စကား
လူလူချင်းဆက်သွယ်ရာတွင် ဘာသာစကားလောက်ထိရောက်သောသင်္ကတမျိုးမရှိသေးချေ။စကားကိုလူမျိုးစုတစ်စု သို့မဟုတ် အုပ်စုတစ်စုအသုံးပြုကြသည်။သို့ရာတွင်အက္ခရာစာပေရှိချင်မှရှိသည်။မြန်မာစကားသည်ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့ပြီးမြန်မာစာသည်လည်းရှေးနှစ်ပေါင်း ၁၀၀၀ခန့်ဆီကပင်ရှိခဲ့ကြောင်းတွေ့ရှိရသည်။ “ဂုဏ်ယူဖွယ်ရာပါ”
မြန်မာစကား
မြန်မာဘာသာစကားသည်တိဗက်-တရုတ်ဘာသာစကားမျိုးရိုးကြီးမှဆင်းသက်လာသည့်တိဗက်-မြန်မာမျိုးရိုးခွဲတွင်ပါလာသောဘာသာစကားတစ်ခုဖြစ်သည်။
မြန်မာအနွယ်ဘာသာစကားများမှာ ကချင်အစု၊ကရင်အစု၊ချင်းအစု၊ပျူအစု၊မြန်မာအစု၊သက်အစု၊နာဂအစု၊လောလောအစု၊တိဗက်အစုတို့ပါဝင်ကြသည်။ယခုခေတ်
စကားကွဲပြားခြင်းမှာ ရေခြား၊မြေခြားနှစ်ကာလအတော်ကြာအချင်းချင်းအထိအတွေ့နည်းပါးခဲ့ခြင်းဖြစ်ကြောင်းနားလည်ရပါသည်။
မြန်မာစကား၏ဂုဏ်ရည်လက္ခဏာ
မြန်မာစကားသည်တက်သံ၊ကျသံကွာခြားမှုအရစကားလုံးအနက်အဓိပ္ပာယ်တခြားစီဖြစ်သွားသည်။အင်္ဂလိပ်စကားမှာမူတက်သံ၊ကျသံကြောင့်အနက်မကွဲပြား။
ဥပမာ။ ။Call =ကော့၊ကော်၊ကောလ်
Before=ဘီဖိုး၊ဘီဖို၊ဘီဖို့
မြန်မာစကား၏တက်သံ၊ကျသံကြောင့်အနက်ကွဲပြားပုံကိုကြည့်ပါ။
က=ကခုန်၊ကပြသည်။
ကာ=ကာဆီး၊ကာကွယ်သည်။
ကား=ခြေကား၊လက်ကား၊ဖြန့်ကား၊မော်တော်ကား။
နောက်ပြီးမြန်မာစကား၏လက္ခဏာရပ်စကားလုံးများကိုပူးတွဲအသုံးပြုလေ့ရှိခြင်းဖြစ်သည်။
ဥပမာ -အင်္ဂလိပ်လိုCome and Dine . “ လာပါနဲ့စားပါ” ဟုဆိုရ၏။
မြန်မာကတော့ လာပါစားပါ ။ဒါပါပဲ။ငယ်ရွယ်သောသူကိုလူငယ်၊ရေစုပ်သောစက်ကိုရေစုပ်စက်၊စာအုပ်များထားရှိပြီးစာကြည့်နိုင်သောတိုက်ကို စာကြည့်တိုက် ၊ကူးသန်းရောင်းဝယ်လုပ်ကိုင်ဆောင်ရွက် စသည်ဖြင့်ပူးတွဲသုံးစွဲသည်။
မြန်မာစာလုံးဘယ်ကလာသလဲ
နိုင်ငံခြားတွင်အစည်းအဝေးများ၊သင်တန်းများ၊ဆွေးနွေးပွဲများ၌နံဘေးမှထိုင်နေသော မလေး၊စင်္ကာပူ၊အင်ဒိုနီးရှား၊ဗီယက်နမ်၊ဖိလစ်ပိုင်တို့ကမိမိတို့မြန်မာ
စာလုံးကိုအထူးအဆန်းမျက်လုံးပြူးကြည့်နေတတ်၏။
“အဲဒါဘာစာလဲ”
“မြန်မာစာလေ”
“မြန်မာစာကတရုတ်စာနဲ့လည်းမတူပါလား”
