Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကောင်း ကင် က ကြယ် ကို ကြည့်

$
0
0

အိမ်။

တစ်လုံးတည်းနဲ့ ပြည့်စုံ ကြွယ်ဝ ကျစ်လစ်တဲ့ဝေါဟာရတစ်ခု။ အင်္ဂလိပ်ဘာသာစကားအရ ဟောက်စ်(House)တဲ့။ ဟုမ်း(Home)တဲ့။ ကျွန်တော်နားလည်လက်ခံမိသလောက်တော့ (House)က ခေတ္တယာယီ တည်းခိုတဲ့ အိမ်။

(Home)က သံယောဇဉ်တစ်ခုခုကို တွယ်တာပြီး အခြေတကျ နေထိုင်တဲ့ အိမ်။

(Homesickness)ဆိုတာက အိမ်လွမ်းနာ ပေါ့။

အိမ် လွမ်း နာ။

အိမ်ကို လွမ်းလို့ ရင်ထဲမှာ တစစ်စစ် နာကျင်ရတဲ့စိတ်ရောဂါလို့ အမည်ပေးလိုက်ချင်တယ်။

ကျွန်တော်က(House)မှာနေပြီး (Home)ကို လွမ်းနေတဲ့ (Homesickness)တစ်ယောက်ပါ။

အရင်တုန်းကတော့ အိမ်ဆိုတာ အဆင်မပြေမှုများစွာနဲ့ ထောက်ကူကျားကန်ထားတဲ့ (ဘဝတူ သွေးရင်းသားရင်းတွေနေတဲ့) အဆောက်အအုံသက်သက်ပဲ ထင်ခဲ့တာ။ ခုလို အိမ်နဲ့ခွဲပြီး လူတွေထဲ တိုးဝင်လိုက်မှ လွမ်းမက်စရာကောင်းတဲ့ အသိုက်အမြုံမှန်း သိတော့တယ်။

အိမ်

ဝေးဝေးက အိမ်

ခုလိုမျိုး လှောင်အိမ်မဟုတ်ဘူး

ချည်နှောင်ခဲ့

ချစ်ခြင်းမေတ္တာနဲ့ မြဲမြံအောင် ချည်နှောင်ခဲ့

ခုလိုမျိုး အသပြာနဲ့မဟုတ်ဘူး

ဖေဖေ၊ မေမေ၊ ညီလေး၊ ညီမလေး... နှလုံးသားတွေ စက္ကန့်မလပ်နွေးထွေးတာ အိမ်။ ဆာလောင်မွတ်သိပ်လာတိုင်း သီးပွင့်ပေးမယ့်ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိတာ အိမ်။ မိုးဒဏ်၊ လေးဒဏ်၊ လောကဓံကြုံတိုင်း ပြေးဝင်ခိုလှုံရတာ အိမ်။ ကံကြမ္မာဓါးသွားအောက်မှာ ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတဲ့ အိမ်။ မိုးခြိမ်းသံကြားတိုင်း စိတ်ကူးထဲ မိုးတွေ ယို၊ ထန်းရွက်မိုး၊ ထန်းလက်ကာ၊ ထန်းသမားမိသားစုနေတဲ့ အိမ်။ ဝေးဝေးက အိမ်။ ခုလိုမျိုး လှောင်အိမ်မဟုတ်ဘူး။

ခု လို မျိုး လှောင်အိမ်မဟုတ်ပါဘူး။

---------------------------------

ကျွန်တော် အိမ်ကလေးနဲ့ ဝေးနေရတာ ငါးနှစ်ကျော်ပြီ။

'' ရောက်စမို့လို့ပါ သုံးလထက်ကျော်ရင် မေ့သွားလိမ့်မယ် '' တဲ့။

အဲဒီ သူငယ်ချင်းကိုရော၊ သူ့စကားကိုရော၊ အိမ်ကလေးကိုရော ကျွန်တော် မေ့လို့မရခဲ့ပါဘူး။

အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ကိုယ့်မိသားစုရဲ့ သောက၊ ဗျပါဒကို ကူညီဖြေရှင်းပေးချင်လို့သာ သူရဲကောင်းဆန်ဆန်ထွက်လာခဲ့မိတာပါ။ ဘယ်တောင်ကိုဘယ်လိုကျော်ပြီး ဘယ်တောကို ဘယ်လိုဖြတ်ရမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အဲဒီလို အူတူတူ အတတဘဝနဲ့ မြူနှင်းငါးကြိမ်သာ ခုန်ဆင်း အငွေ့ပျံသွားတော့တယ်။ နားစွင့်ကြည့်လိုက်တော့ အဆင်မပြေမှုခြေသံတွေ ကျွန်တော့ကို နောက်ယောင်ခံလိုက်နေကြတုန်းပဲ။ (ကျွန်တော်အိမ်ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။)

