ကျနော့်ရဲ့သဘောထားနဲ့အမြင်တွေဟာ စာဖတ်သူ သူငယ်ချင်းများ တွေ့မြင်ကြားသိနေကျ သဘောထားတွေနဲ့ ထိပ်တိုက် ဆန့်ကျင်နေတတ်တာမျိုးတွေ ရှိနေတတ်ပါတယ်
ကိုယ့်မျက်ချေး ကိုယ်မမြင်ဆိုတဲ့ စကားပုံရှိပါတယ် တခါတရံ ကိုယ့်ရဲ့ချို့ယွင်းချက် အားနည်းချက်တွေကို ကိုယ်ကိုယ်တိုင်မြင်နိုင်စွမ်းမရှိကြပါဘူးလို့ဆိုလိုပါတယ်
ဥပမာ - ခင်ဗျားခေါင်းပေါ်မှာ ဖုံတွေကပ်နေတယ်လို့ပြောတဲ့သူကို ခင်ဗျားဘယ်လိုသဘောထားမလဲ (၁) ဝေဖန်ရေးသမားလား (၂) အပြစ်မြင်တတ်သူလား (၃) စေတနာနဲ့ ကူညီသူလား (၄)...........................စသဖြင့်ပေါ့ဗျာ (ခင်ဗျားခေါင်းပေါ်မှာ
ဖုံတွေကပ်နေကြောင်းပြောတဲ့သူကို ဝေဖန်ရေးသမားလို့ပဲ့ အရိုးသားဆုံးမြင်လိုက်ကြစို့ဗျာ... ဝေဖန်ရေးသမားတွေကို ငါ့အမှားတွေကို ထောက်ပြပေးတတ်တဲ့ ကျေးဇူးတင်စရာ လူကောင်းလို့မမြင်တတ်ရင်တောင်
အပြစ်တင်တတ်သူလူဆိုးကြီးလို့ မြင်နေတဲ့ စိတ်သဘောထားတွေရှိမယ်ဆိုရင်လည်း ဒီနေ့ကစပြီးဖျောက်လိုက်ပါတော့ဗျာ)
ဒီအဖြေက ခင်ဗျားအတွက် သိပ်အရေးမကြီးဘူး
အရေးကြီးတာက ခင်ဗျားခေါင်းပေါ်က ဖုံတွေရှင်းသွားဖို့သာအဓိကကျတာပါ
ခေါင်းပေါ်မှာ ဖုံတွေရှိကြောင်း အပြောခံလိုက်ရချိန်မှာ ခဏတာ စိတ်အနှောက်အယှက် ဖြစ်ကြရပေမယ့်
ခေါင်းပေါ်မှာ ဖုံမရှိတော့လို့ သန့်စင်သွားတဲ့အခါ လူပုံအလယ်မှာ ရင်ကော့ခေါင်းမော့ပြီး ယုံကြည်မှုရှိရှိ နေလို့ရသွားပါလိမ့်မယ်
(ဒီအကျိုးတရားကလည်းမနည်းပါဘူးဗျနော်)
ခေါင်းပေါ်ကဖုံက မြင်နိုင်တယ်
စိတ်ထဲကဖုံက မမြင်နိုင်ဘူး
စိတ်ထဲကဖုံကို ဘယ်အချိန်ဘယ်နေရာမှာ မြင်တွေ့နိုင်လဲ
ဆက်ဆံရေးလမ်းကြောင်းရှိမှ သိခွင့်ရတယ်
ဆက်ဆံရေးလမ်းကြောင်း မရှိတဲ့သူတွေရဲ့စိတ်ထဲကဖုံတွေကို မမြင်တွေ့နိုင်ဘူး
ဥပမာ- ဘယ်သူနဲ့မှ မဆက်ဆံ တစ်ယောက်တည်း တစ်စိတ်တည်း တစ်အာရုံတည်းရှိနေတဲ့သူတွေရဲ့ စိတ်ထဲကဖုံတွေကို မြင်တွေ့ဖို့မလွယ်ဘူး
မြင်တွေ့ဖို့မလွယ်တာကို မသိကြပဲ ဖုံမရှိဘူးလို့ ယုံကြည်ထင်မှတ်တာမျိုးတွေလည်းတွေ့နေရပါတယ် ထားလိုက်ပါဗျာ...