“ဘယ်တူမလဲတရုတ်နဲ့တခြားစီကို”
“ကုလားစာနဲ့လည်းမတူဘူးနော်”
“မတူဘူး”
“ဘာဖြစ်လို့လဲ”
“မြန်မာစာကမြန်မာကိုယ်ပိုင်စာပေအနေနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ လောက်ကတည်းကသီးသီးသန့်သန့်ရှိခဲ့တာမို့ပါ”
A ၊B၊C၊D လက်တင်စာလုံး၊အင်္ဂလိပ်စာနဲ့စာပေဖြစ်လာတဲ့မလေးလူမျိုး၊အင်ဒိုနီးရှားလူမျိုးတွေဆိုရင်တအံ့တသြမော့ကြည့်ပြီးအထင်ကြီးသွားကြလေတော့သည်။
မြန်မာအက္ခရာသည်အိန္ဒိယရှေးဟောင်းအက္ခရာ ဗြာဟ္မီမှဆင်းသက်လာခဲ့ပြီးခရစ်တော်မပေါ်မီ(၈)ရာစု၊(၇)ရာစုကာလအတွင်းပေါ်ပေါက်ခဲ့သည်။
ခရစ်နှစ်ပေါ်ဦးစ အိန္ဒိယတိုင်းရင်းသားတို့အရှေ့တောင်အာရှတခွင်သို့ရွက်လွှင့်ကာကူးသန်းရောင်းဝယ်သွားလာရင်း ၄င်းတို့နှင့်အတူဗုဒ္ဓဘာသာ၊ဗြာဟ္မဏ
ဘာသာ၊ဟိန္ဒူဓမ္မသတ်ကျမ်း၊အနုပညာအမျိုးမျိုးနှင့်အက္ခရာအရေးအသားတို့ပါလာကြသည်။
ရှေးဦးမြန်မာအက္ခရာတို့ကိုပုဂံခေတ်ဘုရားများ၊ကျောက်စာများတွင်တွေ့နိုင်သည်။ကျောက်စာတို့သည်လေးထောင့်စပ်စပ်ရှိသည်။ကျောက်စာမှတဖန်ပေ
ရွက်ပေါ်သို့ကူးပြောင်းရေးသားကြရာတွင်အဆင်ပြေစေရန်ဝန်းဝန်းဝိုင်းဝိုင်းပုံသဏ္ဍန်တို့ဖြစ်လာသည်။ထိုကဲ့သို့ကျောက်စာမှပေစာ၊ပေစာမှသည်စာရွက်ပေါ်ဆီ
သို့တရွ့ရွေ့ပြောင်းလဲကာယနေ့မြန်မာစာပေအက္ခရာဖြစ်လာလေသည်။
တန်ဖိုးကိုသိကြစေချင်
စာပေဂုဏ်ကိုသေနတ်ဖြင့်မကာကွယ်နိုင်၊အမြောက်၊လေတပ်၊စစ်ရေယာဉ်များဖြင့်လည်းမတားဆီးမလုံခြုံနိုင်၊အသိအမြင်နှင့်သာသက်ဆိုင်သည်။သမိုင်းကိုမသိလျှင်
“အ”သည်။အနည်းဆုံးစကားလုံးသမိုင်းနှင့်စာပေအက္ခရာသမိုင်းတို့အကြောင်းတော့သိကောင်းပါသည်။အင်္ဂလိပ်နာမည်တွေပေး၊အင်္ဂလိပ်စာလုံးတွေထော့ကျိုးပြော
၊အင်္ဂလိပ်စာတွေကြားညှပ်ရေးသားဖျက်ဆီးသူအချို့ကြောင့်အန္တရာယ်များလှသည်။
မိမိစကား၊မိမိစာပေကိုတန်ဖိုးထားရကောင်းမှန်းတောင်မသိအောင်နုံချာညံ့ဖျင်းခဲ့သည်ရှိသော် ၄င်းတို့ကိုမည်သူမှဆယ်ယူကယ်တင်နိုင်မည်မဟုတ်ချေ။
“ယနေ့လူငယ်များအမြင်ကျယ်ကျယ်နဲ့အားထုတ်လေ့လာပြီးမြင့်မားတိုးတက်နိုင်ကြပါစေ”
မှတ်ချက်။ ။ဆရာ ချစ်နိုင်(စိတ်ပညာ)၏“မင်းတို့အတွက်ဂုဏ်ယူပါရစေ”ဆောင်းပါးမှကောက်နုတ်တင်ပြသည်။