အဲဒီလိုနဲ့ ကျွန်တော်ဟာ အိမ်ကလေးရဲ့အဝေးမှာ အိမ်ပြေးလေးတစ်ယောက်လို တစ်အိမ်ဆင်း၊ တစ်အိမ်တက်၊ အိမ်အများအပြားပိုင်ဆိုင်တဲ့ ခြေသလုံးအိမ်တိုင်မင်းသားဘွဲ့ကို သိမ်းပိုက်ထားဆဲပါပဲ။

အိမ်ကလေးရဲ့အဝေးမှာ ကျွန်တော်ဟာ ဂျစ်ပစီတစ်ယောက်လို ရိုးသားခဲ့ဖူးတယ်။ လူကြီးလူကောင်းတစ်ယောက်လို မိုက်မဲခဲ့ဖူးတယ်။

ကလေးသူငယ်တစ်ယောက်လို ယဉ်ကျေးခဲ့ဖူးတယ်။

လူယဉ်ကျေးတစ်ယောက်လို ရိုင်းစိုင်းခဲ့ဖူးတယ်။

လူရိုင်းတစ်ယောက်လို ဖြူစင်ခဲ့ဖူးတယ်။

လူ့ဂွစာတစ်ယောက်လို ပွင့်လင်းပြတ်သားခဲ့ဖူးတယ်။

သားကောင်လို တိုက်ခိုက်ခဲ့ဖူးတယ်။

မုဆိုးလို ထောင်ချောက်မိခဲ့ဖူးတယ်။

ဖိနပ်တစ်ရံလို ပြောင်လက်ခဲ့ဖူးတယ်။

တစ်ရှူးတစ်စလို ပေကျံခဲ့ဖူးတယ်။

အိမ်ကလေးရဲ့အဝေးမှာ ကျွန်တော်ဟာ 'ထ'ဆင်ထူးကိုထောင်ပြီး 'ဝိ' လုပ်ပြီး နေထိုင်ခဲ့ဖူးတယ်။

ခုထိတော့ 'ဝ' လုံး ကိုတောင်မှ ဝိုင်းအောင်မရေးတတ်သေးပါ။

အိမ်ကလေးရဲ့အဝေးမှာ ကျွန်တော်ဆွဲနိုင်သမျှ ဝန်အားလေးနဲ့ ရုန်းပါတယ်။ ကန်ပါတယ်။ လှော်ပါတယ်။ ခတ်ပါတယ်။ ခေတ်ကြီးကအပြေးသန်တော့ လိုက်လို့မမီပါဘူး။ ကျွန်တော့ရင်ဘတ်တွေသာ ဒဏ်ရာတွေတစ်ထပ်ပြီးတစ်ထပ်နဲ့ အိမ်လွမ်းဇာတ်ကို တစ်ညပြီးတစ်ည ကရမယ့်ပွဲတော်ပါ။ မင်းသားတော့ မင်းသားပေါ့။ ဆင်းရဲသားဖြစ်လိုက်၊ နင်းပြားဖြစ်လိုက်၊ ကျွန်ဖြစ်လိုက်၊ နွံနစ်လိုက်နဲ့ အိမ်မက်တွေအခါခါကျကွဲတဲ့ အဝေးရောက်မင်းသား။

တချို့က ရွှေတူးတယ်။ တချို့က ငါးရှာတယ်။ တချို့က ဖားနှိုက်တယ်။ တချို့က အ,မနဲ့ စာသင်တယ်။ တချို့က ယိုးဒယား က က,တယ်။ တချို့က ကန်ဘောင်လျှောက်တယ်။ တချို့က ဗယာကြော်စားတယ်။ တချို့က မလိုင်စားတယ်။ တချို့က ပဲစားတယ်။ တချို့က ဖာဂူဆန်နဲ့ မော်ရင်ညိုကို မီးပုံးပျံလုပ်ပြီး ကစားတယ်။

