်ကို ရှုမြင်သော မသူတော်တရားက လှည့်ဖြားတတ်သည်။
၈။ အသက်မွေး စင်ကြယ်ယောင်ပြု၍ မိမိပစ္စည်းကို သီတင်းသုံးဖော်တို့အား မဝေခွဲပေးလိုခြင်း မသူတော်တရာက လှည့်ဖြားတတ်သည်
၉။ တရာစကားဟောပြောခြင်း၌ မွေ့လျော်ခြင်းကို အကြောင်းပြုသဖြင့် လူတအုန်းအုန်းနှင့် စကားများခြင်း၌မွေ့လျော်ခြင်း ဟူသော မသူတော်တရားက လှည့်ဖြားတတ်သည်။
၁၀။ တပည့်သား သီတင်းသုံးဖော်သံဃာကို ချီးမြှောက်ခြင်း၌ အကြောင်းပြု၍ အပေါင်းအဖော်၌မွေ့လျော်ခြင်းတရားက လှည့်ဖြားတတ်သည်။
၁၁။ ကုသိုလ်ကောင်းမှုကို လိုလားသည့်ဟန်နှင့် သီလသမာဓိပညာ ကုသိုလ်တရားတို့၏ မပ အကြီးအကျယ် ဘုရားတည် ကျောင်းဆောက် ရေတွင်းတူး ရေကန်ဆောက် စသည့်ကမ္မရာမတာ တရားက လှည့်စားတတ်သည်
၁၂။ သမာဓိဟန်ဆောင် ၍ငိုက်မျဉ်းပြင်းရိခြင်း တရားက လှည့်စားတတ်သည်။
၁၃။ ဝီရိယစိုက်ထုတ် အမျိုးမျိုးအားထုတ်ခြင်း ဟန်ဆောင်၍ စိတ်တည်ရာမရ ပျံ့လွင့်ခြင်းက လှည့်စားတတ်သည်
၁၄။ သီလသိက္ခာကို ကောင်းစွာဆောက်တည်လိုခြင်း ကိုအရင်းပြု၍ စိတ်သက်သာရာမရ ဝိနယကုက္ကုစ ဒေါသဖြစ်သော စိတ်မသာယာခြင်းက လှည့်စားတတ်သည်။
၁၅။ ဒါယကာတို့အားသနားခြင်း နှင့်တူသဖြင့် အခြားသူတို့နှင့် ရင်းနှီးကျွမ်းဝင်စွာ မနေစေလိုခြင်း ကုလာမစ္ဆေရိယ ကလှည့်စားတတ်သည်
၁၆။ မိမိပက္ခ သူတပါးပက္ခ ကိုစုံစမ်းခြင်း နှင့်တူသဖြင့် ယုံမှားသံသယ ဝိစ္ဆိကိစ္ဆာ ကလှည့်စားတတ်သည်။
၁၇။ တရားဓမ္မကိုသာ အလေးအနက်ပြုသည် နှင့်တူသဖြစ် မိမိသီတင်းသုံးဖော်ကို မလေးစားခြင်းမရိုသေခြင်း အဂါရဝက လှည့်စားတတ်သည်။
စသည့်အတုအယောင် လှည့်စားမှုတွေကို သတိထား နားလည်ရပါမည်ု။
၃။ တန်ဖိုးကြီးမားလာဖို့
စိတ်ခံစားမှုအတိုင်း တုံ့ပြန်ရင် ပြဿနာ တက်တတ်တယ်။
စိတ်ခံစားမှုအတိုင်း မဟုတ်ဘဲ ပညာနဲ့ တုံ့ပြန်ပါ။
မပြောခင် စဉ်းစားပါ။ မလုပ်ခင် စဉ်းစားပါ။
ဒီအတိုင်းပြုကျင့်တာ များလာလျှင် အကုသိုလ်နည်းပါးလာမည်။
အကုသိုလ် နည်းလေလေ လူ့တန်ဖိုးတက်လေလေ။
အကုသိုလ် များလေလေ လူ့တန်ဖိုး ကျလေလေ။
ထိုအကုသိုလ်၊ ကုသိုလ်နှစ်ပါးဖြင့် သံသရာလည်နေရခြင်း ဖြစ်သည်။
( ဓမ္မစရ အရှင်ကုမာရ )
၎။အထီးကျန်ခြင်း ဆိုတာက
ကိုယ့်အနီးနားမှာ ဘယ်သူမှ မရှိတာကို အထီးကျန်ခြင်းလို့ မခေါ်ဘူး။ ကိုယ့်အတွက်အရေးကြီးတဲ့ အရာမျိုးကို အနီးရှိ လူတွေနဲ့ ဆွေးနွေးခွင့် မရတာမျိုး၊ ကိုယ့်ထင်မြင်ချက်တွေကို အများက လက်မခံနိုင်တာမျိုးတွေကြောင့်သာ အထီးကျန်ခြင်းဆိုတာဖြစ်လာတာ။
( ဆရာတော်ဦးဇောတိက )
ပြီးပါပြီ။