အချစ်ဆိုသောအရာသည်..ဆုပ်ဆုပ်ကိုင်ကိုင်..ဒြပ်သဘောရှိသော အရာတော့မဟုတ်ပါ
သို့သော်..လူကိုရူးသွပ်စေသည်တော့အမှန်..သူတစ်ပါးတော့မသိ ထိုစကားလေးကို
ကျွန်တော် လက်ခံလိုက်ပါပြီ ။
အဘယ်ကြောင့်ဆိုသော်..ရွက်ဝါနဲ့စတင် သိရှိကျွမ်းဝင်စကပင်
ကျွန်တော်ရူးသွပ်မိခဲ့၍ဖြစ်ပါသည် ။
ရွက်ဝါနှင့်ကျွန်တော် စတင်သိရှိခဲ့ပုံက သိပ်တော့အဆန်းတကြယ်မဟုတ်ခဲ့ပါ..
သူလိုကိုယ်လို အွန်လိုင်းပေါ်တွင် မိတ်ဆွေဖြစ်ခဲ့ခြင်းသာဖြစ်ပါသည် ။
ကျွန်တော်တွင်..အွန်လိုင်းမိတ်ဆွေ ကောင်မလေးများ ရှိပါသည်
တစ်ချို့ အတော်လှပါသည်(သူတို့ပေးပို့သောဓါတ်ပုံအရ)..သူတို့ပုံအစစ် ဟုတ်မဟုတ်
ကျွန်တော် အာမမခံပါ ။
တစ်ချို့က အပြောကောင်းပါသည်..ထိုအပြောကောင်းသူများသည် မကြာခင်မှာပင်
ကျွန်တ်ေနှင့်ဇာတ်ခေါင်းကွဲ ကြပါသည်။ ထို့ကြောင့် အပြောကောင်းလေးများကို
နောင်အခါ ကျွန်တော်ကြောက်လာပါသည် ။
တစ်ချို့က သိပြီးမကြာခင်မှာပင် ရေလာမြောင်းပေး စကားစလာတတ်ပါသည်
ကျွန်တော် အမှတ်မထင် စီးမြော ကောင်းဆဲခဏမှာပင်..အခြားတစ်ယောက်နှင့်
ချက်တင် ပြောစကားများကို..ကျွန်တော်ထံမှားယွင်းပေးပို့မိတတ်ကြပါသည်..
ဥပမာ.. “ မောင်ကို..အရမ်းပဲချစ်တယ်..” တဲ့.
ကျွန်တော်.. “ ဟိုက်..” ဟုလန့်ဖြန့်အသံတောင်ထွက်မိပါသည် ။
ထိုကဲ့သို့သော..ကောင်မလေးများကြားတွင်..တစ်နေ့သောအခါ
သူမ..ရွက်ဝါနှင့် သိရှိလာခဲ့ခြင်းဖြစ်ပါသည် ။
တွေ့စမှာပင်..စီးစီးပိုးပိုးစကားစစ်ထိုးတတ်သောရွက်ဝါ..
အလွန်တစ်ရာ..အပြောရအဆိုရခက်ပါသည်
တစ်ပတ်လောက်ထိ..ဘုနှင့်ဘောက်..နာမယ်လေးကိုတောင် တွန့်တိုတတ်သူ..။
ကျွန်တော်ကလည်းကျွန်တော်..စိတ်ဆတ်သော သူမကိုစချင် နောက်ချင်နေပါသည်
သူမဒေါသထွက်နေမည်ဖြစ်သော..သူမမျက်နှာ နီနီလေးကို စိတ်ကူးနှင့်မှန်းဆ၍..
ပြုံးနေမိပါသည် ။
တစ်ခါတရံ ချက်တင်တွင်ကျွန်တော် အသံများထွက်အောင်ရီမိပါသည် ။
စကားပြောမကောင်းသောကျွန်တော်နှင့် ဘုဆတ်ဆတ်နိုင်သော ရွက်ဝါလေး
တို့ဆက်ဆံရေးက အခြားကောင်မလေးများထက်..ပိုမိုနက်နဲလာပါသည် ။
ကျွန်တော် အွန်လိုင်းပေါ်ရောက်လျှင် သူမကို ကသောကမြောရှာမိပါသည်
မတွေ့လျှင် စိတ်ထဲဟာတာတာ..အဲဒီမှာ ရူးသွပ်ခြင်း ဇာတ်လမ်းစသည်ထင်ပါသည်
ကျွန်တော်အလည်လွန်နေသောနေ့များ အွနိုင်းပေါ်အရောက်နောက်ကျလျှင်..
သူမက စောစီးစွာရောက်နေလျှင်..
“ ကိုကို..နင်ဘယ်တွေသဝေထိုးနေလဲ..” ဟုရန်ထောင်တတ်လာပါသည်
“ နင် ငါ့ကိုမျှော်နေလား..” ဟုပြန်မေးမိလျှင် အကြာကြီးစကားတိတ်ဆိတ်
သွားတတ်စမြဲ..။
ကျွန်တော် သူမကိုချစ်စကားပြောဖို့ အကြိမ်ကြိမ် ကြံစည်မိပါသည်
အမှန်မှာ..အွန်လိုင်းပေါ်တွင် မည်သို့မျှ မျက်နှာပူစရာမလို..ပြောချဝန့်ဖို့သာလိုပါသည်
သို့သော်..မပြောရဲခဲ့ပါ..သူမကလည်း..ရေလာအောင်မြောင်းမသွယ်..
အချစ်ဆိုသည် ဆန်းတော့အဆန်းသား..
တစ်နေ့..အချမ်းပိုသော..ဆောင်းတစ်ည အတော်ညဉ့်နက်သည်ထိ သူမနှင့်
လိုင်းပေါ်..ရီစရာများ ပြောနေရင်း
“ ကိုကို..ချမ်းတယ်ဟာ..” တဲ့
“ ခုရက် အအေးလှိုင်းဖြတ်နေတယ်လေဟာ..” ကျွန်တော်ကပြန်ပြောတော့
“ ကိုကိုရေ အာဘွား..” တဲ့ ဘာမပြောညာမပြောလုပ်ချလိုက်ပုံများ
ကျွန်တော်ခေါင်းမိုးကြိုးကြီး ပစ်ချလိုက်လေသလားမသိ
“ ရွက်ဝါ..နင်ဘာပြောတယ်..” လို့ပြန်မေးမိပါသည်..
အမှန်က..တစ်ခြားကောင်မလေးများလို ကျွန်တော်ချက်ဘောက်ကို
စာမှားတင်မိလေသလား ထင်မိတာပါ ..
“ ကိုကို..နင်တော်တော်အတယ်.. ..” တဲ့
ကဲ..အဲလိုရွက်ဝါလေးလေ..
ကျွန်တော် မရူးသွပ်ပဲနေနိုင်ပါ့မလား..
စာဖတ်သူရော..အချစ်မှာ..ရူးသွပ်ဘူးပါစ..။
တဆိတ်..ကော်မန့်လေး..မစခဲ့ပါနော်..အချစ်နဲ့ နဖူးတွေ့ဒူးတွေ့..စတွေ့နေလို့ပါ ။