ကျွန်တော်ကတော့ အိပ်မက်အကြွေတွေကို ရင်ဘတ်နဲ့ သဲ့ သဲ့ ယူပြီး ... အလွမ်းမင်းသားစတိုင်နဲ့ပေါ့။ လွမ်းတယ် မေမေရယ်။

တစ်ယောက်ကိုတစ်ယောက် နင်းချေတတ်ကြတဲ့လောကထဲမှာ မေတ္တာတရားတွေရှိတဲ့အရပ်ဆီ မှန်းမျှော်ပြီး လွမ်းတယ်။ အိမ်အိုလေးရဲ့ ကွပ်ပျစ်ပေါ်က လသာသာညတွေကို လွမ်းတယ်။

------------------------------------

လင်းပွင့်ကြည်စင်တဲ့ညတွေဆို ကောင်းကင်ကိုကြည့်ပြီး လွမ်းမောရတာ အိပ်ဆေးတစ်ခွက်လိုဖြစ်နေပါပြီ။ ပိန်ပိန်ကွေးကွေး တခြမ်းပဲ့ လကလေးပဲ တွေ့ရမလား... ဝဝဖောင်းဖောင်း လမင်းကြီးပဲမြင်ရမလား...။ သူ့ဆီက ထမင်းဆီဆမ်းတောင်းချင်လို့ မဟုတ်ပါဘူး။ ရွှေလင်ပန်းကို လိုချင်လို့လဲ မဟုတ်ပါဘူး။ ငယ်ငယ်က မေမေ ခဏခဏတောင်းပေးခဲ့ပြီးပြီပဲဟာ။ ငယ်ငယ်တုန်းကတော့ လမင်းကိုမော်ကြည့်၊ ပါးစပ်ကလေး ဟ ပြီး လက်ဝါးနဲ့ ပိတ်ချည်ဖွင့်ချည်လုပ်ကာ " ဝါး ဝါး ဝါး ဝါး " လို့ အော်ခဲ့ဖူးပါရဲ့။

အဲဒီတုန်းက နွေညတွေမှာဆိုရင် လမ်းတကာထုပ်ဆီးတိုး၊ ပုဆိုးကွင်းသိုင်းနဲ့ ရွာရိုးကိုးပေါက်ပြေးလွှား၊ လမ်းဘေးစုထိုင်၊ ဝန်းထရံတိုင်တွေပေါ်တက်၊ အပူအပင်မဲ့စွာကစားခဲ့တဲ့ ညချမ်းတွေပေါ့။ သူတပါးရဲ့သစ်သီးကိုခိုးခူးပြီး စားခဲ့တဲ့ညတွေလည်း ရှိပါရဲ့။

တခါတခါတော့ မြက်ခင်းပေါ်ကျောခင်းအိပ်ပြီး ကောင်းကင်က ကြယ်တွေကို အပြိုင်ရေတွက်ကြတယ်။ ပြေးနေတဲ့ကြယ်ကလေးတစ်လုံးကိုတွေ့တဲ့အခါ ငြင်းကြ ခုန်ကြပြန်ရော။ တစ်ယောက်က အဲဒါ ဥက္ကာပျံ လို့ သူ့အဖွားက သူ့ကိုပြောပြဖူးကြောင်း ပြောတယ်။ နောက်တစ်ယောက်က ဂြိုလ်တု တဲ့။ အခြားတစ်ယောက်က လေယာဉ်ပျံ ပါကွာ တဲ့။ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါး၊ ကြားဖူးနားဝရှိတဲ့စကားတွေကို ကိုးကားပြီး တစ်ယောက်တစ်ပေါက် ငြင်းခုံ ပျော်ရွှင်ခဲ့ကြတဲ့ စိတ်ကူးချိုချိုညတွေပါ။ ဖုန် အလိမ်းလိမ်း၊ ချေး ညှော် အထပ်ထပ်နဲ့ သန့်ရှင်းဖြူစင်ခဲ့တဲ့ ငယ်ဘဝတွေပါ။