ဒီနေ့ပေးချင်တဲ့ သဘောထားလေးကို ဆက်ဖတ်လိုက်နော်
ဝေဖန်ရေးသမားတွေက ကိုယ့်ထမင်းကိုယ်စား သူများနှာခေါင်းရှုံ့ခံပြီး လောကအကျိုးအတွက် ကျောကိုတံတားခင်ပေးတတ်ကြတယ်။
ဝေဖန်သူရှိလျှင် ဝေဖန်ခံသူရှိမယ် ဝေဖန်သူက မှန်ကန်သူဖြစ်နိုင်သလို မှားယွင်းသူလည်းဖြစ်နိုင်တယ်
ဒီလိုပဲ ဝေဖန်ခံဟာလည်း မှန်ကန်သူဖြစ်နိုင်သလို မှားယွင်းသူဖြစ်နိုင်တယ်
အကြောင်းအရာနဲ့ စေတနာသာလျှင် အဓိကကျတယ်
ဝေဖန်သူနဲ့ ဝေဖန်ခံသူဟာ ရန်သူတွေမဟုတ်ကြဘူး
ဝေဖန်မခံပဲ ဒေါသဦးစီးသွားမှ တကယ့်ရန်သူတွေဖြစ်သွားကြရတာ
မြင့်မြတ်သူက လောကအကျိုးအတွက် ဝေဖန်တယ်
ထက်မြက်သူက လောကအကျိုးအတွက် ဝေဖန်ခံတယ်
ဒီလိုဆို လောကကြီး သာယာလှပလာလိမ့်မယ်
သင့်ခေါင်းပေါ်မှာ ဖုံတွေရှိနေတဲ့ကြောင်း
သူငယ်နှပ်စား ကလေးကုလားကပဲပြောပြော
ပုဆိုးမနိုင်တဲ့ အရက်သမားကပဲပြောပြော
ဒိဋ္ဌိအယူမှား ဘာသာခြားကပဲပြောပြော
တစ်နေ့လုပ်မှ တစ်နေ့စား ဆိုက္ကားသမားကပဲပြောပြော
လမ်းဘေးလျှောက်သွား သူတောင်းစားကပဲပြောပြော
ခန္ဓာနဲ့ ၀မ်းစာရှာရ ပြည့်တန်ဆာမကပဲပြောပြော ...
ဘယ်သူကပြောပြော သင့်ခေါင်းပေါ်က ဖုံတွေက
သူငယ်နှပ်စား ကလေးကုလား... လာတင်ထားတာမဟုတ်ဘူး
အရက်မား၊ ဘာသာခြား... လာတင်ထားတာမဟုတ်ဘူး
ဆိုက္ကားသမား၊ သူတောင်းစား... လာတင်ထားတာမဟုတ်ဘူး
ပြည့်တန်ဆာဘ၀ ထိုသူမ... လာတင်ထားတာမဟုတ်ဘူး
မဝေဖန်နဲ့လို့ ပြောတဲ့အခါ တိမ်ဖုံးသွားလိမ့်မယ်
ဝေဖန်မခံပဲ ရှောင်တိမ်းတဲ့အခါ နေ၀င်သွားလိမ့်မယ်
ကတောက်ကဆဖြစ်တဲ့အခါ လျှပ်စီးလက်လိမ့်မယ်
ဒေါသဦးစီးတဲ့အခါ မိုးကြိုးပစ်လိမ့်မယ်
တိမ်နဲ့နေ ညီမျှမှ ကြည်လင်လှတဲ့ အရသာကိုခံစားနိုင်ကြလိမ့်မယ်....
ခံစားနိုင်ကြပါစေ စာဖတ်သူ သူငယ်ချင်းများ...
မူဖုံကင်း၍ လင်းချင်းကြပါစေ...