နောက်တော့ ပုံပြောတမ်းကစားတဲ့ဘက်ရောက်သွားတယ်။ အဖွဲ့ထဲကတစ်ယောက်က သူ ထင်းခွေသွားရင်း ဥစ္စာစောင့်မချောချောလေးနဲ့ တွေ့ခဲ့တဲ့အကြောင်း လုပ်ကြံ ဇာတ်လမ်းထွင်ပြီးပြောတဲ့အခါ အားလုံး တိတ်လို့ ဆိတ်လို့။ သူ့ကိုလည်း ရာဇဝင်တွေထဲက သူရဲကောင်းကြီးတစ်ယောက်လို အထင်ကြီးတဲ့စိတ်တွေနဲ့ ငေးလို့။ အစအနောက်အလွန်သန်တဲ့ လူကြီးတစ်ယောက်ရောက်လာတော့ ကျွန်တော်တို့ ကလေးတွေအားလုံးလည်း ပုံနားထောင်သူသက်သက် ဖြစ်သွားတော့တယ်။

စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ ပုံဝတ္ထုတွေကို အဲဒီလူကြီး စ ပြောပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး ကျောချင်းကပ်အနေအထားကို တန်းရောက်သွားတာပဲ။ ပုံပြင်က စိတ်ဝင်စားစရာကောင်းတဲ့အဆင့်ကနေ ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်လာတယ်။ အိမ်ပြန်ချင်ပြီ။ ညည့်လည်း နက်လှပြီ။ အိမ်က စိတ်ပူနေလောက်ပြီ။ ဆက်ပြီးလည်း နားမထောင်ရဲတော့ဘူး။ ပုံပြင်ကတော့ ဘီလူးမကြီးက ကလေးငယ်ကိုစားဖို့ လိုက်ဖမ်းတဲ့အခန်းကို ရောက်နေပြီ။ အဲဒီအချိန်မှာပဲ ပုံပြောတဲ့လူကြီးက ကျွန်တော်တို့ကိုထားပြီး ထွက်ပြေးသွားပါရောလား..... ......။

ကောင်းကင်ကို ပြိုင်တူမော့ကြည့်လိုက်တော့ ...ည ခရီးသွားယာဉ်လေးတွေက

မှိတ် တုတ် လင်း လက် ... ..... ....

" မေမေရေ ... .. သားကို လာခေါ်ပါဦး ... သား အိမ် မပြန်ရဲဘူး "

" မေမေရေ .... .... "

" မေ မေ .... .... .... "

------------------------------------

အသံတစ်ခုက ကျွန်တော့နားထဲကို ကြွေကျလာတယ်။ ဖေဖေလား ... မေမေလား ... ညီလေးလား ... ညီမလေးလား ...။ ကျွန်တော့ကိုလွမ်းရင် ကောင်းကင်က ကြယ်ကလေးကို ကြည့်ပါ။ အဲဒီမှာ ကျွန်တော်ပစ်တင်ထားတဲ့ အသံတချို့ရှိနေတယ်။

အိမ်ဆိုတာ အဝေးရောက်နှလုံးသားတွေရဲ့ ချည်တိုင်ပါ။ နည်းပညာခေတ်ကြီးရဲ့လှည့်ဖြားခေါ်ဆောင်မှုကြောင့် အိမ်ကလေးရဲ့အဝေးကိုရောက်နေကြသူအားလုံး တစ်နေ့တော့ ကိုယ့်ချည်တိုင် ကိုယ်ပြန်ကြရမှာပါ။

ကျွန်တော် ပြန်လာခဲ့ပါ့မယ်။

ကောင်းကင်က ကြယ်ကလေးဆီ ကျွန်တော့ရဲ့တိုင်တည်ဆုတောင်းတစ်ခု ထပ်ပြီး ပစ်တင်လိုက်တယ်။

မနက်ဖြန်တခုခုမှာ နွေးထွေးလုံခြုံတဲ့ မိသားစုရင်ခွင်ရောက်အောင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်။

အရှုံးတွေ တပွေ့တပိုက်နဲ့ပဲဖြစ်ဖြစ် ကျွန်တော် ပြန်လာခဲ့ပါ့မယ်။

ကျွန်တော် ပြန်လာခဲ့ပါ့မယ်။

ပန်းပွင့်ပေါ်က ရေစက်ရေမှုန်လေးတစ်ပေါက် လျှောကျ လိမ့်ဆင်း သွားသလို ...

အငွေ့ပျံ ပျောက်ဆုံးသွားသလို ...

ကျွန်တော် ပြန်ရမယ့် နေ့ရက်ဟာလည်း အလွယ်တကူ ...။

ကွေးသောလက်ဟာ အလွယ်တကူ ...

ဆန့်သောလက်ဟာ အလွယ်တကူ ...

အရာရာဟာ အလွယ်တကူ ... ... ။ ။

မိုးဇက်(သခွတ္တနယ်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>